တန့်ယန်းမြို့နယ်တွင် အသက်မပြည့်သေးသူ (၂)ဦး စစ်ထဲဝင်ရန် SSPP/SSA ခေါ်သွား

တန့်ယန်းမြို့နယ်တွင် အသက်မပြည့်သေးသူ (၂)ဦး စစ်ထဲဝင်ရန် SSPP/SSA ခေါ်သွား

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နားဝေါင်းကျေးရွာတွင် အသက်မပြည့်သေးသည့် လူငယ် ၂ ဦးကို စစ်ထဲဝင်ရန်အတွက် SSPP/SSA မှ ခေါ်ယူသွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် နားဝေါင်းကျေးရွာနေ ပါခမ်း(နာမည်လွဲ)၏ သားဖြစ်သူ အသက် ၁၆ နှစ်အရွယ်ရှိ စိုင်းယွမ်းနှင့် အသက် ၁၇ နှစ်ရှိသာ ရှိသည့် စိုင်းပန်တိ (မိဘနာမည်မသိရသေး)တို့ကို စစ်သား လုပ်ဆောင်ရန်အတွက် SSPP/SSA ယူနီဖောင်းဝတ်ထားသည့် စစ်သားများက စာတစ်စောင်နှင့် လာရောက် အကြောင်းကြားခဲ့ကြောင်း စိုင်းယွမ်း၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ကားနဲ့ နှစ်ယောက်လာတယ်၊ မိသားစုအလှည့်ကျလာလို့ သားတစ်ယောက်က တာဝန်ထမ်းဆောင်ရ မယ်ဆိုတဲ့ စာရွက်တစ်ရွက်လာပေးပြီး အဲ့နေ့က ချက်ချင်းကြီး လိုက်သွားရတယ်၊ စိုင်းယွမ်းက ပန်းရံသွားလုပ်တာ ပြန်မလာသေးဘူး၊ နောက်ရက်မှ သွားပို့ပေးလို့ မရဘူးလားဆိုတော့ မရဘူးတဲ့၊ အဲ့ကြောင့် လူလွှတ်ပြီး ခေါ်ခိုင်း ခဲ့ရတယ်” ဟု စိုင်းယွမ်း၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စိုင်းယွမ်းသည် ရောဂါသည် မိဘနှစ်ပါးနှင့် အသက် ၁၀ နှစ်အရွယ် ညီငယ်တစ်ယောက်ကို ပန်းရံနှင့် ကြုံရာကျပန်းအလုပ်များ လုပ်ဆောင်ကျွေးမွေးနေပြီး ၎င်းမရှိတော့သည့်အတွက် မိသားစုအနေဖြင့် ရှေ့ဆက် ရှင်သန် ရပ်တည်နိုင်ရန်လည်း မလွယ်ကူကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထို့အတူပင် စိုင်းပန်တိသည်လည်း အသက် ၅၀ ကျော် မုဆိုးမ မိခင်ကြီးကို လုပ်ကိုင်ကျွေးမွေးသူဖြစ်ကြောင်းလည်း နားဝေါင်းကျေးရွာအနီးနေထိုင်သည့် ကျောင်းဆရာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စိုင်းပန်တိက အသက် ၁၇ နှစ်လောက်ပဲ ရှိအုံးမယ်၊ သူ့မှာ မွေးချင်းမောင်နှမများပေမယ့် တခြားသူတွေက အိမ်ထောင်ပြုလို့ အိမ်ခွဲနေကြပြီလေ၊ အိမ်ထဲမှာ သူ့ညီမလေးတစ်ယောက်ရယ် သူရယ် မုဆိုးမ မိခင်ကြီးရယ် ပဲရှိတယ်၊ သူမရှိတော့ မိသားစု စားရေးသောက်ရေးလည်းခက်ခဲတာပေါ့၊ သူတို့သွားရတဲ့ညကဆို မိခင်ကြီးက အိပ်လို့တောင်မပျော်ဘူးတဲ့” ဟု ကျောင်းဆရာက ပြောသည်။

ယင်းကဲ့သို့ အသက်မပြည့်သေးသည့် လူငယ်များကို စစ်သားကောက်ယူခြင်းနှင့် ပတ်သက်ပြီး သျှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ကို ဆက်သွယ်မေးမြန်းရာ ဖြစ်စဥ်အသေးစိတ်ကို မသိရှိရသေးကြောင်းနှင့် ၎င်းတို့တွင် ကလေးစစ်သားကောက်သည့် ပေါ်လစီ မရှိကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့မှာ တပ်သားသစ် စုဆောင်းတဲ့ ပေါ်လစီရှိပေမယ့် အသက် ၁၈ နှစ် မပြည့်သေးတဲ့သူကို မခေါ်ပါဘူး၊ တကယ်လို့ခေါ်လာမိတယ်ဆိုရင်တောင် ပြန်ပို့ပေးပါတယ်၊ ကျောင်းဆက်တက်ချင်ရင်လည်း တက်နိုင်အောင် အားလုံးကူညီပံ့ပိုးပေးတယ်၊ အခု နားဝေါင်းကျေးရွာကကိစ္စက ကျနော်တို့ထံ အကြောင်းကြားလာတာ မရှိသေးဘူး” ဟု SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

ပြီးခဲ့သည့် လအတွင်း SSPP/SSA မှ အသက်မပြည့်သေးသည့် ကလေးငယ်များကို စစ်သားလုပ်ဆောင်ရန် ခေါ်ဆောင်သည့် သတင်းများထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး သွေးထိုးလှုံ့ဆော်သည့် သတင်းသာဖြစ် ကြောင်းလည်း ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

နိုင်ငံရေးမငြိမ်မသက်မှုနှင့် ရောဂါပျံ့နှံ့ကူးစက်နေမှုကြောင့် ပြည်သူများ စားဝတ်နေရေးခက်ခဲနေစဥ် လက်နက် ကိုင်တပ်ဖွဲ့များမှ ဒေသတွင်း တပ်သားသစ် အတင်းကောက်ယူစုဆောင်းမှုကြောင့် ပြည်သူများ နေထိုင်ရေး ပိုခက်ခဲနေကြောင်း သျှမ်းလူထုများက ဝေဖန်ပြောဆိုနေကြသည်။

လက်ရှိ SSPP/SSA တို့၏ ခေါ်ဆောင်သွားခြင်းကို ခံရသည့် နားဝေါင်းကျေးရွာမှ စိုင်းယွမ်းနှင့် စိုင်းပန်တိတို့သည် အသက်မပြည့်သေးသည့် လူငယ်များဖြစ်နေသည့်အပြင် မိသားစုကို ရှာဖွေကျွေးမွေးနေရသူများ ဖြစ်သဖြင့် ပြန်လွှတ်ပေးစေလိုကြောင်း မိသားစုဝင်များက တောင်းဆိုနေကြသည်။

ပုံစာ – SSPP ခေါ်သွားသည့် စိုင်းယွမ်း

စစ်ကောင်စီ သိမ်းပိုက်လိုက်သည့် ရွာငံ PDF စခန်း
November 26, 2024
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ၊ နွားဘန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...
November 22, 2024
သျှမ်းပြည်၊ မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး...
တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို လွှဲအပ်နေစဉ် (ဓာတ်ပုံ – WSTV)
November 21, 2024
သျှမ်းပြည်၊တန့်ယန်းမြို့နယ်တွင် အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ (၁၀၀၀) ကျော်ကို...