ဖမ်းဆီးခံထားရသော ဒေသခံ ၁၀၀ ကျော် ပြန်မလွတ်သေး

ဖမ်းဆီးခံထားရသော ဒေသခံ ၁၀၀ ကျော် ပြန်မလွတ်သေး
ဖယ်ခုံမှ စစ်ရှောင်များအား တွေ့ရစဉ်) ဓါတ်ပုံ - KRC
ဖယ်ခုံမှ စစ်ရှောင်များအား တွေ့ရစဉ်) ဓါတ်ပုံ - KRC

စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် ရှမ်း-ကရင်နီ အစပ် ဖယ်ခုံမြို့နယ်မှ ဒေသခံ နှစ်ရာကျော်အနက် အများစုမှာ နိုဝင်ဘာလ နောက်ဆုံးပတ်ထဲထိ ပြန်မလွှတ်လာသေးဟု နီးစပ်သူများက ပြောသည်။ ဖယ်ခုံမြို့နယ်ထဲမှ ပူချယ်ဒေသခံ နှစ်ရာကျော်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အား ရှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့ အားကစားရုံတွင် ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။ ပူချယ်ဒေသခံ နှစ်ရာကျော်ထဲက သုံးပုံတစ်ပုံခန့်မှာ ပိုက်ဆံပေးပြီး ပြန်လွတ်လာခဲ့သော်လည်း အများစုက နိုဝင်ဘာလ ၂၄ ရက်နေ့အထိ မလွတ်လာသေးဘူးဟု ကရင်နီ လူ့အခွင့်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဗညားက ပြော သည်။

“လွတ်တဲ့သူ အများစုကတော့ ပုံစံနှစ်ခုနဲ့ လွတ်တယ်ပေါ့နော်။ နည်းနည်းပါးပါး ပေးရင်တော့ လွတ်တာပေါ့ ဒါပေမယ့်လည်း အများစု လွတ်တဲ့နေရာမှာက ဒီအမျိုးသမီးနဲ့ သက်ကြီးပိုင်းပဲလွတ်တာပေါ့နော်။ တစ်ချို့က အသိကောင်း ငွေကြေးကောင်းတဲ့ သူတွေ လွတ်တာပဲ အဲလောက်ပဲ

သိရပါတယ်။”

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံများထဲ တစ်ဦးကို ကျပ်သုံးသောင်း နှုန်းဖြင့် တောင်းပြီး ဒေသခံ ၃ပုံတစ်ပုံခန့် ပြန်လွတ်ပေးခဲ့သည်။ ဆက်လက် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့် ပူချယ်ဒေသခံ လူဦးရေ မည်မျှခန့်ကျန်နေသေးသည်ကိုမူ ယနေ့ ( နိုဝင်ဘာလ ၂၆ ) ရက်နေ့ အချိန်ထိ အတိအကျ မသိရသေးပေ။

၎င်းဒေသခံများ ဖမ်းဆီးထိန်းသိမ်းခံရသည်မှာ ကြာလာသည်နှင့်အမျှ စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်း ခိုင်းခြင်းမျိုး လုပ်ဖို့ ဖြစ်နိုင်ချေများလာသည်ဟု ဦးဗညားက ဆက်ပြောသည်။

“တစ်ချို့ ကျန်တဲ့သူတွေက အတင်းအဓမ္မ တပ်သားစုဆောင်းတာတွေ ခံရနိုင်ချေ ရှိတာကတော့ အစကတည်းက ခန့်မှန်းထားတယ်ပေါ့နော်။ ဖြစ်နိုင်ချေလည်း အများကြီးရှိပါတယ်။ လူတစ်ချို့တောင်ယာမှာ အလုပ်လုပ်တဲ့ သူတွေ အသက်အပိုင်းခြား ကြည့်မယ်ဆိုရင် ၃၅ နဲ့ ၄၅ ဝန်းကျင် အဲလောက်များတယ်ပေါ့နော်၊ သေချာတာ တစ်ခုကတော့ တစ်နည်းမဟုတ် တစ်နည်း အတင်းအဓမ္မတပ်သားစုဆောင်းခြင်း မဟုတ်ရင်လည်း တစ်နည်း နည်းနဲ့ ခံရနိုင်ချေ ရှိတယ်ဆိုတာကတော့ ကြိုသိထားတာရှိပါတယ်။”

စစ်ကောင်စီတပ်က လွိုင်ကော်မြို့ပေါ်က ရပ်ကွက်အချို့ရှိ နေရပ်ပြန် စစ်ဘေးရှောင် အမျိုးသားများကိုလည်း စစ်မှုမထမ်းမနေရ ဥပဒေအရ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်ခြင်းမျိုးအပြင် ရပ်ရွာလုံခြုံရေးခေါင်းစဉ်နှင့် ပြည်သူ့စစ် ဖွဲ့စည်းခြင်းများ ပြုလုပ်ခဲ့သည့်အတွက် လက်ရှိ ဖမ်းဆီး ထိန်းသိမ်းခြင်းခံရဆဲ ပူချယ်ဒေသခံများကိုပါ စစ်မှုထမ်းခိုင်းမည့် အခြေအနေ ဖြစ်လာနိုင်သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ စောတာအယ်စိုးက ပြောသည်။

“စစ်ကောင်စီက ဖမ်းသွားတဲ့ ဒေသခံတွေကိုတော့ အတင်းအကြပ် စစ်မှုထမ်းခိုင်းတာမျိုးတော့ ဖြစ်နိုင်ပါတယ်။ ဒါကတော့ စစ်ကောင်စီက လွိုင်ကော်တို့ ဘာတို့မှာလည်း လုပ်တယ်ပေါ့နော်။ ဒါကစစ်မှုမထမ်းမနေရဆိုတဲ့ လူငယ်တွေကို စစ်ထဲ သွတ်သွင်းတာမျိုးရှိတယ်။ အနိမ့်ဆုံးအဆင့် ပြည်သူ့စစ်ဖွဲ့ပြီးတော့ ကျေးရွာမှာရှိတဲ့ ရပ်ရွာမှာရှိတဲ့ လူထုတွေကို စစ်မှုထမ်းခိုင်းတဲ့ပုံစံတွေရှိတယ်ပေါ့နော်။ ဆိုတော့ဒါက ဖြစ်နိုင်ချေရှိပါတယ်။”

လက်ရှိ ပင်လောင်းနှင့် ဖယ်ခုံဘက်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO/PNA တို့က ဖယ်ခုံမြို့ထဲ ဝင်ရောက်သွားပြီဟု ဆိုသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းမှာ မိုးဗြဲမြို့အခြေစိုက် ခမရ - ၄၂၂ တပ်ရင်းထဲ ရောက်နေပြီး ဖယ်ခုံ၊ မိုးဗြဲ နှင့် လွိုင်ကော် လမ်းတစ်လျှောက်ကိုလည်း စစ်ကြောင်းထိုးလာနိုင်သည် Karenni Hope အဖွဲ့ မြေပြင်တာဝန်ခံက ပြောသည်။

ထို့ကြောင့် ဖမ်းဆီးထိန်းသိမ်းထားရသည့် ပူချယ် ဒေသခံများကို လူသားဒိုင်းကာအဖြစ် ပြုလုပ်နိုင်ခြေနည်းပါးသွားသော်လည်း အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းများ လုပ်လာနိုင်သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့် နေသူများက ဆိုသည်။

Most read this week

January 23, 2025
စစ်ရေး ပဋိပက္ခများကြောင့် ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ဆုံးရှုံးမှုကို ၂၀၂၅...
January 21, 2025
မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး...
January 20, 2025
ရှမ်းပြည်တောင်ပိုင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အယောက် ၂ သောင်းကျော်အတွက် အရေးပေါ်...
January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...