တန့်ယန်းမြို့နယ် UWSA ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ ၈၀၀ နီးပါး တရုတ်ရဲလက်အပ်

တန့်ယန်းမြို့နယ် UWSA ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ ၈၀၀ နီးပါး တရုတ်ရဲလက်အပ်
တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို လွှဲအပ်နေစဉ် (ဓာတ်ပုံ – WSTV)
တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို လွှဲအပ်နေစဉ် (ဓာတ်ပုံ – WSTV)

သျှမ်းပြည်၊တန့်ယန်းမြို့နယ်တွင် အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ (၁၀၀၀) ကျော်ကို ‘ဝ’တပ်ဖွဲ့ UWSA က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ တရုတ်နိုင်ငံသား (၇၆၂) ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ ၁၉ ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသူ (၁၀၀၀) ကျော်အထဲမှ တရုတ်နိုင်ငံသား (၇၆၂) ဦးကို ပန်ဝိုင်မြို့နယ်ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း UWSA မှ သတင်းထုတ်ပြန်သည်။

“မှန်ပါတယ်၊ ကျနော်တို့ ‘ဝ’အဖွဲ့ လှုပ်ရှားတဲ့ တန့်ယန်းနယ်မှာ ကျားဖျန် ၁၀၀၀ ကျော် ဖမ်းမိတယ်။ (၇၆၂) ယောက်က တရုတ်ပြည်က လူပါ၊ မနေ့က ‘ဝ’ တရုတ်နယ်စပ်ခြားဂိတ်မှာ လွှဲပြောင်းပေးလိုက်ပါတယ်”ဟု ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။

UWSA ၏ ၎င်းဖမ်းဆီးမှုအတွင်း တရုတ်နိုင်ငံသား (၇၆၂) ဦးနှင့်အတူ Starlink စတားလင့်အင်တာနက် (၇၆) လုံး၊ မိုဘိုင်းလ်ဖုန်း (၁၅၀၀) ကျော်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းတို့ကို တရုတ်ရဲတပ်ဖွဲ့ထံသို့ တပါတည်း လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တန့်ယန်းမြို့နယ်အတွင်း UWSA ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ (၁၀၀၀) ကျော်ထဲမှ ကျန် (၃၀၀) ကျော်မှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရပြီး ၎င်းတို့ကို စစ်ဆေးမေးမြန်းပြီးပါက ပြန်လည်လွှတ်ပေးရန်ရှိကြောင်း ဦးညီရမ်းက ဆက်ပြောသည်။

 

စစ်ရေးနယ်မြေ မဟုတ်သည့် တန့်ယန်းမြို့နယ်သို့ စစ်ကောင်စီ၏ သဘောတူညီချက်ဖြင့် ဇူလိုင်လ ပထမပတ်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA ဝင်ရောက်တပ်စွဲပြီးနောက် ကျားဖြန့်လုပ်ကိုင်သူများကို ဖမ်းဆီးမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

“ကျားဖြန့်က အရင်က တန့်ယန်းမှာ မရှိဘူး၊ မနှစ်က လောက်ကိုင်မှာ တိုက်ပွဲဖြစ်လို့ ဒီဘက်ပြောင်းလာတာ။ သူတို့ ကျားဖြန့်ရုံဖွင့်တဲ့ အနီးအနားက လူငယ်တွေကို အလုပ်ပြန်ခေါ်ခန့်တာ ရှိတယ်။ တောထဲမှာ ‘ဝ’တွေက လောင်းကစား လုပ်ခွင့်ပေးထားတယ်၊ တော်ရုံလူတွေတောင် မဝင်နိုင်ဘူး”ဟု တန့်ယန်းမြို့နယ်မှ အသက် (၃၅) နှစ်ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အောက်တိုဘာလအတွင်းက တန့်ယန်းမြို့နယ်တွင် နောင်လိုင်ကျေးရွာအုပ်စု ပန်လောင်ကျေးရွာအနီးတဝိုက်နှင့် သံလွင်မြစ်တကြောရှိ ယခင် မန်ပန်ပြည်သူ့စစ်ပိုင် ရာဘာခြံများတွင် ကျားဖြန်လုပ်ကိုင်သည့် နေရာများကို UWSA ၏ တပ်မဟာ (၃၁၈) နှင့် (၇၁၃) တို့က လုံခြုံရေး တာဝန်ယူပေးထားကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့အပြင် စစ်ရေးပဋိပက္ခ ဖြစ်ပွားချိန် အလုပ်အကိုင်ရှားပါးမှုကို အခွင့်ကောင်းယူကာ ဒေသခံလူငယ်များကို တရုတ်ယွမ်ငွေ (၁) သောင်းကျော် (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သိန်း ၉၀ ခန့်) အထိ မက်လုံးပေး မြှူဆယ်ကာ အလုပ်ခေါ်ယူနေသကဲ့သို့ ထမင်းဟင်းချက်ပေးမည့်သူမှ စ၍ ခေါ်ယူခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်ကလည်း တန့်ယန်းမြို့နယ် မိုင်းကောင်၊ မိုင်းဟ ဒေသဘက်သို့ တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့က တရုတ်အလိုရှိနေသည့် ‘ဝ’တပ်ဖွဲ့ UWSA ၏ ဆောက်လုပ်ရေးဌာနမှ ပေါက်အိုက်ပန်း (Chen Yanban) နှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော့ (Sheng Yankui) တို့ကို မြေပြင်အထိ ကွင်းဆင်းပြီး ထပ်မံလာရောက် ရှာဖွေခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုထားသည်။

January 21, 2025
မြန်မာ-တရုတ် နယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် နယ်စပ်ဂိတ်များကို စစ်ကောင်စီနှင့်...
January 20, 2025
တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့တွင်ရှိ နယ်စပ်ဂိတ်တွင် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်...
ပုံအညွှန်း - ပင်လောင်းစစ်ရှောင်များပုံ
January 17, 2025
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ‌ရေရှားမှုပြဿနာ ကြုံတွေ့နေရပြီး စစ်ဘေးရှောင်များ...
January 16, 2025
‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသော ဟိုပန်မြို့နှင့် ကွမ်းလုံမြို့တို့ကို...