မိုးနဲတွင် စစ်မှုထမ်းဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု အမိန့်ထုတ်၊ ထွက်ပြေးပါက ထိထိရောက်ရောက် အရေးယူခံရမည်ဟု ခြိမ်းခြောက်

မိုးနဲတွင် စစ်မှုထမ်းဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု အမိန့်ထုတ်၊ ထွက်ပြေးပါက ထိထိရောက်ရောက် အရေးယူခံရမည်ဟု ခြိမ်းခြောက်

သျှမ်းပြည်၊ မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုမထမ်းဘဲ ထွက်ပြေးပါက ထိထိရောက်ရောက်အရေးယူခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးက ဒေသခံများကို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများသည် ၂ နှစ် မဖြစ်မနေစစ်မှုထမ်းရမည်ဟု နိုဝင်ဘာလ ၂၀ ရက် က ပြုလုပ်သည့် အစည်းအဝေးအတွင်း အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည်။

“အခုက လူငှားလည်း မယူရတော့ဘူး။ ကိုယ်တိုင် သွားရမယ်တဲ့။ လူစာရင်းတွေက ထွေအုပ်မှာ အကုန်ရှိပြီးသားမို့ ဘယ်သူကံကောင်းမလဲတော့ မသိတော့ဘူးဗျာ။ ထွက်ပြေးရင်လည်း ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောထားတယ်။ ညဘက်အပြင်ထွက်လို့ ဖမ်းသွားရင်လည်း တာဝန်မယူဘူးလို့ ပြတ်ပြတ်သားသားပြောထားတယ်” ဟု မိုးနဲမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုးနဲမြို့တွင် ရပ်ကွက် ၅ ခုရှိသည့်အနက် ၁ ရပ်ကွက်လျှင် ၁ ယောက် ခေါ်ယူသွားမည်ဖြစ်ကြောင်း၊  ပျှမ်းမျှ ၁ လလျှင် ၅ ယောက် ခေါ်ယူမည်ဖြစ်သော်လည်း အိမ်ခြေများသည့် ရပ်ကွက်ကိုမှု လူဦးရေတိုးကောက်သွားမည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စစ်မှုထမ်းသူများကို ဒေသခံများက ထောက်ပံ့ကြေးပေးရမည်ဟု ဆိုသည်။

“ရပ်ကွက်ကြီးရင် လူဦးရေများရင် များသလို ကောက်သွားမယ်လို့ကြားတယ်။ ဥယျာဉ်ရပ်ကွက်က အိမ်ခြေ ၅၀၀ ကျော်ရှိတယ်။ ၅ ယောက်ကောက်မယ်လို့တော့ကြားတယ်။ အိမ်ခြေနည်းတဲ့ ရပ်ကွက်ကိုတော့ ၁ ယောက်” ဟု ထိုအမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ပြီး မဖြစ်မနေ စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးနောက် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများသည် စစ်သင်ပေးပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရသကဲ့သို့ စစ်မှုမထမ်းလိုဘဲ ပြည်ပနိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်နေရသူများလည်း ရှိသည်။

မိုးနဲမြို့သည် သျှမ်းပြည်ပြန်လည်ထူထောင်းရေးကောင်စီ RCSS ၏ လှုပ်ရှားသော နယ်မြေတစ်ခုဖြစ်သဖြင့် စစ်ကောင်စီ၏ မဖြစ်မနေ စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့်ရရန် ကူညီပေးစေလိုကြောင်း RCSS ကို ပြည်သူများက တောင်းဆိုသည်။

“မိုးနဲမှာ စပါးရေမြုပ်တာကတစ်ဖက် ကုန်ဈေးနှုန်းမြင်တာက တစ်ဖက်နဲ့ အခုကစစ်မှုထမ်း ကိစ္စကတစ်ဖက် ပြည်သူတွေ ဒုက္ခရောက်နေတာ။ ဖြစ်နိုင်ရင် စစ်မှုထမ်းက ကင်းလွတ်ခွင့်ရချင်တယ်။ RCSS အနေနဲ့ ဘယ်လို ကူညီနိုင်မလဲသိချင်ပါတယ်။ ပြီးတော့ RCSS မှာ စစ်မှုထမ်းထားတဲ့သူတွေရော ဘယ်လိုဖြေရှင်းမလဲ သိချင်တယ်” ဟု မိုးနဲမြို့ခံတစ်ဦးက ပြောသည်။

ထိုတောင်းဆိုချက်နှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ပြန်ကြားရေးထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လတ်တလောတွင် ပြန်လည်ဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်တွင်လည်း စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ (သို့မဟုတ်) ပြည်သူ့လုံခြုံရေးစနစ်ဟုအမည်ပေးပြီး ဖွဲ့စည်းလိုက်ပြီးနောက် လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေး တည်ဆောက်ရမည်ဟုအကြောင်းပြကာ စစ်မှုထမ်းခေါ်ယူခဲ့သည်။

ထို့အတူ အကြောင်းအမျိုးမျိုုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများကို အနည်းဆုံး ၃ နှစ် ထပ်မံစစ်မှုထမ်းရမည်ဟု ဧပြီလ ၁၂ ရက်နေ့ကလည်း ထုတ်ပြန်ထားသည်။

December 23, 2024
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း...
December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 20, 2024
သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က...
December 19, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက်...