မူဆယ်မြို့နယ် မုံးပေါ်ဒေသ KIA နှင့် MNDAA ဈေးအကောက်ခွန် အငြင်းပွားမှုဖြစ်

မူဆယ်မြို့နယ် မုံးပေါ်ဒေသ KIA နှင့် MNDAA ဈေးအကောက်ခွန် အငြင်းပွားမှုဖြစ်

သျှမ်းပြည် မူဆယ်မြို့နယ်ရှိ မုံးပေါ်ဒေသတွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကိုးကန့်တပ် MNDAA တို့အကြား ဈေးအတွင်း အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ (၂၁) ရက်တွင် မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ်ရှိ ဈေးအတွင်း၌ ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပွားခဲ့ကာ နောက်တစ်ရက်ဖြစ်သည့် ဇန်နဝါရီ (၂၂) ရက်တွင် ရွာသားများကို KIA တပ်ဖွဲ့မှ အစည်းအဝေးခေါ်ယူခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မုံးပေါ်မှာတော့ KIA နဲ့ MNDAA က ပြဿနာ ခဏခဏ ဖြစ်တယ်။ ဈေးနေ့ဆိုရင် သူတို့နှစ်ဖွဲ့ အခွန်လုကောက်တယ်။ အဲ့အခွန်ကိစ္စနဲ့ မနေ့က KIA က အစည်းအဝေး ခေါ်ပြောတယ်၊ အခွန်နဲ့ ဆန်တောင်းတာပေါ့။ အရင်က တစ်အိမ်ကို ဆန် (၁၂) ပြည်၊ ဆားတစ်ပိဿာနဲ့ ငွေ (၅၀၀၀) ပြောထားတာ” ဟု မုံးပေါ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

မုံးပေါ်တိုက်နယ်တွင် KIA တပ်ဖွဲ့မှ အခွန်ကောက်ခံရာ MNDAA နှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ စုံစမ်းမေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ကိုးကန့်တပ်ဖွဲ့ MNDAA မှ “၁၀၂၇ စစ်ဆင်ရေး” အတွင်း သိမ်းပိုက်ရရှိခဲ့သည့် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မုံးကိုးမြို့နှင့် ဖောင်းဆိုင်ဒေသ၊ မုံးပေါ်ဒေသတို့ကို စုစည်းပြီး မုံးကိုးခရိုင်အဖြစ် ဖွဲ့စည်းကာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် ၎င်းဒေသများတွင် ယခင်ကတည်းက အခြေစိုက်လှုပ်ရှားနေသည့် KIA တပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးယန္တရား ထူထောင်ရန် ဆောင်ရွက်နေသည့် MNDAA တပ်မဟာ-(၅၁၁) အကြား အခွန်ကောက်ခံမှုနှင့် နယ်မြေအငြင်းပွားမှု မကြာခဏဖြစ်ပွားပြီး စစ်ရေးတင်းမာမှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

“မုံးကိုး၊ မုံးပေါ်ဘက်ကတော့ လက်ရှိ ကိုးကန့်တပ်တွေ အုပ်ချုပ်နေတာ။ ကိုးကန့်တပ်ရဲ့ ဖွဲ့စည်းပုံမှာတော့ မုံးပေါ်ကို မုံးကိုးခရိုင်ထဲမှာ ထည့်ထားတာ။ အဲ့ဘက်မှာ လက်ရှိ ကိုးကန့်အုပ်ချုပ်တယ်ဆိုပေမယ့် လမ်းမှာ၊ ရွာအဝင်မှာ KIA ဂိတ်တွေလည်း ရှိတယ် သူတို့လဲ နောက်မဆုတ်ဘူး။ မုံးပေါ်မှာ KIA အခွန်ကောက်တော့ ပြဿနာဖြစ်တာပဲ” ဟု ၎င်းမုံးပေါ်ဒေသခံ အမျိုးသားက ဆက်ပြောသည်။

အလားတူ မုံးပေါ်ကျေးရွာအုပ်စု ဝိန်းဆိုင်ကျေးရွာရှိ ဆန်စက်နေရာဟောင်းကို MNDAA မှ တိုက်နယ်ရုံးအဖြစ် တပ်စခန်းချရန် ရောက်ရှိလာခြင်းကြောင့် ရွာသားများက ဇန်နဝါရီ (၂၀) ရက်နေ့တွင် သွားရောက်ကန့်ကွက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဝိန်းဆိုင်ရွာဘက်လည်း အရင် MDA ခေတ်က ဆန်စက်နေရာဟောင်းမှာ MNDAA ရုံးလာဖွင့်ဖို့လုပ်တာ ဟုတ်တယ်။ ပိုင်ရှင်လည်း မရှိတော့ဘူး အဲ့နေရာ၊ ဆန်စက်လည်း မကျန်ဘူး။ အဲ့နေရာက အများပိုင်လိုဖြစ်တာ ကြာပြီ” ဟု မုံးပေါ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဝိန်းဆိုင်ရွာဒေသခံများ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရသည့် ဆန်စက်နေရာဟောင်းသည် ယခင်က ကိုးကန့်တပ်ဖွဲ့မှ ခွဲထွက်လာသည့် မုန်ဆာလ ဦးဆောင်သော မုန်းကိုးကာကွယ်ရေးတပ်ဖွဲ့ MDA ကြီးစိုးစဉ်ကတည်းက ရှိခဲ့ပြီး လက်ရှိတွင် ယာဉ်ရပ်နားရာနေရာနှင့် ကလေးကစားကွင်းများ ရှိနေခြင်းကြောင့် ခွင့်မပြုနိုင်ကြောင်း ဒေသခံများက ဆိုသည်။

မုံးပေါ်ဒေသသည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ပန်ဆိုင်း (ကြူကုတ်) မြို့တို့နှင့် မိုင် (၂၀) ဝန်းကျင်သာ ကွာဝေးသည်။

January 23, 2025
အမျိုးသားညီညွတ်ရေး အစိုးရ NUG မှ စုဆောင်းထားသည့် အသက်မပြည့်သေးသော ကလေးစစ်သားများဟု ရေးသား၍...
January 21, 2025
မြန်မာ-တရုတ် နယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် နယ်စပ်ဂိတ်များကို စစ်ကောင်စီနှင့်...
January 20, 2025
တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့တွင်ရှိ နယ်စပ်ဂိတ်တွင် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်...
ပုံအညွှန်း - ပင်လောင်းစစ်ရှောင်များပုံ
January 17, 2025
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ‌ရေရှားမှုပြဿနာ ကြုံတွေ့နေရပြီး စစ်ဘေးရှောင်များ...