ချင်းတော်လှန်ရေးအင်အားစု ၂ ခုကို NUG အစိုးရက တော်လှန်ရန်ပုံငွေ ခွဲဝေပေးမည်

ချင်းတော်လှန်ရေးအင်အားစု ၂ ခုကို NUG အစိုးရက တော်လှန်ရန်ပုံငွေ ခွဲဝေပေးမည်

NUG က ချင်းလဲန်းကောင်စီ (Chinland Council) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ကို ဇန်နဝါရီလ ၁၈ ရက်က အွန်လိုင်းမှ တွေ့ဆုံခဲ့စဉ်။

ချင်းပြည်နယ်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသော  ချင်းလဲန်းကောင်စီ (Chinland Council) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG က တော်လှန်ရေးရန်ပုံငွေ ပထမဆုံးအကြိမ် ခွဲဝေပေးမည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ရရှိထားသည့် တော်လှန်ရေးရန်ပုံငွေများ မျှဝေခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၈ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည်။

“မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ရန်ပုံငွေ မျှဝေပေးတဲ့ အစီအစဉ်လေးပေါ့နော်။ ကျနော်တို့အနေနဲ့ ဒီလို ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေကို မျှဝေသုံးစွဲနိုင်တဲ့အတွက်လည်း ဝမ်းမြှောက်ဝမ်းသာ ဖြစ်ရပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့လည်း ဒီတော်လှန်ရေးကာလမှာ မဟာမိတ်တွေနဲ့ အတူတကွ တိုက်ပွဲဝင်နေတဲ့အချိန်မှာ ကျနော်တို့မှာလည်း ငွေကြေးအခက်အခဲတွေ ကြားထဲကနေပြီး တတ်နိုင်သလောက် မျှဝေသုံးစွဲတဲ့ အစီအစဉ်လေးဖြစ်ပါတယ်” ဟု NUG အစိုးရ၊သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။

ပြည်သူထံမှ ရရှိသည့် တော်လှန်ရန်ပုံငွေကို NUG အစိုးရအနေဖြင့် မဟာမိတ်များနှင့် မျှဝေသုံးစွဲသော ပေါ်လစီရှိပြီး ချင်းတော်လှန်ရေးအဖွဲ့အစည်း ၂ ခုကို တွေ့ဆုံကာ ရန်ပုံငွေ မျှဝေခြင်းအခမ်းအနားကို ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

ချင်းတော်လှန်ရေးအင်အားစုများထံ ပေးအပ်သည် ရန်ပုံငွေပမာဏကို ပြောခွင့်မရှိသေး၍ မဖြေကြားနိုင်ကြောင်း ဦးကျော်ဇောက ပြောသည်။

သို့သော်လည်း ချင်းညီနောင်အဖွဲ့ဝင် PDF Zoland တာဝန်ရှိသူကတော့ NUG အစိုးရက ချင်းအင်အားစု ၂ ခုကို ဒေါ်လာတသိန်းစီ ရန်ပုံငွေပေးမည်ဟု ချင်းမီဒီယာတခုမှာ ဖြေဆိုထားသည်။

ချင်းလဲန်းကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလ်က “ခွဲဝေပေးတယ်ဆိုတဲ့ဟာနဲ့ပဲ လက်ခံတာရှိတယ်။ အရေအတွက်ကိုတော့ မသိရဘူး။ ကျနော်တို့ လက်ထဲကိုလည်း မရောက်သေးဘူး။ သူတို့အနေနဲ့ ခွဲဝေပေးတယ်ဆိုတာကို ကျင်းပနိုင်ခဲ့ပါတယ်။ ဘယ်လောက်ပမာဏဆိုတာကို မသိရသေးလို့ ကျနော်တို့လက်ထဲ ရောက်မှပဲ ပြောလို့ရပါမယ်” ဟု ပြောသည်။

၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားရာတွင် NUG အစိုးရဖွဲ့စည်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေးအတွက် ချင်းအမျိုးသားတပ်ဦး CNF နှင့် သဘောတူညီချက် လက်မှတ်ရေးထားခဲ့ပြီး ရန်ပုံငွေ မျှဝေသုံးစွဲမှုရှိခဲ့သည်ဟု ဦးကျော်ဇောက ပြောသည်။

“အရင်တုန်းက မျှဝေ သုံးစွဲတာတွေ ရှိခဲ့ပါတယ်။ ပမာဏက အများကြီး မဟုတ်ပါဘူး။ အခုချိန်မှာ တော်လှန်ရေးကာလ ICNCC ဆိုရင်လည်း NUG နဲ့ ပူးပေါင်းလုပ်လာတဲ့ မဟာမိတ်အဖွဲ့ပေါနော်။ အခုချိန်မှာ ဒီ ၂ ဖွဲ့ လုံးကို မျှဝေသုံးစွဲတာက ဒီအစဉ်အစဉ်က ပထမဆုံးအကြိမ် ဖြစ်ပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။

ရန်ပုံငွေ မျှဝေခြင်းပွဲကို NUG အစိုးရက ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် NUG အစိုးရ တာဝန်ရှိသူများ၊ Chinland Council (CC) ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ တို့မှ ချင်းခေါင်းဆောင်များ တက်ရောက်ကြသည်။

ယင်းပွဲမှာ ချင်းတော်လှန်ရေးအဖွဲ့ ၂ ခုမှ ခေါင်းဆောင်များ အတူတကွ တက်ရောက်နိုင်ခြင်းကို အင်မတန် ဝမ်းသာမိပြီး ချင်းအမျိုးသား ပေါင်းစည်းညီညွတ်ရေးကို အထောက်အကူပြုမည်ဟု ယုံကြည်မျှော်လင့်ကြောင်း ဦးကျော်ဇောက ပြောသည်။

“အစဉ်အလာကောင်းတဲ့ ချင်းအမျိုးသားတွေရဲ့ စည်းလုံးညီညွတ်ရေးကို ကျနော်တို့တွေ မကြာခင် မြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့က ချင်းအမျိုးသားတွေ ပေါင်းစည်းညီညွတ်ရေးအဖြစ်နဲ့ ချင်းပြည်နယ် လွတ်မြောက်ဖို့ NUG အစိုးရအနေနဲ့ အမြဲထောက်ခံ ကူညီသွားမှာ ဖြစ်ပါတယ်” ဟု NUG အစိုးရ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

NUG အစိုးရတာဝန်ရှိသူများနှင့် ချင်းနှစ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များသည် ယင်းအခမ်းအနားတွင် ချင်းစည်းလုံးညီညွတ်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်များအကြား အတူတကွ နည်းလမ်းရှာ၍ ကြိုးပမ်းဆောင်ရွက်သွားမည်အကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်တွင် မြို့ ၄ မြို့သာ စစ်ကောင်စီက စခန်းချထားနိုင်ပြီး ကျန်နေရာအားလုံးကို ချင်းအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားသည်။

Most read this week

April 25, 2025
ယခုနှစ်အတွင်း ချင်းပြည်နယ် တပြည်နယ်လုံးကို စစ်ကောင်စီလက်အောက်က လွတ်မြောက်ပြီး ကိုယ့်ကြမ္မာကို...
April 24, 2025
မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်မှ စစ်ကောင်စီထံ လွှဲပြောင်းပို့ခံရသော မြန်မာနိုင်ငံသား...
April 23, 2025
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန် ပြင်ဆင်နေသည့်အတွက် တမူးမြို့သို့...
April 21, 2025
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် တွန်းဇန်မြို့ကို...