ကျားဖြန့်ပြဿနာဖြေရှင်းရန် သတင်းဖလှယ်ရေးကို ဦးစွာလုပ်ရမည်ဟု KNU ပြော

ကျားဖြန့်ပြဿနာဖြေရှင်းရန် သတင်းဖလှယ်ရေးကို ဦးစွာလုပ်ရမည်ဟု KNU ပြော

ငွေကြေးလိမ်လည်ဖြားယောင်းမှု (ကျားဖြန့်) ပြဿနာအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ဖြေရှင်းရန် အိမ်နီးချင်း ၅ နိုင်ငံ အစိုးရများအနေဖြင့် သတင်းအချက်အလက်ဖလှယ်ရေးကို ပထမဦးစွာ ပြုလုပ်ရမည်ဟု KNU - ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုတောနီးက ပြောသည်။

KNU အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ၏ မြန်မာနိုင်ငံရှိ ကြီးထွားလာနေသည့် ဆိုက်ဘာ ရာဇ၀တ်မှု အကျပ်အတည်းအပေါ် ဇန်နဝါရီ ၂၀ ရက်နေ့ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပဒိုတောနီးက ယခုလို ပြောသည်။

“အိမ်နီးနားချင်းနိုင်ငံတွေအနေနဲ့ ကျနော်တို့နဲ့ လက်ချင်းချိတ်ပြီး ပထမဦးဆုံး သတင်းဖလှယ်ရေးကို သေချာလုပ်သွားမယ်ဆိုရင် ပိုပြီးထိရောက်မှုရှိမယ်။ ကျနော်တို့က ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးကို ဦးတည်တယ်။ ဒေသဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်နေတာကို အတတ်နိုင်ဆုံး ကျနော်တို့ ကာကွယ်ပေးမယ်။ ကျနော်တို့ရဲ့လုပ်ငန်းတွေကိုတော့ အထောက်အကူပေးဖို့ လိုတယ်။ အထူးသဖြင့် ဒေသဆိုင်ရာ Stakeholder တွေနဲ့ လက်တွဲပြီးလုပ်သွားမယ်ဆိုရင် ဒီပြဿနာက မနှေးအမြန် ပျောက်ကွယ်မှာပဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် လာအိုနိုင်ငံများအနေဖြင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများကို အနည်းဆုံး လုံခြုံရေးအရ အထောက်အကူပေးနေသည့် စစ်ကောင်စီအပါအဝင် ၎င်းမဟာမိတ်အဖွဲ့များနှင့် အဆက်အဆံမပြုလုပ်ဘဲ မိမိတို့နှင့်လက်တွဲ၍ သတင်းဖလှယ်ရေး ကနဦးလုပ်ဆောင်မှသာ ကျားဖြန့်တိုက်ဖြတ်ရေး ထိရောက်မှုရှိမည်ဟု ပဒိုစောတောနီးက ဆိုသည်။

ထို့အပြင် KNU နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ - NUG, ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP, ချင်းအမျိုးသားတပ်ဦး - CNF, မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး - ABSDF, မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး - NMSP-AD, အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ - WLB နှင့် အခြား ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများမှ ယင်းလုပ်ရပ်များကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၎င်းတို့အနေဖြင့် မြန်မာစစ်တပ် ဆုတ်ခွာသွားသည့် နယ်မြေများအတွင်း ကျန်းမာရေး၊ ပညာရေးနှင့် အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်နိုင်ရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေများ ပေါ်ပေါ်လာရေး လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။

KNU အနေဖြင့်လည်း ဆက်စပ်နယ်မြေတွင် ဖြစ်ပေါ်လျက်ရှိသည့် ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မျှ အကျိုးအမြတ်အရ ပူးပေါင်းလုပ်ဆောင်နေခြင်းမရှိဟု ပြောဆိုထားသည်။

ထို့အပြင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည့် အုပ်ချုပ်ရေး ပြန်လည်‌ကောင်းမွန်စေရန် ကြိုးစားလျက်ရှိသည်ဟု KNU ပြောခွင့်ရက ဆိုသည်။

ပဒိုစောတောနီးက “ကျားဖြန့်ကို တော်တော်လေး ကြီးထွားစေတဲ့ တရားခံက စကစ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့မှာရှိပြီးသား မူဝါဒလည်းဖြစ်တဲ့ ဒါကို ဆန့်ကျင်တယ်။ ကျနော်တို့ ဘယ်အဖွဲ့အစည်းနဲ့မှ လက်ချင်းချိတ်ပြီး ဒီရဲ့အကျိုးအမြတ်ကို ယူတာလည်းမဟုတ်ဘူး။ စကစ ကိုယ်တိုင်က သူ့ရဲ့မိတ်ဖက်အဖွဲ့နဲ့ လက်တွဲပြီး လုပ်ချင်တိုင်းလုပ်နေတာကို တရားခံကိုမတိုက်ဘဲ ကိုင်းဖျားကိုင်းနားလျှောက်လုပ်နေတဲ့ကိစ္စက ဘာမှမထိရောက်ဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့ကြောင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ လူသားချင်းအမြတ်ထုတ် ခေါင်းပုံဖြတ်မှုများအား တိုက်ဖြတ်နိုင်ရေးအတွက် နိုင်ငံခြင်းဆက်ဆံရေးမှဖြစ်စေ၊ အာဆီယံဒေသတွင်းနှင့် ကုလသမဂ္ဂအေဂျင်စီများမှဖြစ်စေ လက်ရှိမြန်မာနိုင်ငံ၏ နယ်မြေအသီးသီးကို ထိန်းချုပ်ထားသည့် ဖက်ဒရယ်အင်အားစုများမှ နိုင်ငံတကာနှင့် ပူးပေါင်းရန် အဆင်သင့်ရှိကြောင်း ဖိတ်ခေါ်ထားသည်။

ယခု ဇန်နဝါရီလဆန်းပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် တရုတ်ရုပ်ရှင်သရုပ်ဆောင်တစ်ဦး လူကုန်ကူးခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ် - BGF နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် - DKBA လှုပ်ရှားနယ်မြေများရှိ ကျားဖြန့်လုပ်ငန်းများကို နိုင်ငံတကာသတင်းများတွင် ဖော်ပြမှုများလာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဇန်နဝါရီ ၁၄ ရက်နေ့တွင် မြဝတီဒေသအတွင်း လူလိမ်ခေါ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် အသက်မပြည့်သူများကို အလုပ်တာဝန်ပေးခြင်းများ ပြုလုပ်လျှင် အရေးယူမည်ဟု တရုတ်လုပ်ငန်းရှင်နှင့် သက်ဆိုင်ရာ လက်နက်ကိုင်ခေါင်းဆောင်အချို့ကို BGF က အရေးပေါ်အစည်းအဝေးခေါ်ယူ သတိပေးခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံက ကျားဖြန့်ကိစ္စဖြေရှင်းရန် ဇန်နဝါရီ ၁၇ ရက်နေ့တွင်ပြုလုပ်သည့် ၅ ကြိမ်မြောက် အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်လာသည့် မြန်မာကိုယ်စားလှယ်နှင့် သဘောတူညီခဲ့သည်ဟု ဘန်ကောက်ပိုစ့်သတင်းတွင် ဖော်ပြထားသည်။

Most read this week

January 22, 2025
မောင်ကျော်စွာ — အခုတလော ကျယ်ကျယ်လောင်လောင် ဖြစ်လာနေတဲ့ မြန်မာ - ထိုင်း နယ်စပ်၊ မြဝတီ -...
January 16, 2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည့်...
January 14, 2025
ရှမ်းပြည်နယ် တောင်ပိုင်းရှိ စစ်ရှောင်များအတွက် နိုင်ငံတကာမှ ပေးပို့သည့် လူသားချင်းဆိုင်ရာ...
January 14, 2025
နန်းဝေဖြိုးဇာ — “အဲဒီတုန်းက အသက် ၁၂ နှစ်ပဲရှိသေးတယ်။ မြေမြှုပ်မိုင်းနင်းမိတော့ ခြေထောက်တစ်ဖက်...