နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကြောင့် တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားနေချိန် စစ်ကောင်စီက ယာယီနေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီမယ်လို့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဝါဒဖြန့် သတင်းစာတွေကနေ ထုတ်ပြန်လာပါတယ်။
အဲဒီ ဝါဒဖြန့် သတင်းစာတွေထဲမှာတော့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ယာယီ နေရပ်စွန့်ခွာနေတဲ့ ပြည်သူတွေကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေကနေ လိုအပ်တဲ့ ထောက်ပံ့မှုတွေပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
အခုလို စစ်ဘေးရှောင်တွေကို ကူညီဖို့ လုပ်ဆောင်ရတာဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာကြောင့်ဖြစ်ပြီး လက်ရှိ တိုင်းနဲ့ပြည်နယ်အလိုက် စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးကတော့ လက်ရှိ စစ်ကောင်စီက စစ်ဘေးရှောင်တွေကို ကူညီမယ်ဆိုတာ ဟန်ရေးပြလောက်သာဖြစ်ပြီး စစ်ဘေးရှောင်တွေရဲ့ အချက်အလက်ကိုယူကာ ရွေးကောက်ပွဲအတွက် မဲစာရင်းအဖြစ် အသုံးချလာနိုင်တယ်လို့ ပြောပါတယ်။
“သူတို့အနေနဲ့ကတော့ ဟန်ရေးပြလောက်ပဲ ရှိမယ်ဗျ။ တကယ်တမ်းက ကျွန်တော်တို့ အညာဒေသတွေမှာ စစ်ကောင်စီ စစ်ကြောင်းဝင်လာရင် မီးရှို့တာနဲ့ လုတာဖျက်တာပဲရှိတာဗျ။ သူတို့အနေနဲ့ အခုလိုလုပ်တာက ဒီ မဲပေါ့နော်။ နာဂစ်တုန်းကလိုဆိုရင် ဒါ သေတဲ့သူတွေကို မဲလုပ်သွားသလို ဒီစစ်ရှောင်တွေမရှိတဲ့ဟာတွေ စာရင်းတွေကိုလည်း သူတို့အနေနဲ့ ဒါ မဲအဖြစ် အသုံးချရင် အသုံးချလိမ့်မယ်။ သူတို့အနေနဲ့ ဒီကူညီမှုကတော့ ကျွန်တော်တို့အနေနဲ့ ယုံကြည်မှုလည်းမရှိသလို ဒီကူညီမှုမှာက ပရဟိတစိတ် မပါဘူးဆိုတာတော့ သေချာတယ်ဗျ။ အကုန်လုံးက သူတို့ကြောင့် ဒုက္ခရောက်တာဖြစ်တဲ့အတွက် တကယ်တမ်းသာ သူတို့ကူညီမယ်ဆိုရင် မီးတောင်ရှို့စရာမလိုဘူးပေါ့ဗျာ” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ စစ်ဘေးရှောင်တွေကို စာရင်းကောက်ယူပြီး နိုင်ငံတကာဆီကနေ အကူအညီတောင်းခံတာတွေ လုပ်လာနိုင်တဲ့အပြင် စစ်ဘေးရှောင်တွေကို လူသားဒိုင်းအသုံးပြုတာ၊ စစ်ဘေးရှောင်တွေရဲ့ နေရာတွေကို မှတ်သားပြီး တစ်ခုခုလုပ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ဘေးရှောင်တစ်ဦးကလည်း စစ်ကောင်စီက အခုလိုကူညီမယ်လို့ ပြောပေမယ့် နယ်တွေမှာ လူမျိုးတုန်းသတ်ဖြတ်တာ၊ နေအိမ်မီးရှို့တာတွေအပြင် လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်နေတာဟာ စစ်ကောင်စီဖြစ်တယ်လို့ ပြောပါတယ်။
“မြေလှန်ဖျက်ဆီးတာတွေ၊ လူမျိုးတုံးသတ်ဖြတ်တာတွေ၊ နေအိမ်မီးရှို့ပြီးတော့ ဖျက်ဆီးတာမျိုးတွေက ကျွန်မတို့ နယ်ဘက်မှာလည်း ကြုံရတယ်ပေါ့လေ။ တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ သူတို့ရဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေ ပျက်သွားပြီပေါ့နော်။ မထိုးနိုင်တော့ဘူးပေါ့လေ။ သူတို့ရဲ့ အင်အားပြုန်တီးမှုတွေအရရော၊ တော်လှန်ရေးဘက်က မြေပြင်စိုးမိုးမှုအရရော၊ မြေပြင်စစ်ကြောင်း မထိုးနိုင်တဲ့အခါမှာ သူတို့ရဲ့ အဓိကလက်နက်က လေကြောင်းဖြစ်လာတာပေါ့။ ဒီ အရပ်သားပစ်မှတ်တွေကိုလည်း သူပစ်လာတာရှိတာပေါ့။ ကျွန်မတို့ နယ်ဘက်မှာဆိုရင်လည်း ပြီးခဲ့တဲ့လပိုင်းထဲက အရပ်သားနေအိမ်တွေပေါ် ကျတယ်၊ လေကြောင်းဗုံးကြဲတိုက်ခိုက်တယ်။ အရပ်သားတွေ သေကြေပျက်စီးတယ်။ သူရဲ့ စစ်ကောင်စီကတော့ ရပ်တန့်သွားမှာ မဟုတ်ဘူးပေါ့ ”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ဝင်ရောက်လာပါက ဒေသခံတွေအနေနဲ့ ရှောင်ရှားကြရတဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ မြေပြင်အချက်အလက်အမှန်ကို ရရှိမှာမဟုတ်တဲ့အပြင် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အခုလို ကူညီမယ်ဆိုတာ ယုံကြည်မှုမရှိဘူးလို့ သူက ဆက်ပြောပါတယ်။
တစ်ဖက်မှာ စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၊ ပုဒ်မခွဲ (ခ) မှာ သဘာဝဘေးအန္တရာယ်ဆိုတာ အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်သောင်းကျန်းမှု ဖြစ်ပွားမှုတွေဟာ သဘာဝဘေးအန္တရာယ်မှာ ပါဝင်တာကြောင့် အခုလို ထောက်ပံ့ဖို့ စီစဉ်ရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်ရှိ စစ်ဘေးရှောင်တွေကိုကူညီဖို့ တိုင်းနဲ့ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းလို ယာယီခိုလှုံရာစခန်းတွေက စစ်ဘေးရှောင်တွေအပြင် ဆွေမျိုးသားချင်းရှိရာ ရပ်ကွက်၊ ကျေးရွာတွေ၊ ဝန်ထမ်းအိမ်ရာမှာ နေထိုင်သူတွေ၊ မိမိအစီအစဉ်နဲ့ နေအိမ်ခန်း ငှားရမ်းနေထိုင်သူတွေနဲ့ တခြားနည်းနဲ့ နေထိုင်သူတွေကို စာရင်းကောက်ယူနေတယ်လို့ ဆိုပါတယ်။
အခုလို စစ်ဘေးရှောင်တွေကို ကူညီပေးနိုင်ဖို့ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေအနေနဲ့ စာရင်းကောက်ယူကြဖို့ ညွှန်ကြားထားသလို စစ်ဘေးရှောင် အကျုံးဝင်သူအားလုံးကလည်း စာရင်းကောက်ယူတဲ့နေရာမှာ ပူးပေါင်းပေးကြဖို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP - Myanmar ကတော့ မြန်မာနိုင်ငံတဝန်းလုံးမှာ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်ဟာ လူဦးရေ ၆ ဒဿမ ၆ သန်းအထိ ရှိလာပြီဖြစ်တယ်လို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီထဲမှာတော့ စစ်ကိုင်းတိုင်းဟာ စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၂ ဒဿမ ၈ သန်းကျော်နဲ့ အများဆုံးဖြစ်ပြီး ကရင်ပြည်နယ်က စစ်ဘေးရှောင် ၈ သိန်းကျော်နဲ့ ဒုတိယအများဆုံးဖြစ်ကာ ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ၆ သိန်းကျော်နဲ့ တတိယအများဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။