စစ်မှုထမ်းဥပဒေသည် စစ်မှုထမ်းအရေးဆောင်ရွက်နေသူတို့အတွက် ငွေဝင်ပေါက်တစ်ခုဖြစ်နေဟုဆို

စစ်မှုထမ်းဥပဒေသည် စစ်မှုထမ်းအရေးဆောင်ရွက်နေသူတို့အတွက် ငွေဝင်ပေါက်တစ်ခုဖြစ်နေဟုဆို

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ပြန်သွင်းလာသည့်နောက်  မွန်ပြည်နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် စစ်မှုထမ်းအရေးဆောင်ရွက်သူတို့အတွက် ငွေဝင်ပေါက်တစ်ခုတိုးသလိုဖြစ်နေကြောင်း မွန်ဒေသခံတို့က ဆိုသည်။

စစ်မှုထမ်းဆောင်မည့်သူနှင့် ၎င်းတို့၏ မိသားစုဝင်ကိုထောက်ပံ့ရန်ဟုဆိုကာ ချောင်းဆုံ၊ မုဒုံနှင့် ရေးဒေသခံတို့ထံ ကျပ်ငွေတစ်သောင်း မှ လေးသောင်းအထိ တစ်လတစ်ကြိမ် သို့မဟုတ် သင်တန်းတစ်ပတ်စဉ်လျှင်တစ်ကြိမ် ကောက်ခံနေကြောင်း သိရသည်။

ထိုမှတစ်ဆင့်ရရှိထားသည့်ငွေကြေးကို စစ်မှုထမ်းသင်တန်းတက်ရောက်သူတို့ထံ ပမာဏမည်မျှနှင့် မည်သို့ပေးချေနေသည်ကို စစ်မှုထမ်းအရေးဆောင်ရွက်သူနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးတို့မှလွဲ၍ သိခွင့်မရနေကြောင်း ဒေသခံတို့က ဆိုသည်။ထို့ကြောင့် စစ်မှုထမ်းအရေးဆောင်ရွက်နေသူနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးတို့ကို ဒေသခံထံမှ တရားဝင်ငွေကောက်ခွင့်ပြုထားသလို ဖြစ်နေသည်ဟု ချောင်းဆုံဒေသခံတစ်ဦးက ဆိုသည်။

“ဒီစစ်မှုထမ်းဥပဒေကရလာတဲ့ ပိုက်ဆံတွေအပေါ်မှာလည်း သူတို့တို့ စိတ်ကြိုက်အသုံးချနေကြတယ်။ သေချာတာတစ်ခုက ဒီစစ်မှုထမ်းကသူတို့အတွက် ငွေဝင်ပေါက်တစ်ခုဖြစ်နေတာပေါ့။ ဒေသခံတွေကလည်း ပြောနေကြပြီး အပတ်စဉ်တိုင်းပိုက်ဆံကောက်နေတာ ”ဟု ဆိုသည်။ငွေကြေးကောက်ခံရာတွင် အုပ်စုလိုက် အိမ်တိုင်ရာရောက် ကောက်ခံသည့်အပြင် ရာအိမ်မှုးတို့မှတစ်ဆင့် ဖိအားပေးကောက်ခံနေခြင်းတို့ကြောင့် လက်လုပ်လက်စား မိသားစုတို့ အခက်အခဲရှိနေသော်လည်း မဆန့်ကျင်နိုင်ကြောင်း ဆက်ပြောသည်။

အလားတူ သံဖြူဇရပ်မြို့နယ်အတွက် သင်တန်းသားစုဆောင်းရေးလုပ်ငန်းစဉ်ကို   ဝဲကလိအခြေစိုက် တပ်မတော်တန်းမြင့်သင်တန်းမှ တာဝန်ရှိသူတို့ လုပ်ဆောင်ပေးနေပြီး အပတ်စဥ်အသစ်တိုင်း တစ်ရွာလျှင် ကျပ်ငွေသိန်း ၂၀ မှ သိန်း၄၀ အထိ အခကြေးငွေပေးသွင်းနေရကြောင်းလည်း သိရသည်။

“ဝဲကလိမှာ ဖွင့်ထားတဲ့ စစ်သင်တန်းကျောင်းကို ကျွန်တော့်ရွာကနေ အပတ်စဉ်တိုင်းကို သိန်း ၃၀ သွင်းပေးနေရတယ်။  အဲ့သိန်း ၃၀ ကို သူတို့ကိုပေးလိုက်ပြီးရင် သူတို့ဘာသာပဲသင်တန်းသားတွေရှာယူကြတယ်။ ကိုယ့်ဘက်ကပိုက်ဆံသွင်းပေးနေပေမဲ့လည်း သူတို့ဘက်က ရှာချင်မှရှာမယ်လေ။ ကျွန်တော်တို့ရွာက သိန်း၃၀ ရွာနည်းနည်းကြီးရင် သိန်း ၄၀။ တကယ်တမ်းကျတော့ သူတို့တမင်သက်သက် လုပ်စားကြတာပဲ ” ဟု ဆိုသည်။ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနယ်မြေစိုးမိုးနိုင်သည့် ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့ပေါ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် ရရာနည်းဖြင့်လူစုဆောင်းနေသည့်အပြင် ငွေကြေးကောက်ခံမှုတို့လည်းစတင်နေပြီးဖြစ်သည်ဟု သိရသည်။

မွန်ပြည်နယ်နည်းတူ မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်လည်း စစ်မှုထမ်းရမည့်သူတို့၏ မိသားစုဝင်များအား ထောက်ပံ့ရန်အကြောင်းပြချက်ဖြင့် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်နေသူများကို ငွေကြေးကောက်ခံလျှက်ရှိကြောင်းလည်း သိရသည်။

စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌဖြစ်သည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက စစ်မှုထမ်းကောက်ခံရာတွင် ငွေကြေးဆိုင်ရာ မသမာမှုမရှိစေရန် တာဝန်ရှိသူတို့အဆင့်ဆင့် စိစစ်ကြပ်မတ်ရန် လိုအပ်သည်ဟု နိုဝင်ဘာ ၇ ရက်နေ့က စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်း ပြောဆိုထားသည်။

Most read this week

December 19, 2024
တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်...
December 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ...
December 13, 2024
ထိုင်း - မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့အတွင်း အသက် ၁၀ နှစ်အောက်ကလေးပျောက်ဆုံးမှု ယနေ့အထိ...
December 12, 2024
မွန်ပြည်နယ်ထွက် မိုးစပါးများ ယခုနှစ်တွင် အရည်အသွေးကျဆင်းနေကြောင့် စပါးဝယ်ယူသူတို့ တင်းအစား...