ကန်ပိုင်တည်မြို့ကို တရုတ်ဖိအားကြားက KIA သိမ်းပိုက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေ

ကန်ပိုင်တည်မြို့ကို တရုတ်ဖိအားကြားက KIA သိမ်းပိုက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေ

မြန်မာ– တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန်ရှိရာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ် နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၅ နာရီခန့်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကနေ ကန်ပိုင်တည်မြို့ပေါ် ပစ်ခတ်မှုစတင်လာပြီး မွန်းလွှဲ ၂ နာရီဝန်းကျင် မြို့အတွင်း၊ မြို့ပြင် နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုပိုစိပ်လာပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

အဲဒီနောက် ညနေပိုင်း ၅ နာရီခန့်မှာ ကန်ပိုင်တည် စစ်တပ်ကုန်းနဲ့ ရဲစခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။

“ဒီညနေ ၅ နာရီလောက်မှာ အပြီးသတ် သိမ်းလိုက်ပြီ။ ကန်ပိုင်တည်မှာရှိနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက တရုတ်ပြည်ဘက်ခြမ်းကို နယ်မြေတံတိုင်းတွေ ကျော်ခွပြီး ထွက်ပြေးသွားကြကုန်ပြီ။ စစ်တပ်ကုန်းလည်း မီးရှို့ဖျက်ဆီးလိုက်ပြီ။ ရဲစခန်းမှာလည်း ကျနော်တို့အားလုံးနေရာယူလိုက်ပြီ။ ဟော်တယ်နေရာတွေမှာ ရှိနေတဲ့ စစ်သားတွေအားလုံးကိုလည်း ရှင်းလိုက်ပြီ။ အခုက လှိုင်ဂူ(တံတား)ဘက်မှာ နည်းနည်းလေးကျန်နေတယ်။ အဲလိုက်ဘက်မှာ လိုက်ရှင်းနေတယ်”လို့ပြောပါတယ်။

KIA ပူးပေါင်းတပ်က လက်ရှိ စစ်တပ်ကုန်းနဲ့ ရဲစခန်းနေရာတွေကို ရှင်းလင်းရေးလုပ်ဆောင်နေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ဆောက်လုပ်ထားတဲ့ လှိုင်ဂူတံတားဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လိုက်လံပစ်ခတ်ရှင်းလင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက တရုတ်ပြည်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေ ရှိနေပါတယ်။

ကန်ပိုင်တည်တိုက်ပွဲဟာ ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ငြိမ်သက်သွားပြီး စစ်တပ်ကုန်းတစ်ခုလုံး မီးလောင်းပျက်စီးနေတယ်လို့ ကန်ပိုင်တည် ဒေသခံ အမျိုးသားတစ်ဦးကလည်း KNG ကို အခုလိုပြောပါတယ်။

“သိမ်းလိုက်တာမှန်ပါတယ်။ စစ်တပ်ကုန်းမှာ မီးလောင်နေဆဲဖြစ်တယ်။ သေနတ်သံအနည်းငယ်ကြားနေရသေးတယ်။ ဆက်ရှင်းနေသေးတာလားတော့ မသိဘူး။ ညနေပိုင်း ၅ နာရီလောက်မှာ တိုက်ပွဲက ငြိမ်သွားတာဟုတ်တယ်”လို့ပြောပါတယ်။

နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်နေချိန် ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့လာရောက်ပစ်ခတ် တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ရန်အတွက် ကန်ပိုင်တည်မြို့နဲ့ ၁၅ မိနစ်ခန့်အကွာမှာရှိတဲ့  ဝေမောရွာမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး စစ်အင်အားထပ်မံတိုးချဲ့ပြီးနောက် ဒီမနက်ပိုင်း စတင်ထိုးစစ်ဆင်ကာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် ကန်ပိုင်တည်မြို့ပေါ်မှာ စစ်အင်အား ၈၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက နိုဝင်ဘာ ၂၀ ရက်နေ့ တစ်ရက်လုံး KIA တက်လာနိုင်တဲ့ လမ်းကြောင်း နေရာတွေကို လက်နက်ကြီး ပစ်ခတ်ခြောက်လှန့်တာတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ကန်ပိုင်တည်မြို့ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တတိယအကြီးဆုံး နယ်စပ်ဂိတ်ပေါက်ဝ မြို့တစ်ခုဖြစ်ပြီးတော့ ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကချင်အထူးဒေသ(၁) နယ်မြေထဲမှာရှိတဲ့ KIA သိမ်းပိုက်ဖို့ နောက်ဆုံးကျန်ရှိနေတဲ့ နယ်စပ်မြို့ကို ထပ်မံသိမ်းပိုက်လိုက်တာလည်း ဖြစ်ပါတယ်။

ကန်ပိုင်တည်မြို့တစ်ခုလုံး KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းအတွင်းကနေ KIA တပ်တွေဟာ ကချင်အထူးဒေသ(၁) နယ်မြေ တရုတ်နယ်စပ်တစ်ကြောက ချီဖွေ၊ ဆော့လော်၊ ပန်ဝါ မြို့နဲ့ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ရှိတဲ့ လုပီ၊ ၁၀၀၃ စင်ကြိုင် နဲ့ ၁၀၀၁ ဖီမော် နယ်ခြားစောင့်တပ်ရင်း ဌာနချုပ် အားလုံးကို တစ်လကျော်အတွင်းမှာပဲ အပြီးသတ်သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Most read this week

January 9, 2025
ဗန်းမော်ခရိုင် မံစီမြို့ရှိ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက...
January 7, 2025
မြစ်ကြီးနားမြို့ အထက်ဘက်၊ ဧရာဝတီ မြစ်ဆုံဒေသမှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA...
စစ်ကောင်စီဖမ်းဆီးထားတဲ့ စက်သုံးဆီသယ်ဆောင်တဲ့ မော်တော်ယာဉ်များ
January 7, 2025
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းအပါအဝင် ဒေသတစ်ချို့ကို တရားမဝင် စက်သုံးဆီတင်ပို့တယ်ဆိုတဲ့...
January 6, 2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ MPT ဖုန်းဆင်းကဒ် တစ်ကဒ်ကို ကျပ်သုံးသောင်းခွဲအထိ...