ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ပေါ်တွင် အသက်မပြည့်သည့်အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု သိရသည်။
အဓမ္မပြုကျင့်ခံရသူမှာ ပေါက်တောမြို့ ရပ်ကွက်(၁)မှ အသက်(၁၇)နှစ်အရွယ် အမျိုးသမီးငယ်ဖြစ်ပြီး အိမ်နီးချင်းဖြစ်သူ အသက်(၂၈)နှစ်အရွယ် ဦးထွန်းထွန်းဦးက ဒီဇင်ဘာလ ၂ ရက် နေ့လယ် ၂ နာရီခန့်တွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဓမ္မပြုကျင့်ခံရသူအမျိုးသမီးငယ်သည် ဦးထွန်းထွန်းဦး၏ ကုန်စုံဆိုင်တွင် အခင်းဖြစ်ပွားခဲ့သည့်နေ့လယ်က သရေစာသွားရောက်ဝယ်ယူရာ၌ ယခုကဲ့သို့ ပြုကျင့်ခံခဲ့ရခြင်းဖြစ်သည်ဟု အမျိုးသမီးငယ်၏အဖိုးဖြစ်သူက နိရဥ္စရာကိုပြောသည်။
“အိမ်က ခြံချင်းကပ် နံရံတစ်ချပ်ပဲခြားတော့ မောင်နှမလို ခင်ခင်မင်မင်နေကြတာပါ။ ဒီနေ့က အဒေါ်ဖြစ်သူနဲ့အတူသွားခဲ့တာပါ။ အဲဒီမှာ သူ့ရည်စားနဲ့ ဖုန်းပြောမလားဆိုပြီး ခေါ်ထားလိုက်တာဆိုတော့ ကျန်ခဲ့တယ်လို့ပြောတယ်။ အဲဒီမှာ သူ့ကုတင်ပေါ်အတင်းတင်ပြီး ပါးစပ်ကိုပိတ်ပြီး အဓမ္မပြုကျင့်တာပါ။ ဆေးရုံကအဖြေကလည်း အမှုမြောက်တယ်လို့ ဆေးရုံက ပြောတယ်” ဟုပြောသည်။
ကျူးလွန်ခံရသူအမျိုးသမီးငယ်တွင် ထိခိုက်ဒဏ်ရာရရှိမှု၊ ရိုက်နှက်ခံရမှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း သူမမှာ အခင်းဖြစ်ပွားပြီးချိန်တွင် ငိုယိုပြီးပြန်ရောက်လာခဲ့သဖြင့် ယနေ့ ညနေ ၄ နာရီခန့်တွင် အဒေါ်ဖြစ်သူအားမေးမြန်းခိုင်းမှ ပြောပြခဲ့ခြင်းဖြစ်ကြောင်း အဖိုးဖြစ်သူက ဆက်ပြောသည်။
“သူများတွေက စိတ်မကောင်းဖြစ်ပေးကြရုံပဲရှိတာပါ။ ကျွန်တော်ဘယ်လိုခံစားရနေရမလဲ စဉ်းစားလို့သာကြည့်ပါ။ တရားမျှတမှုရစေချင်တာပေါ့” ဟုပြောသည်။
ကျူးလွန်ခံရသူအမျိုးသမီးငယ်နှင့် မောင်နှမများမှာ မိဘမဲ့ဖြစ်ပြီး အဖိုးဖြစ်သူနှင့်အတူနေထိုင်ကြသူများဖြစ်သည်ဟုလည်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ်ဆရာဝန်ကြီး ဒေါက်တာကိုကိုအောင်အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် ၄င်း၏ မှတ်ချက်တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသေးပါ။
ဆက်လက်ပြီး ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး ဦးလူကြီးမောင်အား မေးမြန်းရာတွင် ဖြစ်စဉ်ကိုကြားသိရသော်လည်း အမှုလာရောက်တိုင်ကြားမှုမရှိသဖြင့် ၄င်းအနေဖြင့် တစ်စုံတစ်ရာ ဖြေကြားနိုင်ခြင်းမရှိကြောင်း ပြောသည်။
ပြစ်မှုကျူးလွန်ခဲ့သူမှာ ဖယောင်းတိုင်လုပ်ငန်းနှင့် ပေါက်တောစျေးကြီးတွင် စျေးဆိုင်ရောင်းသူဖြစ်ပြီး လက်ရှိတွင် ၄င်းအား စစ်ဆေးရန် ULA/ AA ကခေါ်သွားကြပြီဟုလည်း သိရသည်။
ပေါက်တောမြို့နယ်၊ စိုင်းတုတ်ကျေးရွာမှ (၇)နှစ်အရွယ် KG တန်းကျောင်းသူတစ်ဦးကိုလည်း ယင်းရွာမှ TA (တိုင်းရင်းသားဘာသာပြ)ကျောင်းဆရာတစ်ဦးက လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းက ကျောင်းဆင်းပြီးနောက် အချိန်ပိုကျူရှင်တက်ရောက်နေရာမှ အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ခဲ့သေးသည်။
ယင်းသို့ကြံစည်ခဲ့မှုကြောင့် ကြံစည်ခဲ့သူကို ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့သည်ဟုလည်း သိရသည်။