အမ်းက စစ်ကောင်စီ အမြောက်စခန်းတစ်ခုကို AA သိမ်းပိုက်

အမ်းက စစ်ကောင်စီ အမြောက်စခန်းတစ်ခုကို AA သိမ်းပိုက်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အမြောက်စခန်း တစ်ခုကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ကူလောင်တောင်ကုန်းပေါ်တွင် ယာယီအထိုင်ချထားသော အမြောက်စခန်းကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၂၉ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

"အဲဒီစခန်းက အမ်းမြို့ မြောက်ဘက်မှာရှိတာ။ မနေ့က နေ့လည်ပိုင်းမှာ အေအေက ထပ်သိမ်းလိုက်တယ်။ စခန်းကျသွားတော့ စစ်ကောင်စီက လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာရှိတယ်။ ပြီးတော့ မနေ့က ညဉ့်အချိန်မှာ စစ်တပ်က မြို့ပတ်လည်ကို ဗုံးကြဲတယ်။ မြို့မြောက်ဘက်ခြမ်းနေရာတွေကိုလည်း ဗုံးကြဲခဲ့တာ ရှိတယ်" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နပခ ကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က ထိုးစစ်အရှိန်အဟုန်မြှင့်တိုက်ခိုက်နေ၍ နေ့စဉ် တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။

ယမန်နေ့ အောက်တိုဘာ ၂၉ ရက်က အမ်းမြို့အဝင် စစ်တွေ - ရန်ကုန်ကားလမ်းမတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၃၇၄ တပ်ရင်း၊ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD)နှင့် (နပခ) အနီးရှိ ဒိုင်းကြီး၊ ဂျင်းကုန်း၊ ဆင်တိုးကျေးရွာအနီးတို့တွင် တိုက်ပွဲပြင်းထန်ခဲ့သည်။

" ၃၇၄ အမြောက်တပ်ရင်း၊ ၃၄၅ စစ်လက်နက်ပစ္စည်းတပ်ခွဲတွေကလည်း ရသလောက်နီးပါးလို့ ပြောလို့ ရပါတယ်။ အဲဒီဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတာရှိတယ်။ အဲဒါကြောင့် လူထိခိုက် သေဆုံးမှုကလည်း ရှိတယ်လို့ သိရတယ်" ဟု နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော်သည် အမ်းမြို့နယ်ကို မတ်လအတွင်းက စတင် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး အထိုင်ချဗျူဟာနှစ်ခုနှင့် တပ်စခန်းငယ်အချို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။ AA ထိုးစစ်ကြောင့် ခမရ (၃၇၃) တပ်ရင်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)နှင့် ဆေးတပ်တို့မှာ တပ်ဆုတ်ပြီး တိုင်းစစ်ဌာနချုပ်နှင့် ကျန်တပ်ရင်းများသို့ ပူးပေါင်းသွားခဲ့ပြီဖြစ်သည်။

" အမ်းတိုက်ပွဲမှာ အေအေက စစ်ရေးအရအားသာချက်များစွာ ရနေတယ်။ အမ်းမြို့တစ်ခုလုံးကို ပိတ်ဆို့ပြီး အရှိန်မြှင့်တိုက်ခိုက်နေတာကို တွေ့ရတယ်။ စစ်တပ်ဘက်ကတော့ မြေပြင်မှာ အထိနာနေပြီ။ လေကြောင်း တစ်ခုတည်းကိုပဲ အားကိုးနေရတဲ့ အနေအထားမှာရှိတယ်။ ဒါကြောင့် အမ်းဟာလည်း အေအေတိုက်ခိုက်မှု အပေါ်မှာ မူတည်ပြီး မကြာခင်ကျမယ့် အလားအလာရှိတယ်" ဟု ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက ရှုမြင်သည်။

လက်ရှိတိုက်ပွဲကာလအတွင်း အာရက္ခတပ်တော်က ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက် ထိန်းချုပ်ထားပြီဖြစ်ကာ ကျန်မြို့နယ်များကိုလည်း အလုံးစုံသိမ်းပိုက်နိုင်ရေး တစ်ဆင့်ချင်း ချီတက် တိုက်ခိုက်နေခြင်းဖြစ်သည်။

January 27, 2025
ဇန်နဝါရီ ၂၃ ရက်နေ့က စစ်ကောင်စီပြဌာန်းလိုက်သည့် စစ်မှုထမ်းနည်းဉပဒေမှာ မြန်မာနိုင်ငံတဝန်းလုံးရှိ...
January 24, 2025
စစ်ကောင်စီထိန်းချုပ်ထားဆဲ ရခိုင်ပြည်၏ မြို့တော် စစ်တွေတွင် အခြေခံအလုပ်သမားများမှာ...
တိုက်ပွဲအတွင်း ပိတ်မိနေသော သံတွဲဒေသခံများကို AA က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် ကယ်ထုတ်လာစဉ်။ (APM)
January 23, 2025
ရခိုင် - ဧရာဝတီ အစပ်တွင် တိုက်ပွဲပြင်းထန်လာမှုကြောင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊...
AA ထိန်းချုပ်ထားသည့် မောင်တော၊ ကညင်ချောင်းစီးပွားရေးဆိပ်ကမ်းကို အောက်တိုဘာလဆန်းပိုင်းက တွေ့ရစဉ်။
January 23, 2025
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ကုန်သွယ်နေသော နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်း...