မိုးမောက်အပါ နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေ

မိုးမောက်အပါ နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေ

ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ထိုးဖောက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ KIO ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံး KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်အင်အား ၄၀၀ ဝန်းကျင်လောက်တဲ့ စစ်ကောင်စီတပ်သားတွေက မိုးမောက်မရောက်မှီ ၆ မိုင်၊ ၇ မိုင် ၊  အောင်မြေကျေးရွာအနီးတဝိုက်မှာရှိနေပြီး KIA တပ်တွေနဲ့ စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့မှာ  ဗန်းမော်ဘက်က တင့်ကား ၄ စီးပါတဲ့စစ်ကြောင်းတစ်ခု ထပ်မံစစ်အင်အားတိုးချဲ့လားပြီးတော့ စစ်အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်လာတဲ့အတွက် ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

“မိုးမောက်ဘက်မှာ ဒီလ ၂၀ ရက်နေ့ကစပြီး တစ်ကျော့ပြန်တိုက်ပွဲပြန်ဖြစ်လာတယ်။ တစ်နေ့ကနဲ့ မနေ့အထိတော့ နည်းနည်းပြန်ငြိမ်သွားတယ်။ လုံးဝငြိမ်သွားတဲ့ ပုံစံမဟုတ်ဘူး။ တိုက်ပွဲက ဖြစ်နေတုန်း။ ဘာလို့လဲဆိုတော့ စစ်ကြောင်းတွေက ရှိနေသေးတဲ့အတွက် တိုက်ပွဲက ဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်”လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က တင့်ကား၊ ဒရုန်းလက်နက်ကြီးတွေနဲ့ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်လဝန်းကျင်အထိ KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ ၆ မိုင်နဲ့ ၇ မိုင်ကုန်းကျော်လွန်လာပြီး ၈ မိုင်နားအထိ စစ်ကောင်စီတပ်တွေ နီးကပ်လာတာရှိတယ်လို့လည်း သိရပါတယ်။

KIA တပ်တွေလည်း မိုးမောက်မြို့နယ်ဘက်ခြမ်းကို မကျော်တက်လာနိုင်အောင်  ခမရ ၄၃၇ တပ်ရင်းသိမ်းပြီးကတည်းက ၃ လခန့်အထိ စစ်ကောင်စီတပ်တွေကို ပိတ်ဆို့တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ဗန်းမော်နဲ့ မိုးမောက်ကြားမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေ တိုက်ပွဲဖြစ်ပွားနေသလို ဖားကန့်ဒေသ KIA တပ်မဟာ (၉) နေရာမှာလည်း စစ်ကောင်စီဘက်က ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။

“ဟုတ်တယ်ဗျ။ မနက်က လာပစ်တာ ၄ ကြိမ်ရှိပြီ ထိခိုက်မှုတော့မသိရသေးဘူး။ ဥရုချောင်းမှာလည်း ကျတာတွေရှိတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဆိုင်းတောင်မှာလည်း စစ်တပ်ရဲ့လေယာဉ်လာရောက်ပျံဝဲနေတယ်လို့ ဆိုင်းတောင်ဒေသခံတွေပြောပါတယ်။

အလားတူ တရုတ်နယ်စပ်နဲ့ ထိစပ်တဲ့ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ကချင်အထူးဒေသ(၁) ဖီမော်မြို့စောင့်တပ် အမှတ် ၁၀၀၁ တပ်ရင်းနေရာကိုလည်း KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့လည်းသိရပါတယ်။

ပြည်သူ့စစ်နဲ့ BGF တပ်တွေရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ဌာနချုပ် နေရာဖြစ်တဲ့ ဖီဖော် ၁၀၀၁ နေရာကို KIA ဘက်က ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထပ်မံသိမ်းပိုက်ထားနိုင်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အဆက်အသွယ်အခက်အခဲကြောင့် အတည်ပြုဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

KIA တပ်တွေဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလ အတွင်းမှာပဲ တရုတ်နယ်စစ်တစ်ကြောမှာရှိတဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့အပါ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲဲ့ လုပီ ၁၀၀၂၊ စင်ကြိုင် ၁၀၀၃ တပ်ရင်းနေရာတွေကို သိမ်းပိုက်ထားနိုင်ပြီး အမှတ် ၁၀၀၁ တပ်ရင်းတစ်ခုသာကျန်နေတာလည်း ဖြစ်ပါတယ်။

Most read this week

January 24, 2025
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မိုးမောက်မြို့သိမ်းတိုက်ပွဲမှာ KIA က သိမ်းပိုက်ရရှိခဲ့တဲ့...
January 22, 2025
ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီတပ်ရှိတဲ့ ခလရ ၄၇ တပ်ရင်းနဲ့ စစ်ဆင်ရေးနှင့်...
January 21, 2025
ရှမ်းမြောက် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ မုံးပေါ် ကျေးရွာအနီး၊ ဝိန်းဆိုင်ကျေးရွာ...
January 18, 2025
ပုံအညွှန်း - အင်းတော်ဒေသ ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့များ။ ကချင် -...