ပုံအညွှန်း - အင်းတော်ဒေသ ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့များ။
ကချင် - စစ်ကိုင်း နယ်စပ် အင်းတော်မြို့ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီစစ်သားတွေဟာ Non-CDM ဝန်ထမ်းတွေနဲ့ စစ်တပ်ထောက်ခံသူတွေကို လူသားဒိုင်းအဖြစ် အသုံးချပြီး အင်းတော်မြို့ လက်မလွတ်ရေး ခုခံနေတယ်လို့ သိရပါတယ်။
လက်ရှိ အင်းတော်မြို့တွင်း အထိုင်တပ်၊ ဒေသအခေါ် (ရိက္ခာကုန်း) တစ်ခုတည်းသာကျန်ရှိပြီး အဲဒီတပ်ဟာ Non-CDM ဝန်ထမ်းတွေ၊ စစ်တပ်ထောက်ခံသူတွေနဲ့ သက်ကြီးရွယ်အိုတွေကို လူသားဒိုင်းအဖြစ် အသုံးချပြီး ခုခံနေတယ်လို့ အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။
“သူတို့အားလုံးက အခု အင်းတော်မြို့မ ဘုန်းကြီးကျောင်းမှာပဲ ပိတ်မိနေတာဟုတ်တယ်။ အစကတုန်းက လူပေါင်း ၁၀၀၀ ကျော် ပိတ်မိသွားတာ။ အခု အများပိုင်းထွက်လာကြပြီး Non-CDM နဲ့ စစ်တပ်ထောက်ခံသူတွေလောက်ပဲ အများပိုင်းကျန်နေတာ။ သူတို့လည်း ထွက်ချင်နေတယ်။ ဒါပေမယ့် စစ်သားတွေက လုံးဝ မထွက်ခိုင်းဘူး။ သူတို့ကို ဘုန်းကြီးကျောင်းထဲမှာပဲ ထားတယ်။ ဘယ်မှ မထွက်ခိုင်းဘူး” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လ၊ အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခွင့် မရလိုက်ပဲ မြို့မဘုန်းကြီးကျောင်းထဲမှာ ပိတ်မိသွားခဲ့တဲ့ အရပ်သား ၁,၅၀၀ ခန့်ကနေ အများပိုင်းဟာ ထွက်ပြေးလွတ်မြောက်ခွင့် ရခဲ့ပေမယ့် လက်ရှိမှာတော့ Non-CDM ဝန်ထမ်း၊ စစ်တပ်ထောက်ခံသူတွေ၊ သက်ကြီးရွယ်အိုနဲ့ သာမာန်အရပ်သား စုစုပေါင်း ၁၅၀ ကျော် ကျန်ရှိနေသေးပြီး အများစုမှာ တပ်ထောက်ခံသူတွေနဲ့ Non-CDM လို့ သိရပါတယ်။
လက်ရှိ မြို့မဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေဟာ စားဝတ်နေရေး၊ ကျန်းမာရေး စတဲ့ ခက်ခဲမှုတွေကို ကြုံတွေ့နေရပြီး အချို့ သေဆုံးသူတွေလည်း ရှိနေတယ်လို့ အထက်မှာ ဖော်ပြခဲ့တဲ့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။
“ရိက္ခာပြတ်လပ်တာတို့ နောက်တစ်ခုက ကျန်းမာရေးစောင့်ရှောက်မှုမရှိဘူး။ တချို့ သက်ကြီးရွယ်အိုတွေဆိုရင် ဆေးဝါးကုသခွင့်မရလို့ သေတာတွေလည်း များတယ်တဲ့။ ပြီးတော့ တခါတလေ လက်နက်ကြီးထိလို့ ဆေးကုသခွင့်မရလိုက်ပဲ သေတာတွေလည်းရှိတယ်” လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့ကလည်း လက်နက်ကြီးထိမှန်လို့ ဘုန်ကြီးကျောင်းမှာ ပိတ်မိနေတဲ့ထဲက မကေဇင်ကျော်ဆိုတဲ့ အမျိုးသမီးဟာ ဆေးကုသခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ အင်းတော်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တဲ့ ၂၀၂၄ သြဂုတ်လကတည်းက မော်တိတ်ဒေသထဲက နန့်သာ၊ အောင်ကုန်း၊ အင်ပင် စတဲ့ကျေးရွာတွေနဲ့ ဘေးလွတ်ရာ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အင်းတော်မြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းကုန်းကို လေကြောင်းကနေ ရိက္ခာပို့တာ၊ ကင်းထောက်တာတွေ ပုံမှန်လုပ်ဆောင်နေပြီး အရပ်သားတွေကို လူသားဒိုင်းလုပ်ထားတာကြောင့် ထိုးစစ်ဆင်ဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။
“လက်ရှိ မြို့သိမ်းတိုက်ပွဲကတော့ မပြီးသေးဘူး။ နှစ်ဖက် စစ်ဆိုင်ထားတဲ့ အခြေအနေမှာရှိနေတယ်။ စစ်ကောင်စီတပ်ကလည်း နောက်ဆုံးကျန်တဲ့ စစ်တပ်ကုန်းကနေ ခုခံနေတယ်။ တော်လှန်ရေးအင်အားစုတွေကတော့ မြို့ပြင်နဲ့ မြို့ တွင်းနေရာအများပိုင်းကို ထိန်းချုပ်ထားပြီ“ လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိ အင်းတော်မြို့တွင်း အထိုင်တပ်စခန်းကုန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ပုံမှန်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
KIA ၊ ABSDF နဲ့ အင်းတော်မြို့နယ်ထဲက PDF တပ်ပေါင်းစုတွေဟာ အင်းတော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နဘားလမ်းဆုံအထိုင်တပ်၊ အင်းတော်မြို့ရစခန်း၊ ထွေအုပ်ရုံး၊ ဂျပန်လိုင်ဂူတပ်စခန်းနဲ့ မြို့ပြင်ကာကင်း စခန်းအများအပြား သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိ မြို့တွင်းအထိုင်တပ်တစ်ခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။