စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ပင်လည်ဘူးမြို့နယ်က ထွက်ရှိတဲ့ စိုက်ပျိုးသီးနှံတွေကို တင်ပို့ရောင်းချမှု ကန့်သတ်ထားတာကြောင့် တောင်သူတွေ အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။
“သေချာတာကတော့ တောင်သူတွေ ဆီစျေးနဲ့ အရင်းတောင်မရဘူး၊ စပါးကိုလည်း နယ် (ပင်လည်ဘူး) ပြင်ပ ပို့လို့မရဘူး၊ နယ်အတွင်းမှာတောင် အခွန်ဂိတ်တွေက မနည်းပဲ၊ ကောလင်းကိုတော့ ပို့လို့ရတယ်၊ ဟုမ္မလင်းဘက် မရဘူး” လို့ ပင်လည်ဘူးမြို့ရှိ ဆန်ကုန်သည်တစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
ပင်လည်ဘူးမြို့ထွက် သီးနှံတွေကို ဟုမ္မလင်းမြို့နယ်သို့ အဓိက တင်ပို့ရောင်းချခဲ့ရာကနေ အခုနောက်ပိုင်းမှာ တင်ပို့ရောင်းချမှုတွေကို ကန့်သတ်ပိတ်ပင်လိုက်တာလို့ သူက ဆက်ပြောပါတယ်။
အခုလို ဒေသထွက် စပါးတွေအပြင် တခြားသီးနှံတွေကို သယ်ယူခွင့်မရတဲ့ အကြောင်းအရင်းကိုတော့ NUG ရဲ့ ပကဖ၊ ပအဖ တွေက တိတိကျကျ ပြောဆိုခြင်းမရှိကြောင်း သိရပါတယ်။
ကန့်သတ်ချက်တွေကြောင့် ပင်လည်ဘူးမြို့ထွက် ချင်းသုံး (ဆင်းဧကရီ - ၃) ဆန်တစ်အိတ် ကျပ်လေးသောင်းဝန်းကျင် စျေးရပေမယ့် ကုန်သွယ်မြို့ဖြစ်တဲ့ ဟုမ္မလင်းမြို့မှာ တစ်အိတ် ရှစ်သောင်းကနေ တစ်သိန်းကျပ်ဝန်းကျင်ရှိနေတာလည်းဖြစ်ပါတယ်။
“ဒီစိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ ပလဘ (ပင်လည်ဘူး) မြို့နယ်က တင်ပို့ရောင်းချတာတွေကို ကန့်သတ်တာတွေကြောင့် တောင်သူနဲ့ မွေးမြူရေးသမားတွေက စျေးကောင်းမရဘူး၊ ကန့်သတ်ချက်တွေများတာ၊ အဲ့တာတွေက ဒေသတွင်း ကုန်ဈေးနှုန်းကွာဟမှုတွေ မြင့်လာစေတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ပင်လည်ဘူးမြို့ဟာ စိုက်ပျိုးမြေ ခုနှစ်သောင်းကျော်ရှိပြီး နှစ်စဉ် စပါးတင်းပေါင်း ငါးသန်းခွဲကျော်ထွက်ရှိကာ ဒေသတွင်းစားသုံးမှုနဲ့ ပိုလျှံတဲ့ စပါးတင်းပေါင်း သုံးသန်းကျော်ကို ဟုမ္မလင်းဒေသဖက် အဓိက ရောင်းချကြတာဖြစ်ပါတယ်။
ပင်လည်ဘူးမြို့နယ်ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစပြီး NUG မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့မြို့ ဖြစ်လာခဲ့ပါတယ်။
မြို့နယ်ထဲက ကျေးလက်ဒေသတွေကတော့ ၂၀၂၂ ခုနှစ်နှောင်းပိုင်းကတည်းက ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ ပညာရေး၊ အခွန်ကောက်ခံမှု၊ သယံဇာတတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေး၊ ကျန်းမာရေးတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။