တောင်ကုတ်က စစ်ကောင်စီအမြောက်တပ်တစ်ခုကို AA စတင်ထိုးစစ်ဆင်တိုက်ခိုက်

တောင်ကုတ်က စစ်ကောင်စီအမြောက်တပ်တစ်ခုကို AA စတင်ထိုးစစ်ဆင်တိုက်ခိုက်

ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ အမြောက်တပ် တစ်ခုကို အာရက္ခတပ်တော်(AA) ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက နိရဥ္စရာသို့ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၃၁ ရက် ညပိုင်းတွင် တောင်ကုတ်မြို့၊ ပန်းမြောက်တောင်တွင် အထိုင်ချတပ်စွဲထားသည့် အမြောက်တပ်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း တောင်ကုတ်မြို့ခံများကနိရဥ္စရာသို့ပြောသည်။

မြို့ခံအမျိုးသမီးငယ်တစ်ဦးက" မနေ့ညက ပန်းမြောက်တောင်ကို AA က ဝင်စီးတယ်လို့ သိရတယ်။ အဲဒီအနီးတဝိုက်က ဒေသခံတွေ မြို့ဘက်ကိုရောက်လာတော့ ပြောနေကြတယ်။ လေယာဥ်ကလည်း မနေ့ညကပဲ ဝဲလိုက် ဗုံးကြဲလိုက်နဲ့။ လက်နက်ကြီးတွေလည်းတရက်လုံးပစ်တယ်။ အခု နေ့လယ်လောက်မှပဲ ခဏရပ်နေတယ်" ဟု နေ့လယ် ၁ နာရီ ၅၀ မိနစ်က နိရဥ္စရာသတင်းဌာနနှင့် အဆက်သွယ်ရစဥ် ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက တိုက်ပွဲဧရိယာနှင့် တောင်ကုတ်မြို့အနီးဝန်းကျင်နေရာတချို့ကို ဂျက်ဖိုက်တာဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးများဖြင့် တရက်လုံးနီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ခံများကပြောသည်။

သမိုင်းဝင်ပန်းမြောက်တောင်စေတီတော်ရှိရာ ပန်းမြောက်တောင်သည် တောင်ကုတ်မြို့၏အရှေ့ မြောက်ဘက် ၇ မိုင်ခန့်အကွာလောက်တွင်တည်ရှိသည်။

အဆိုပါတောင်ပေါ်မှ မြို့ပတ်ဝန်းကျင်အပေါ်စီးမှ မြင်ရသည့်အတွက် စစ်ရေးအတွက် အရေးပါသည့်နေရာဖြစ်၍ စစ်ကောင်စီက အမြောက်တပ်ဖွဲ့စည်းခံစစ်ပြင်ဆင်ထားခြင်းဖြစ်သည်။

ပန်းမြောက်တောင် အမြောက်တပ်အား အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ခြင်းရှိမရှိကို အတည်မပြုနိုင်သေးပါ။

စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီမှ လေကြောင်းဗုံးကြဲမူကြောင့် အနီးအနားရှိ  ပြည်သူများ ဘေးလွှတ်ရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။

နောက်ထပ် ဒေသခံ တစ်ဦးက "တောင်ကုတ်မြို့မှရှိတဲ့တပ်မ၊ တပ်ရင်းတွေကို တိုက်တယ်လို့ ကြာပါတယ်။ တိုက်ပွဲက ပြင်းထန်နေတယ်။ စစ်ကောင်စီလေကြောင်းကနေ မြို့ပြင်နဲ့ တပ်နယ် အနီးဝန်းကျင်တွေကို ဗုံးကြဲတယ်။ မြို့ခံတွေကတော့ရတဲ့ လမ်းကနေထွက်ပြေးနေကြရတယ်"ဟုသူက ဆိုသည်။

တောင်ကုတ်မြို့တွင် စကခ (၅) အပြင် ခမရ(၅၄၄) နှင့် ခမရ (၃၄၆) တို့ အခြေစိုက်ထားသည်ဟု သိရသည်။ လက်ရှိ AAသည် တောင်ကုတ်မြို့နယ် မြောက်ဘက်ဆက်စပ်နေသည့် အမ်းမြို့ကို အပြင်းအထန် တိုက်ခိုက်နေပြီး တောင်ကုတ်မြို့နယ် တောင်ဘက်ရှိ သံတွဲမြို့နယ် တစ်ခုလုံးကို သိမ်းပိုက်ထားပြီး ဖြစ်သည်။

လက်ရှိတောင်ကုတ်တွင် MPT ဖုန်းလိုင်းမှာ နေရာအနည်းငယ်လောက်သာ လိုင်းမိပြီး ဖုန်းအများစု အဆက်သွယ်ပြတ်တောက်နေသဖြင့် တိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေများကို မသိရှိရသေးပါ။

Most read this week

January 22, 2025
လက်ရှိ အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များသည် ဧရာ၀တီတိုင်း၊...
January 21, 2025
ရခိုင်ပြည်၊ စစ်တွေမြို့ပြင်၊  ဝါဘိုကျေးရွာဘက်တွင် အာရက္ခတပ်တော် (AA) နှင့်...
January 17, 2025
ပုံစာ - ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃...