စစ်တွေမြို့ပြင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တွေလေယာဉ်ကွင်း လုံခြုံရေးအထူးတိုးမြှင့်

စစ်တွေမြို့ပြင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တွေလေယာဉ်ကွင်း လုံခြုံရေးအထူးတိုးမြှင့်

ရခိုင်ပြည်၊ စစ်တွေမြို့ပြင်၊  ဝါဘိုကျေးရွာဘက်တွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် စစ်တွေမြို့လေယာဉ်ကွင်းကို အင်အားဖြည့်တင်းထားကာ လုံခြုံရေးကို အထူးတိုးမြှင့် တင်းကျပ်ထားသည်ဟု သတင်းရရှိသည်။

စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက "စစ်တွေမြို့လေ‌ယာဉ်ကွင်းမှာ စစ်တပ် စုပေါင်းတပ်ရင်းတစ်ရင်းနဲ့ အင်အားအပြည့်ချထားတယ်။ လေယာဉ်ကွင်းပတ်ဝန်းကျင် တစ်ခုလုံးမှာ နေရယူထားတယ်လို့ သိရတယ်။ ကင်းပုန်းဝပ်တာတွေလည်းရှိတယ်။ လေယာဉ်ကွင်းအတွင်းကို ဝင်ရောက်နိုင်တဲ့ လမ်းဆုံတွေကိုလည်း ပိတ်ထားတယ်။ နန္ဒရာမလမ်းဆုံ လေယာဉ်ကွင်းသွားလမ်းကိုလည်း ပိတ်ထားတယ်။ စစ်သားတွေ နေရာယူထားတယ်။ အရေးပေါ် ရဟတ်ယာဉ်တွေလည်း ချထားတာတွေလည်း တွေ့ရတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် အဓိက လေယာဉ်ကွင်း ၄ ကွင်းရှိရာ သံတွဲနှင့် အမ်းလေယာဉ်ကွင်းတို့ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး စစ်တွေနှင့် ကျောက်ဖြူလေဆိပ်တို့ကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။

“စစ်တွေလေဆိပ်က စစ်ကောင်စီအတွက် သေရေးရှင်ရေးတမျှ အရေးကြီးတယ်။ တစ်ခုတည်းသော ဆက်သွယ်ရေးလမ်းပေါက်။ စစ်တွေလေဆိပ်ကျသွားရင် ရန်ကုန်၊ နေပြည်တော်နဲ့ လုံး၀ အဆက်ပြတ်ပြီ။ လက်ရှိ ကုန်လမ်းကလည်း စစ်တွေကို လာလို့မရသလို ရေလမ်းကလည်း မလွယ်ကူတော့ဘူး။ ဒါကြောင့် စစ်တွေလေဆိပ်ဟာ စစ်ကောင်စီအတွက် အလွန်ကို အရေးကြီးလို့ လုံခြုံရေးကို အထူးတင်းကျပ်လိုက်တာ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီသည် စစ်တွေလေယာဉ်ကွင်း လုံခြုံရေးကို အထူးတိုးမြှင့်ထားသလို လေယာဉ်ကွင်း ပတ်ပတ်လည်တွင် မြေမြှုပ်မိုင်းအများအပြား ထောင်ထားသည်ဟု သိရသည်။

“လေယာဉ်ကွင်းနဲ့ ကိုက် ၅၀ အကွာလောက်နေရာတွေမှာလည်း မြေမြှုပ်မိုင်းထောင်ထားတယ်။ အထူးသဖြင့် ပင်လယ်ဘက်အခြမ်းပေါ့။ ဘေးပတ်ပတ်လည် ထောင်ထားတယ်လို့ အနီးအနားက လူတွေကို မသွားလာဖို့ တားတယ်လို့ ကြားရတယ်။ လေဆိပ်အတွင်းမှာလည်း ခရီးသည်တွေကို အထပ်ထပ်အခါခါ စစ်ဆေးတယ်။ စရဖနဲ့ ရဲထောက်လှမ်းရေးတွေက အနီးကပ် စောင့်ကြည့်နေတယ်” ဟု ပြောသည်။

၎င်းအပြင်စစ်ကောင်စီသည်  ဘုမေမွတ်ဆလင်ကျေးရွာနှင့် သဲချောင်းကျေးရွာကြား နေရာများအပါအဝင် စစ်တွေတက္ကသိုလ်၊ ဆတ်ရိုးကျချောင်းတံတား၊ ကမ်းနားလမ်း စသည့် အထင်ကရနေရာများ လမ်းဆုံလမ်းခွတွင်လည်း ယခုနောက်ပိုင်း စစ်အင်အားတိုးချကာ  တင့်ကားများလည်း မြို့ပတ်သွားနေသည်ကို တွေ့ရသည်ဟု စစ်တွေမြို့ထဲက ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"စစ်ဖြစ်တော့မဲ့ပုံစံ စစ်ရေးပြင်ဆင်နေတယ်။ မြို့ထဲမှာက အဲ့ဒီ အခုနကပြောတဲ့နေရာတွေမှာ အရင်ကထက် စစ်ရေးလှုပ်ရှားတာတွေ့ရတယ်။ စစ်သားတွေ ဖြန့်ကျက်ထားတယ်။ ဝါဘိုမှာ လက်နက်သံတွေ ထွက်ပေါ်ပြီးနောက်ပိုင်းကစပြီး သူတို့က စစ်တွေကို သူတို့ ပိုမိုအာရုံစိုက်လာတယ်။ တင့်ကားတွေလည်း မြို့ကိုပတ်တယ်" ဟု ပြောသည်။

စစ်တွေမြို့ပြင်ရှိ စစ်တွေ - အမြင့်ကျွန်းကျေးရွာသွားသည့် လမ်းတစ်လျှောက်နှင့် ရွှေမင်းဂံဆိပ်ကမ်း၊ ကျားမသောက်၊ ပါဒလိတ်ကူတိုးဆိပ် စသည့် နေရာအများအပြားတွင် နှစ်ဖက်စစ်ဆိုင်ထားပြီး စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် စစ်တွေမြို့တွင် သေနတ်သံမကြားရဘဲ ငြိမ်သက်သော်လည်း အခြေအနေမှာ “မုန်တိုင်းမတိုက်မီ လေငြိမ်နေသလိုမျိုး” ဟု ၎င်းစစ်တွေဒေသခံက ပြောကြားသည်။

Most read this week

January 17, 2025
ပုံစာ - ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃...
January 15, 2025
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသည့် လူငယ်များကို...
January 14, 2025
ရခိုင်တွင် အရပ်ဘက်နေရာများကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲမှုများ...