မြို့အနီးဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေ၍ တောင်ကုတ် မြို့သူမြို့သားများ မြို့ကို စွန့်ခွာနေ

မြို့အနီးဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေ၍ တောင်ကုတ် မြို့သူမြို့သားများ မြို့ကို စွန့်ခွာနေ

ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်နေ၍ မြို့ပေါ်နေပြည်သူများ အလုံးအရင်းဖြင့် မြို့ကို စွန့်ခွာနေကြသည်ဟု သတင်းရရှိသည်။  

တောင်ကုတ်အခြေစိုက် စကခ (၅) ဌာနချုပ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရန်  ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖော်ဆောင်လာပြီး တိုက်ပွဲများမှာ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် ပြင်းထန်စွာဖြစ်ပွားနေသည်ဟု သိရသည်။

တောင်ကုတ်မြို့ခံတစ်ဦးက  "အခုရက်ပိုင်း မြို့နဲ့အနီးက စစ်စခန်းတွေကို AA က ထိုးစစ်ဆင်လာပြီး နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ ဖြစ်လာတယ်။ စစ်တပ်ကလည်း လေကြောင်းကဗုံးကြဲတာ တခြားမြို့တွေမှာတုန်းကထက်တောင် ပိုပြီးလုပ်နေတယ်။ မြို့သိမ်းတိုက်ပွဲဆိုရင် ဒီထက်ပြင်းထန်လာနိုင်တယ်။အခု မြို့အနီး တိုက်ပွဲတွေဖြစ်လာတော့ ပြည်သူတွေကတော့ မြို့ကထွက်ခွာနေကြပြီ" ဟု ပြောသည်။

အောက်တိုဘာ ၃၁ ရက်ကစတင်ပြီး တောင်ကုတ်မြို့အနီးဝန်းကျင်က စစ်ကောင်စီ ခံစစ်ပြင်ဆင်ထားသည့် အမြောက်တပ်နှင့်စစ်စခန်းတချို့ကို AA က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်းလေကြောင်းဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်လျက်ရှိသည်။

တောင်ကုတ်မြို့ပေါ်လူနေရပ်ကွက်များ၊ ကျေးရွာများနှင့်အလွန်နီးကပ်လွန်း၍ AA က ထိုးစစ်ဆင်သည့်အချိန် လေကြောင်းဗုံးကြဲမှုကြောင့်ပြည်သူများ ပိုမိုအန္တရာယ်ကျရောက်နိုင်ခြေရှိကြောင်း ပြောဆိုကြသည်။

 

ခြေမြန်တပ်ရင်း ခမရ (၅၄၄) တပ်ရင်းမှာ မီးစက်ကွက်သစ်၊ ဆေးရုံကွက်သစ်နှင့် အင်းခုံတောင်၊ ညဈေးရပ်ကွက်များနှင့်ကပ်လျက်တည်ရှိပြီး ခမရ(၃၄၆) တပ်ရင်းမှာ ရန်ခိုကျေးရွာ၊ ရန်ခိုကွက်သစ်၊ ရွှေညောင်ညို(ဖုန်ညို)ကျေးရွာများနှင့် ကပ်လျက်တည်ရှိသည်။

အဆိုပါတပ်ရင်းများအနီးမှ ပြည်သူများမှာ AA ၏ ကြိုတင်သတိပေးချက်အရ ရွှေ့ပြောင်းစွန့်ခွာမှုများရှိသော်လည်း ငွေကြေးအခက်အခဲ၊ လမ်းပိတ်ဆို့ထားမှုများကြောင့် မတိမ်းရှောင်နိုင်ကြသည့်ပြည်သူများလည်းရှိနေကြသေးကြောင်း မြို့ခံများက ပြောသည်။

မြို့ခံအမျိုးသမီးတစ်ဦးက "ထွက်သွားသူတွေကတော့ ထွက်သွားကြပြီ။ ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ အလွယ်တကူရွှေ့နိုင်ကြတယ်။ မရှိတဲ့သူတွေက ဘယ်ကဘယ်လမ်းကြောင်းနဲ့ထွက်ရမယ်ဆိုတာတောင် စဥ်းစားလို့မရဘူး။ စစ်တပ်ကလည်း မြို့ကို ပိတ်ဆို့ထားတယ်" ဟု ပြောသည်။

AA သည် အောက်တိုဘာလ ၃၁ ရက် ညပိုင်းကစတင်ပြီး ပန်းမြောက်တောင်အမြောက်တပ်ကို ထိုးစစ်ဆင်နေသလို တောင်ကုတ်တက္ကသိုလ်မောင်းတံဂိတ်ကိုလည်း ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

စစ်ကောင်စီက ပန်းမြောက်တောင်အနီးတဝိုက်ရှိ မှန်နီကျေးရွာ၊ ကြိုးကြာကွင်းကျေးရွာများဘက်သို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း မြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - တိုက်ပွဲကာလ ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်အချို့အား တွေ့ရစဥ်။

Most read this week

ပုံစာ- ခြံစည်းရိုး သုံးထပ်ကာရန်ပြီး ခံတပ်အဖြစ် အခိုင်အမာတည်ဆောက်ထားသည့် နခခ (၅) အားတွေ့ရစဉ်။
November 23, 2024
အာရက္ခတပ်တော်(AA)အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မောင်တောမြို့မှ နခခ(၅) ၏ ခံစစ်အားမှာ...
November 22, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ကိုဖြတ်သန်းစီးဆင်းနေသည့်အမ်းချောင်းတွင်...
November 22, 2024
တိုက်ပွဲတစ်စုံတစ်ရာမရှိသော ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်မှကျေးရွာတစ်ခုကို နိုဝင်ဘာ ၁၉ ရက်နေ့က...
November 20, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်၂၀၀၀၀ ကျော်အတွက် ရိက္ခာ၊ စောင်နှင့်...