မွန်ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်အား တွေ့ဆုံမေးမြန်းချက်

မွန်ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်အား တွေ့ဆုံမေးမြန်းချက်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ် အစိုးရအဖွဲ့မှ လစ်လပ်လျက်ရှိသော ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး အဖြစ် ဦးမင်းကျော်လွင်အား   ဇွန်လ (၈) ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေးတွင် ခန့်အပ်အတည်ပြုလိုက်သည်။

ဦးမင်းကျော်လွင်သည်  ၁၉၈၄ ခုနှစ်က ရန်ကုန်စက်မှုတက္ကသိုလ်မှ BE(Civil) ဘွဲ့ရရှိခဲ့ပြီး  ပရော်ဖက်ရှင်နယ် မြို့ပြ အင်ဂျင်နီယာ၊ အာဆီယံလုပ်ပိုင်ခွင့်ပရော်ဖက်ရှင်နယ် မြို့ပြအင်ဂျင်နီယာ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဝင်၊ အကြီးတန်းလိုင်စင်အင်ဂျင်နီယာ (မြို့တော်စည်ပင်) တို့မှာ တာဝန်ထမ်းဆောင်လျက်ရှိသည်။၄င်းသည် ချောင်းဆဆုံမြို့နယ်၊ ရွာလွတ်ရွာ ဇာတိဖြစ်ပြီး လက်ရှိတွင် ရန်ကုန် အင်းစိန်မြို့နယ်၊ ဖော့ကန်မှာ နေထိုင်လျက်ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်ပြီး ဗုဒ္ဓဘာသာ မွန်လူူမျိုးတစ်ယောက်လည်းဖြစ်သည်။

ဇနီး ဒေါ်ဟန်နွေးနှင်အတူ  မခင်မြတ်သူ၊မောင်သီဟသူ စသည့် သားသမီးနှစ်ဦးထွန်းကားခဲ့သည်။

ယခုအခါ ယခင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး တာဝန်ယူခဲ့သည့် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန  ၀န်ကြီးဦးမင်းကျော်လွင်ကို မွန်သတင်းအေဂျင်စီအလွတ်တန်းသတင်းထောက် မင်းချမ်းညီ တွေ့ဆုံမေးမြန်းသည်။

မေး။   ။ဆရာ့ကို မွန်ပြည်နယ်ရဲ့ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန  ၀န်ကြီးဖြစ်လာတဲ့အပေါ် ခံစားချက်လေးလည်းပြောပြပေးပါဦး။

ဖြေ။   ။ကိုယ့်ဒေသကို ကိုယ်ပြန်ပြီးအလုပ်အကျွေးပြုရတယ်ဆိုတော့ ပေးဆပ်ရတယ်။ ရည်ရွယ်ချက်ကလည်း နဂိုကတည်းကရှိတယ်ဆိုတော့ ၀မ်းသာပါတယ်။ အတိုင်းထက်အလွန်လည်း ပိုအားထည့်ချင်ပါတယ်။လုပ်ခွင့်ရတဲ့အတွက်အများကြီးဝမ်းသာပါတယ်။

မေး။  ။နိုင်ငံရေးနဲ့ပတ်သက်ပြီး လက်ရှိဆောင်ရွက်နေတဲ့အပိုင်းလေးလည်း ပြောပြပေးပါဦး။

ဖြေ။  ။ နိုင်ငံရေးဆိုတာ တိုင်းပြည်ရဲ့စားဝတ်နေရေးလေ။ပါတီအနေနဲ့ဆိုရင် ဘေးကနေပဲ ပံ့ပိုးပေးတာပဲရှိပါတယ်။ပါတီဝင်တစ်ယောက်တော့ဖြစ်တယ်။

မေး။  ။ တကယ်လို့ ဆရာ့အနေနဲ့ စည်ပင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဖြစ်လာခဲ့ပြီဆိုရင် မွန်ပြည်နယ်မှာ ဘာတွေ ဘယ်လိုစတင်ဆောင်ရွက်သွားဖို့ရှိမလဲ။

ဖြေ။  ။ကျွန်တော်က civil (မြို့ပြ) အင်ဂျင်နီယာဆိုတော့  ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ်တတ်နိုင်သလောက် အစွမ်းကုန်ဆောင်ရွက်ဖို့၊ ပေးဆပ်ဖို့ရှိပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက်ကတော့ အဓိကပါပဲ။တခြား ပြည်နယ်နှင့်တိုင်း ၊ မြို့တွေလို ဟန်ချက်ညီညီ တိုးတက်ဖို့အတွက် အတတ်နိုင်ဆုံး အစွမ်းကုန်ကြိုးစားပြီးလုပ်ဖို့တော့ စိတ်ကူးထားပါတယ်။

မေး။  ။အရင်က စည်ပင်နှင့်ဆောက်လုပ်ရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူတွေရဲ့ အားနည်းချက်၊ အားသာချက်တွေက ဘာတွေဖြစ်မလဲဆရာ။
ဖြေ။  ။အဲ့ဒါတွေအားလုံး ကျွန်တော်လေ့လာနေဆဲပါပဲ။

မေး။  ။ဒီတာဝန်ကို ဆရာထမ်းဆောင်ဖို့အတွက်ဆိုရင်အဓိက အခက်ခဲတွေ ဘာတွေ ရှိမလဲ။

ဖြေ။  ။ကျွန်တော့အတွက် စည်ပင်နှင့်ဆောက်လုပ်ရေးကတော့ အခက်ခဲမရှိနို်င်ပါဘူး။အခုလည်း နိုင်ငံတော်က ပြည်သူနဲ့အတူဆိုတော့ ပိုလွယ်သွားပါပြီ။

မေး။   ။ပြည်သူတွေက စည်ပင်နှင့်ဆောက်လုပ်ရေးဝန်ကြီးအဖြစ်  ဆရာ့ကို ဘာကြောင့်ရွေးချယ်သင့်လဲ။

ဖြေ။  ။ကျွန်တော့ပညာရပ်နဲ့ ကျွန်တော်တာဝန်ယူရမယ့်အပိုင်းက တအားကို ဆက်စပ်နေလို့ပါ။သူတို့ရွေးလိုက်တော့ အတိုင်းအထက်အလွန် သူတို့အတွက်လည်းကောင်းမယ်။ကျွန်တော့အတွက်လည်း ကောင်းမှာပါ။

မေး။   ။ စည်ပင်ဝန်ကြီးဖြစ်လာပြီဆိုတော့ မွန်ပြည်နယ်မှာ အဓိက ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ။  ။ပြည်နယ်နှင့်တိုင်း အတော်များများကို ကြည့်ရင် ဟိုးတုန်းက ပုံစံအတိုင်း မပျက်မဆီးသေးတာ မွန်ပြည်နယ်ပဲကျန်တော့တယ်။အဲ့ဒီအတွက် Tourism တွေဖွံ့ဖြိုးလာအောင်၊ သာယာလှပလာအောင် အဓိကထားပြီး လုပ်ဆောင်မှာပါ။ဆွဲဆောင်မှာပါ။ မွန်ပြည်နယ်သားပါ၊ မွန်ပြည်နယ်ကလာတဲ့ ဘယ်သူပါလို့ လက်မထောင်လို့ရတဲ့အထိ ကြိုးစားသွားမှာပါ။

မေး။  ။ပြည်သူတွေအတွက် ဆရာစကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ။   ။ပြည်သူတွေ စိတ်ဆင်းရဲနေတာတွေ၊လူမှုရေးတွေ အားလုံးအတွက်စည်ပင်ဆိုတာက လူတစ်ယောက်မွေးရာကနေ သေတဲ့အထိ တာဝန်ယူရတဲ့ကဏ္ဍပါ။ အဲ့ဒီအတွက် အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေးနိုင်အောင် တခြားဌာနတွေနဲ့ညှိပြီး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမယ်လို့ ကတိပေးပါတယ်။

ကျေးဇူးတင်ပါတယ်ဆရာ။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...