လိုင်စင်မဲ့ ဆိုင်ကယ်သမားများအား စစ်သားစုဆောင်းနေ

လိုင်စင်မဲ့ ဆိုင်ကယ်သမားများအား စစ်သားစုဆောင်းနေ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီး ငွေညှစ်တောင်းခံနေပြီး ငွေမပေးနိုင်သူများကို စစ်သားသစ် စုဆောင်းနေသည့်အပြင် ညှင်းပန်းနှိပ်စက်မှုများကိုလည်း လုပ်ဆောင်နေသည်ဟု ဒေသခံများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်များအား ဖမ်းဆီးအရေးယူနေသော်လည်း ငွေပေးနိုင်သူများကို ပြန်လွှတ်ပေးလျှက်ရှိပြီး ငွေမပေးဆောင်နိုင်ပါက ဖမ်းဆီးကာ စစ်သားသစ်အဖြစ် စုဆောင်းခေါ်ဆောင်သွားသည်ဟု ရေးမြို့ ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

ရေးမြို့ ဒေသခံ လူငယ်တစ်ဦးက “ဖမ်းလိုက်ပြီးတော့ ပိုက်ဆံနဲ့ လာရွေးနိုင်တဲ့သူဆို ပြန်လွှတ်ပေးလိုက်တယ်ပေါ့။ လာရွေးမနိုင်တဲ့လူဆို တစ်ခါတည်း စစ်ကြောရေးထဲ ထည့်လိုက်တယ်။ ပိုက်ဆံပေးနိုင်တဲ့လူတွေကလည်း ပြန်လွှတ်သွားတာရှိတယ်။ တစ်ချို့ ကြတော့ ပိုက်ဆံလည်း မနိုင်ဘူးကွာ။ သူတို့မှာလည်း ငွေရေးကြေးရေး မပြည့်စုံဘူး။ ဆိုင်ကယ်လည်းသိမ်း လူတွေလည်း စစ်တပ်ထဲထည့်တာတွေ ပြီးတော့ ရှေ့တန်းတွေပို့လိုက်တဲ့လူတွေလည်း ရှိတယ်ပေါ့” ဟု ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ယာဉ်မောင်းလိုင်စင် အသစ် ထပ်မံလုပ်ပေးခြင်းမရှိပဲ လိုင်စင်မဲ့ဟုဆိုကာ ဖမ်းဆီးငွေညှစ်မှုများ လုပ်နေသည့်အခြေအနေကိုလည်း ရေးမြို့ဒေသခံ လူငယ်က ယခုကဲ့သို့ ဆက်ပြောသည်။

 “ဆိုင်ကယ် without ဘီးတွေဆို ဖမ်းတာတွေ စစ်ကောင်စီက ငွေညှစ်တာတွေ အခုချိန်ထိ သူတို့ တောက်လျှောက် လုပ်နေတာလေ။ အစ်ကိုတို့ ဒီမြို့ဘက်ခြမ်းမှာဆို နည်းနည်းတော်သေးတယ်ပေါ့။ တောနယ်ဘက်ဆို ပိုပြီးဆိုးတယ်။ တောနည်းနည်းကျတဲ့ဘက်ဆို သူတို့ တအားပိုက်ဆံကောက်တယ်။ ပိုက်ဆံကောက်လို့ မရဘူးဆိုရင် လူပါခေါ်သွားတယ်။ ဖမ်းသွားတယ်။ ပြီးရင် ဆိုင်ကယ်လည်း သိမ်းလိုက်တယ်”

စစ်ကောင်စီသည် မွန်ပြည်နယ်တွင် ရေးမြို့နယ်အပြင် မော်လမြိုင်မြို့က အချို့နေရာများ၊ သံဖြူဇရပ်မြို့နှင့် မုဒုံမြို့ စသည့်နေရာများရှိ ၎င်းတို့ ထိန်းချုပ်ထားသော ဧရိယာအတွင်း လိုင်စင်မဲ့ ယာဉ်မောင်းများအား ဖမ်းဆီးငွေညှစ်မှုများ တော်တော်များများ လုပ်ဆောင်နေသည်ဟု  မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

စစ်ကောင်စီက လမ်းစည်းကမ်း ဥပဒေအရ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့အတွက် ဝင်ငွေရရှိရန်သာ လုပ်နေခြင်းဖြစ်သည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

နိုင်အဲမွန်က “အခုက လိုင်စင်မဲ့တွေ တော်တော်များများဖြစ်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ကုန်းလမ်းပို့ဆောင်ရေးကနေပြီးတော့ သူတို့ လိုင်စင်ထုတ်မပေးတော့ဘူး။ ဆိုတဲ့အခါကြတော့ သွင်းလာတဲ့ ဆိုင်ကယ်တော်တော်များများက လိုင်စင်မဲ့တွေ။ ဆိုတော့ အဲ့ဒီအပေါ်မှာ သူတို့က ငွေရှာပေါက်ပုံစံမျိုး သုံးပြီးတော့ သက်သက်ကို ဂွင်ဆင်ပြီးတော့ arrest လုပ်နေတဲ့ သဘောပါပဲ။ ဆိုတဲ့ခါကြတော့ operate ရှိတဲ့အခါ ရှောင်တခင်ပေါ့နော်။ လျှပ်တပြတ် ဂိတ်တွေချတယ် ပြီးလို့ရှိရင် ဖမ်းတယ်။ ပြီးလို့ရှိရင် တစ်စီးကို ဘယ်လောက် ဘယ်လောက်ဆိုပြီးတော့ ပြန်ရွေးခိုင်းတယ်။ မရွေးနိုင်ရင် သိမ်းသွားတယ်” ဟု ပြောသည်။

ဒဏ်ရိုက် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ အများစုမှာ မြို့ခံများမဟုတ်သည့် နယ်မှတက်လာသူများ၊ တောရွာမှ မြို့ပေါ်သို့ ဈေးရောင်းဈေးဝယ်ရန် တက်လာသူများနှင့်  အလုပ်ကိစ္စရှိ၍ ထွက်လာသူများဖြစ်သည်ဟု နိုင်အဲမွန်က ဆိုသည်။

နိုင်အဲမွန်က “တစ်ခါတစ်ခါ ဖမ်းလို့ရှိရင်တော့ အများကြီးပါပဲ။ အရင်တုန်းက တွေ့ဖူးသလောက်ဆိုလို့ရှိရင် လောလီကားနဲ့ နှစ်စီးသုံးစီးလောက် ဆိုင်ကယ် သိမ်းသွားတာရှိတယ်။ ဆိုတော့ များတယ်။ တစ်ခါတစ်ခါ ဖမ်းလို့ရှိရင် Case အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ၉၀၊ ၁၀၀ တော့ အနည်းဆုံး ရှိမယ်နော်” ဟု ပြောသည်။

ထို့ ဖမ်းဆီးမှုများသည် ပြည်သူလူထု၏ လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့်ကို စစ်ကောင်စီမှ ချိုးဖောက်နေခြင်းဖြစ်သည်ဟု (HURFOM) က ဆိုသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီမှ လာဘ်ပေးလာဘ်ယူမှုများ၊ အာဏာအလွှဲသုံးစားလုပ်ပြီး ပြည်သူလူထုကို ဖိနှိပ်သည့် လုပ်ရပ်များလည်း ပိုမိုထွန်းကားလာနေသည်ဟု နိုင်အဲမွန်က ပြောသည်။

စစ်ကောင်စီ ထိန်းချုပ်မှုအောက်ရှိ ဒေသများတွင် စစ်ကောင်စီ၏ လက်အောက်ခံတပ်နှင့် အဖွဲ့အစည်းများမှ အာဏာအလွှဲသုံးစားလုပ်မှု၊ အနိုင်ကျင့်မှု၊ ငွေညှစ်မှုနှင့် ပြည်သူပိုင်ပစ္စည်းသိမ်းယူမှု စသည့်  လူ့အခွင့်အရေးချိုးဖောက်မှုများကို တောက်လျှောက် ကျူးလွန်နေကြသည်ဟု နိုင်အဲမွန်က ဆိုသည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...