ကေအဲန်ယူ ဝင်းရေးမြို့နယ်ပညာရေးမှူး ပဒိုမန်းရှားထူးဝေါ်နှင့် ဆက်သွယ်မေးမြန်းခြင်း

ကေအဲန်ယူ ဝင်းရေးမြို့နယ်ပညာရေးမှူး ပဒိုမန်းရှားထူးဝေါ်နှင့် ဆက်သွယ်မေးမြန်းခြင်း

“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ”

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တွင် စစ်ရေးကြောင့် အန္တရာယ်အမျိုး မျိုးကြားမှ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) စာသင်ကျောင်းများ ဖွင့်လှစ်ထားမှုအခြေအနေ၊ တခြားတစ်ဖက်တွင် စစ်ကောင်စီလက်အောက် ရှိကျောင်းများ ဆက်ဖွင့်ထားရသည့် အကြောင်းအရင်းများနှင့် ဘာသာရပ်များသင်ကြားနေမှု အခြေအနေတို့ကို KECD မြို့နယ်ပညာရေးမှူး ပဒိုမန်းရှားထူးဝေါ်နှင့် ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။    ။ ပညာသင်နှစ်၊ နှစ်ဝက်ကျော်လာချိန် ဝင်းရေးမြို့နယ်မှာ ကျောင်းဖွင့်နိုင်တဲ့အပိုင်းက ဒီနှစ်ဘယ် လိုရှိလဲ။

ဖြေ။    ။ ကျောင်းဖွင့်နိုင်တဲ့အခြေအနေကတော့ ပုံမှန်ပဲ။ ဒါပေမယ့် တချို့ကျောင်းတွေက ကျောင်းမတက်ရဲဘူး။  တချို့ဆို တစ်လနှစ်လ ကျောင်းပိတ်ရတာတွေရှိတယ်။ ကျောင်းပြန်ဖွင့်တော့လည်း အိမ်တွေမှာ  စာသင်ရတဲ့ အခြေအနေတွေ ရှိတယ်ပေါ့နော် ။ အနန်းကွင်းတစ်ဝိုက်မှာတော့ ပုံမှန်ဖွင့်နိုင်တာမရှိဘူး။ တချို့ရွာတွေဆိုရင် ကျောင်းဖွင့်ပေမယ့်လည်း လူတွေက မတက်ရဲတော့ ကျောင်းမှာစာမသင်ဘဲ အိမ်တွေမှာပြောင်းပြီး စာသင်ရတာရှိတယ်။ လူနေအိမ်မှာ စာသင်ဖို့နေရာတွေ ပြန်လုပ်ပေးရတာတွေရှိတယ်။

စာသင်ကျောင်းမှာ ကျောင်းတက်ရတာ ကလေးတွေမလုံခြုံတော့ လုံခြုံမှုရှိတဲ့နေရာမှာ ပြောင်းဖွင့်ရတာပေါ့။ ပြောရမယ်ဆိုရင် စာသင်ကျောင်းကဖွင့်တယ်။ ဒါပေမယ့် ကျောင်းထဲမှာ စာမသင်ရဲဘူး။ ဘာလို့လည်းဆိုတော့  စစ်ကောင်စီတပ်က သူတို့ ပစ်မှတ်ရန်သူကိုမပစ်ဘဲ ပြည်သူလူထုတွေကိုခြိမ်းခြောက်ပြီး ပြည်သူလူထုရွာတွေမှာ အမြောက်၊ လက်နက်ကြီးတို့ ပစ်တဲ့အခါကျတော့ သူတို့ကို မယုံရဲဘူးပေါ့။ တိုက်ပွဲဖြစ်တာ တစ်နေရာ သူတို့က လက်နက်ကြီး ပစ်တာတစ်နေရာ လုပ်နေတယ်။

စစ်ရှောင်ကလေးတွေကိုတော့ သီးသန့်စီစဉ်ထားတာမရှိဘူး။ အနန်းကွင်းနဲ့ အနီးနားရွာတို့ ဆိုရင် ပြီးခဲ့တဲ့နှစ်စကတည်းက စစ်ရှောင်ရပြီး ကျောင်းမတက်နိုင်ဘူးဆိုတော့ ကျောင်းတက်တဲ့ကလေးတွေက တခြားကျောင်းတွေမှာ ကျောင်းသွားတက်ရတာတွေရှိတယ်။ အခြေအနေကတော့ နည်းနည်းဆိုးတဲ့ အခြေအနေထဲမှာပဲ ရှိနေတာပေါ့။

မေး။    ။ ဝင်းရေးမှာက ဘယ်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်တာရှိလဲ၊ စစ်ရှောင်ကလေးငယ်တွေ ကျောင်းတက်ရတဲ့ အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။    ။ အနန်းကွင်းအနီးနား ကျေးရွာတွေမှာတော့ တိုက်ပွဲဖြစ်တာတွေရှိနေဆဲပါပဲ။ စစ်ရှောင်ကလေးတွေအတွက် အရမ်းလိုအပ်ရင် စာသင်နိုင်ဖို့ စာသင်ဆောင်တွေကို သီးသန့်နေရာမှာလုပ်ပေးဖို့တော့ ဗဟိုဘက်က ညွှန်ကြားထားတာ ရှိနေတာပဲ။ ဒါပေမယ့် ကလေးတွေက တခြားရွာတွေမှာပြောင်းရွှေ့ပြီး စာသင်တာတို့ ပြီးတော့ ကျောက်ဂူတွေမှာ သွားနေတာတို့ဆိုတော့ စာသင်ဆောင်တွေ သီးသန့်လုပ်ဖြစ်တာမရှိပါဘူး။ အဓိကတော့ စစ်ရှောင်တွေက စုပြီးနေတာထက် နေရာအနှံ့မှာပြောင်းရွှေ့နေကြတယ်ဆိုတော့ ရောက်တဲ့နေရာမှာ ကျောင်းတက်လိုက်ရတာတို့တော့ ရှိတယ်။

မေး။    ။ အခု ရွာအနီးနားက ကျောက်ဂူတွေထဲမှာ စာသင်နေရတာတွေ ရှိနေတယ်။ အဲ့ဒီအခြေအနေနဲ့ သူတို့ကို ဘယ်နှစ်တန်းထိသင်လဲ။ သင်ပေးနေတဲ့ ဆရာအခြေအနေလေးကို ပြောပြပေးပါ။

ဖြေ။ ။ စစ်ရှောင်နေရာ တစ်ခုမှာတော့ ဂူမှာက အလယ်တန်းအဆင့်ထိ ကျောင်းဖွင့်ရတာရှိတယ်။ ဒါပေမယ့် ကျောင်းသား ဦးရေ အရမ်းမများဘူး။  ကျောင်းတက်တဲ့ရွာတွေက အဲဒီမှာ စစ်လာရှောင်တဲ့ တစ်ရွာနှစ်ရွာ လောက်ပဲပေါ့။ ဆရာ၊ ဆရာမတွေ ကလည်း အဲဒီမှာပဲ စစ်ရှောင်နေရတော့ အဲဒီနေရာမှာ စာသင်ရတာပေါ့။

စာသင်ကာလလည်းနည်းတဲ့အခါကျတော့ အဆင်ပြေအောင်လုပ်ရတာပေါ့။ ဂူထဲမှာစစ်ရှောင်တယ် ဂူအောက်မှာ စာသင်တဲ့နေရာ လုပ်ထားပေးရတာတော့ ရှိတယ်။ လိုအပ်ရင် ကျနော့်ပညာရေးဌာနဘက်က ပံ့ပိုးပေးတာတွေ ရှိတယ်။ ပြည့်ပြည့်စုံစုံတော့ မဟုတ်ဘူး။ သူတို့ ကျေးရွာဥက္ကဋ္ဌတွေအနေနဲ့လည်း အတတ်နိုင်ဆုံး အဆင်ပြေအောင် လုပ်ပေးနေတာ ရှိတယ်။

မေး။    ။ ဝင်းရေးမှာ KECD ကျောင်း ဖွင့်တာရှိသလို စစ်ကောင်စီရဲ့ ကျောင်းတွေ ဆက်ဖွင့်နိုင်တာတွေ့ ရတယ်။ တချို့က ကေအဲန်ယူနယ်မြေမှာ ဒီလိုဆက်ဖွင့်တာကို ဝေဖန်ပြောဆိုတဲ့သူတွေ ရှိနေတဲ့အပေါ် ပြောပြပါဦး။

ဖြေ။    ။ ကျနော်တို့ဝင်းရေးမှာ စစ်ကောင်စီ လက်အောက် စာသင်ကျောင်းဖွင့်နိုင်ဆဲကိစ္စနဲ့ ပတ်သက်ပြီး ပြောချင် တာကတော့ ကျနော်တို့ကလည်း အဲဒီစစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့ မဟုတ်ဘူး။ အခြေအနေအရပါပဲ။  အခုအခြေအနေက အလုံးစုံလုပ်လို့မရတဲ့အခါကျတော့။ နောက်တစ်ခုကလည်း ပညာရေးဆိုတာကလည်း အပြောင်းအလဲ ချက်ချင်းလုပ်ရင် အရမ်းအခက်အခဲဖြစ်တယ်။ ဆရာ၊ ဆရာမ အခြေအနေတွေရောပေါ့။ အထူးသဖြင့် အထက်တန်းအဆင့်တွေပဲပေါ့။ ဆရာ၊ ဆရာမ လိုအပ်တယ်။

ပြီးတော့ ဘာသာရပ်အပြောင်းအလဲ လုပ်တဲ့အခါကျရင် ကလေးတွေအတွက် အရမ်းအခက်အခဲဖြစ်လာနိုင်တဲ့ အနေအထားရှိတဲ့အခါကျတော့၊ ဒါပေမယ့် တချို့က နားလည်မပေးတဲ့အခါကျတော့ ခြိမ်းခြောက်တာတွေ ဘာတွေ နည်းနည်းပါးပါး ရှိလာတာတွေရှိတာပေါ့။ ပြီးတော့တချို့က နှစ်စမှာ ကိုယ်ထူကိုယ်ထ ကျောင်းပဲဖွင့် တယ်။ နောက်မှ ကျေးရွာလူထုတွေ ကျောင်းဝန်ထမ်းတွေက သူတို့ စစ်ကောင်စီလက်အောက်မှာ ပြန်ဝင်တာရှိတော့ စစ်ကောင်စီပညာရေးလက်အောက်က ကျောင်းအနေနဲ့ ပြန်ဖွင့်တာရှိတယ်။

အဲဒါကို ကျနော်တို့ဘက် တားမြစ်ခဲ့တဲ့အနေအထားရှိပေမယ့်လည်း လူထုအခြေအနေပြန်ကြည့်တော့ အဲလိုပဲ ပေးဖွင့်လိုက်တာရှိတယ်။ ဆရာ၊ ဆရာမတွေကတော့ အဝေးက လာတာမရှိဘူး။ ဒေသအတွင်းက ဆရာ၊ ဆရာမ တွေပဲဆိုတော့ လုံခြုံရေးအပိုင်းက သူတို့ဘာသာ သူတို့ပဲ တာဝန်ယူတယ်။ ဒီနှစ်ပညာသင်နှစ်က ဒီလိုပဲ သွားလိုက်မယ်။ နောက်နှစ်ကျရင်တော့ တစ်မျိုးလာမှာပေါ့။

မေး။    ။ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်းပစ်ခတ်မှုတွေကြောင့် ဝင်းရေးမှာ စာသင်ကျောင်း ထိခိုက်တာ ဘယ်လောက်ရှိလဲ၊ အဲဒီကျောင်းတွေက ဆက်ဖွင့်ရဲသေးလား။

ဖြေ။    ။ ကျနော်တို့ဝင်းရေးမြို့နယ်ထဲမှာ လေကြောင်းက တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်း တစ်ကျောင်းပဲ ရှိတယ်။ အဲဒါက နှစ်အိမ်ရွာ စာသင်ကျောင်းပါ။ နောက်ပြီး လက်နက်ငယ် နည်းနည်းပါးပါး ထိတဲ့ စာသင်ကျောင်း တစ်ကျောင်း၊ နှစ်ကျောင်းတော့ရှိတယ်။ အဲဒီကျောင်းကတော့ ပုံမှန်ဆက်ဖွင့်နိုင်တယ်။ လေကြောင်း တိုက်ခိုက် ခံရတဲ့စာသင်ကျောင်းကတော့ အခု အဲဒီရွာမှာက KECD လက်အောက်က စာသင်ကျောင်းတော့ ဆက်ဖွင့်တာ ရှိတယ်။

ဝင်းရေးမြို့နယ်မှာ ဒီနှစ် KECD လက်အောက်က စာသင်ကျောင်းဖွင့်နိုင်တာက ၁၀၅ ကျောင်း ရှိတယ်။ အဲဒီ့ အထဲမှာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပေါ့။ အထက်တန်းကျောင်းက ၆ ကျောင်းလောက်ရှိတယ်။ အဲဒီ့ အထဲမှာ ကျောင်းသားဦးရေလည်းများတယ်။ အထက်တန်းကျောင်းရဲ့ စံချိန်စံညွန်းလည်း ပြည့်တဲ့ကျောင်းက ၄ ကျောင်း လောက်ရှိတယ်။ ကျန်တာကတော့ ကျောင်းသားဦးရေနည်းတာပေါ့။

စစ်ကောင်စီလက်အောက်ကျောင်းကနေ KECD လက်အောက်က စာသင်ကျောင်းတွေကို ပြောင်းရွှေ့စာသင်တဲ့ ကျောင်းသားတွေလည်း အများကြီးရှိပါတယ်။ တချို့က မိဘရွေးချယ်မှုကြောင့်၊ တချို့က ကျောင်သားတွေက သူတို့ ဘာသာသူတို့ ရွေးချယ်မှုကြောင့်ပေါ့။ ကျနော်တို့ KECD ရဲ့ ပညာရေးစနစ်ကိုလည်း တချို့က သိပ်မသိတာ မရင်းနှီးတာတွေ ရှိတဲ့အခါကျတော့ တချို့က စစ်ကောင်စီ သင်ရိုးညွှန်းတမ်းကိုပဲ ဆက်လက်ပြီး ဦးတည်တဲ့အခါ ရှိတာပေါ့နော်။

မေး။    ။ KECD ပညာရေးလက်အောက် သွားတဲ့အခါမှာ ဘာသာစကားတွေကြောင့် တချို့အခက်အခဲရှိတဲ့အပေါ် သင်ကြားနေတဲ့ ဘာသာရပ်တွေအပေါ် ဘယ်လို လုပ်ဆောင်ပေးတာတွေ ရှိပါသလဲ။

တချို့နေရာတွေက ဘာသာစကားကြောင့် အခက်အခဲရှိတာတွေရှိတယ်။ မတူတဲ့ဘာသာစကားတွေရှိတဲ့ တချို့ နေရာတွေကတော့ ရောနှော ဘာသာရပ် (Subject) တွေသင်ရတာပေါ့နော်။ အထူးသဖြင့် ပိုးရင်ရွာ၊ ဗမာရွာ၊ ရှမ်းရွာနဲ့ မွန်ရွာတွေ မှာဆိုရင် ပေါင်းစပ်တဲ့ဘာသာရပ် လုပ်ပေးရတယ်။ မလုပ်ပေးလို့လည်းမရဘူး။ အဲဒီအခက်အခဲ တွေကို ဗဟိုမှာလည်း ဆွေးနွေးခဲ့ဖူးတယ်။

မေး။    ။ ဝင်းရေးမြို့နယ် ပညာရေးအခြေအနေနဲ့ပတ်သက်ပြီး ဘာဖြည့်စွက်ပြောချင်တာရှိပါသလဲ။

ဖြေ။    ။ ဖြည့်စွက်ပြောချင်တာကတော့ ကျနော်တို့က တော်လှန်ရေးသမားဖြစ်တဲ့အတွက် ဒီတော်လှန်ရေးကာလမှာ အခက်အခဲတော့ အများကြီးရှိတယ်။ ဒါပေမယ့်အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားမယ်လို့ ခံယူထားတယ်။ လုပ်ဆောင်ဖို့လည်းရှိတယ်။ ဒီလိုရှုပ်ထွေးတဲ့အခြေအနေမှာ ကောင်းမွန်တဲ့အခြေအနေတစ်ခုကိုတော့ သွားစေချင်တယ်။ နောက်တစ်ခုကလည်း ပညာရေးစနစ်နဲ့ပတ်သက်ပြီး ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် လောလောဆယ် ကိုယ်ထူကိုယ်ထ စနစ်ပဲ သွားစေချင်တယ်။

ဒီအခြေအနေမှာတော့ ကျနော်တို့နိုင်ငံမှာဆိုရင် ကောင်းတဲ့ပညာရေးစနစ်ဆိုတာ မရှိသေးဘူး။ ဒါပေမယ့် ကျနော်တို့က ကိုယ့်အားကိုယ်ကိုးနဲ့ အဆင်ပြေအောင် သွားနေတဲ့ ပညာရေးစနစ်ဘဲ ရှိသေးတယ်လို့ မြင်တယ်။ ကလေးတွေ ပညာသင်ယူနိုင်ဖို့က အခက်အခဲတော့ အများကြီးရင်ဆိုင်ရအုံးမှာပဲလို့ပြောချင်ပါတယ်။ 

Most read this week

January 22, 2025
ငွေကြေးလိမ်လည်ဖြားယောင်းမှု (ကျားဖြန့်) ပြဿနာအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို...
January 22, 2025
မောင်ကျော်စွာ — အခုတလော ကျယ်ကျယ်လောင်လောင် ဖြစ်လာနေတဲ့ မြန်မာ - ထိုင်း နယ်စပ်၊ မြဝတီ -...
January 16, 2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည့်...
January 14, 2025
ရှမ်းပြည်နယ် တောင်ပိုင်းရှိ စစ်ရှောင်များအတွက် နိုင်ငံတကာမှ ပေးပို့သည့် လူသားချင်းဆိုင်ရာ...