ရခိုင်ပြည်အမျိုးသားကောင်းစီ (ANC) ဗဟိုအလုပ်အမှုဆောင် ကောင်မတီ (CEC) ဗိုလ်မှူးကြီး မင်းထွန်း နှင့်တွေ့ဆုံခြင်း

ရခိုင်ပြည်အမျိုးသားကောင်းစီ (ANC) ဗဟိုအလုပ်အမှုဆောင် ကောင်မတီ (CEC) ဗိုလ်မှူးကြီး မင်းထွန်း နှင့်တွေ့ဆုံခြင်း
by -
ကန္တရဝတီ
NCA လက်မှတ်မရေးထိုုးရသေးတဲ့ ညီညွတ်သော တိုုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်တပ်မတော် (Arakan Army)မှာ စစ်ဦးစီးချုပ်တစ်ဦးဖြစ်တဲ့အပြင် ရခိုင်ပြည်အမျိုးသားကောင်းစီ (ANC) မှာ ဗဟိုအလုပ်အမှုဆောင် ကောင်မတီ (CEC) နဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) မှာလည်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး မင်းထွန်းကိုု ပြည်ထောင်စု ငြိမး်ချမ်းရေးညီလာခံ ၂၁ရာစုပင်လုံအပေါ် အမြင်နဲ့ ရှေ့ဆက်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ သတ်ပက်ပြီး မေးမြန်းထားတာကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

မေး။ ။UNFC အနေနဲ့ ငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးကြတဲ့အခါ ဘယ်အချက်တွေက အဓိက အခက်အခဲဖြစ်နေသလဲ။

ဖြေ။ ။ အခု အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ လက်မှတ်ထိုးထားတဲ့ NCA ဟာ မူကြမ်းအဆင့်ပဲရှိပါသေးတယ်။ အကြေအလည် သဘောတူညီမှုရထားတဲ့ မူချောအဆင့်မဟုတ်ဘူး။ ဒါကို တပ်ဖက်က ပြန်လည်ပြင်ဆင်ခွင့်လည်း မပေးတော့ဘူး။ ပူးတွဲသဘောတူညီချက်တွေ၊ နောက်ဆက်တွဲတွေနဲ့ အခက်အခဲကျော်လွှားဖို့ နည်းနာရှာတာလည်း သိပ်သဘောမတူချင်တော့ဘူးဆိုတဲ့အခါကျတော့ ဒါကတစ်ဆို့မှုဖြစ်စေပါတယ်။ နောက် အားလုံးပါ၀င်ခွင့်နဲ့ပတ်သက်လို့ ကန့်သတ်ထားတာတွေ၊ မြေပြင်ထိုးစစ်တွေ မရပ်သေးတဲ့အပေါ်မှာ ငြိမ်းချမ်းရေး၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေဖက်က ဗမာ့တပ်မတော်ရဲ့ ဆန္ဒသဘောထားနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေဖြစ်နေပါတယ်။

မေး။ ။ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်ခဲ့ပြီး အခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သား အစိုးရတက်လာချိန်မှာ ဆွေးနွေးကြတဲ့အခါ ဘယ်လို တိုုးတက်မှုတွေနဲ့ မတူညီမှုတွေကို တွေ့ရသလဲ။

ဖြေ။ ။ စစ်တပ်ဖက်က အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှု၊ လိုက်လျောညီထွေရှိမှု ပိုမိုအားနည်းလာသလို ခံစားရပါတယ်။ ဟိုတုန်းကတော့ အထက်ကိုတင်ပြရမယ်ဆိုရင် ကြံ့ခိုင်ရေးပါတီအစိုးရတဖက်တည်း တလမ်းကြောင်းတည်းကိုပဲသွား တယ်။ အခုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြလမ်းညွှန်မှုခံယူတဲ့လိုင်းကတစ်လိုင်း၊ ကာချုပ်ဆီကို တင်ပြလမ်းညွှန်မှုခံယူတဲ့လိုင်းကတစ်လိုင်း နှစ်လိုင်းလိုဖြစ်နေတယ်။ ဆွေးနွေးရာမှာ ပိုမိုပြီးတော့ ပျော့ပြောင်းလာတာ၊ အပြုသဘော ဆောင်လာတာရှိပေမယ့် အစိုးရအနေနဲ့ အပြတ်ဆုံးဖြတ်ချက်ချပေးဖို့က စစ်တပ်မျက်နှာကို ကြည့်နေရတဲ့ သဘောမျိုးဖြစ်နေတယ်။ တခါတလေ အစိုးရနဲ့တပ်ကြား အမြင်သဘောထားတွေကွဲလွဲတာတွေများလာရင် မြေပြင်တိုက်ပွဲတွေ အရှိန်အဟုန်ပိုမြင့်လာသလား လို့တောင် ခံစားရပါတယ်။

မေး။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံ ပထမအကြိမ်နဲ့ အခုလုပ်နေတဲ့ ဒုတိယအကြိမ်အစည်းအဝေးရဲ့ကွဲဲလွဲချက်၊ အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်ပေးပါအုံး။

ဖြေ။ ။ – လူတိုင်းထင်သာမြင်သာရှိတဲ့ ကွဲလွဲချက်ကတော့ တစ်နိုင်ငံလုံးအပတ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း မသွားဘူးပြောတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဒီညီလာခံကို တက်ရောက်ခဲ့ပြီး NCA လမ်းကြောင်းအတိုင်းသွားဖို့ နည်းလမ်းရှာနေတဲ့ UNFC က ဒီညီလာခံကို မတက်ရောက်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေ ညီလာခံကိုရောက်လာတာကို အစိုးရအနေနဲ့ အားသာချက်လို့ မြင်ရင်တော့ မြင်နိုင်တယ်ပေါ့လေ။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ဘဝင်မကျတာက အစိုးရဖက်ကလည်း ဖိတ်ချင်လို့ ဖိတ်ခဲ့တာမဟုတ်သလို မြောက်ပိုင်းမဟာမိတ်ဖက်ကလည်း တက်ချင်လို့တက်ခဲ့ရတာမဟုတ်ဘူးဆိုတဲ့ အနေအထားပါ။ ဒီပုံစံနဲ့တော့ စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့က တော်တော့်ကို အလှမ်းဝေးနေအုံးမှာပါ။

-အားနည်းချက်အပိုင်း ပြောရရင်တော့ ကျွန်တော်တို့နားလည်တဲ့ ပင်လုံဆိုတာက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်ရွယ်ပြုလုပ်တဲ့ တိုင်းပြုပြည်ပြုညီလာခံဖြစ်တယ်။ (၄၇)၊ (၇၄)၊ (၂၀၀၈) ဖွဲ့စည်းပုံရဲ့အပြင်မှာ၊ အပေါ်မှာရှိတယ်။ ဒီညီလာခံမှာ အတိတ်ကဘာတွေဖြစ်ခဲ့တယ်၊ ဘာကြောင့်ဖြစ်ခဲ့တယ်၊ နောက်နောင် အလားတူ ပဋိပက္ခတွေမဖြစ်ရအောင် ဘယ်လိုကာကွယ်ကြမယ်ဆိုတဲ့ ကိစ္စရပ်တွေကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ ရိုးသားပွင့်လင့်စွာ ညှိနှိုင်းအဖြေရှာကြရမှာဖြစ်ပါတယ်။

-ပင်လုံလို့ပြောလာရင် အနှစ်သာရအားဖြင့် အခြေခံအချက် (၂) ချက်ပဲရှိတယ်။ တချက်က တန်းတူရေး အခြေခံမူနဲ့ ပူးပေါင်းမယ်။ နောက်တချက်က အတူနေလို့အဆင်မပြေရင် ခွဲထွက်ပိုင်ခွင့်ရှိတယ်။ (၁၉၄၇) ကတည်းက ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ပင်လုံကတိကဝတ်အတိုင်း အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါကို ဖက်ဒရယ်မူဆိုတာ ခွဲထွက်ရေးမူပါလို့ စွပ်စွဲပြီး စစ်တပ်ကအာဏာသိမ်းခဲ့တယ်။

-ဗမာခေါင်းဆောင်တွေအနေနဲ့ ခုချိန်ထိ ပင်လုံစာချုပ်၊ စိတ်ဓာတ်နဲ့ ကတိကဝတ်တွေကို ဘယ်လိုအာမခံချက်ပေးနိုင်အောင် လုပ်မယ်ဆိုတာကို နည်းလမ်းမရှာဘဲ ပြည်ထောင်စုက ခွဲမထွက်ဖို့ကိုပဲ နိုင်ငံရေးတရားဟောသလိုလို၊ ဆူပူကြိမ်းမောင်းသတိပေးသလို လုပ်နေကြတာကတော့ ပင်လုံရဲ့ အနှစ်သာရကို အထူးပဲ ညစ်ညမ်းစေပါတယ်။ ကျွန်တော်တို့တိုင်းရင်းသးာတွေ ညီလာခံတက်လာတာ ပြည်ထောင်စုအရေး တန်းတူဆွေးနွေး အဖြေရှာဖို့ပဲဖြစ်ပါတယ်။ ဗမာခေါင်းဆောင်တွေဆီမှာ အဆူပူအကြိမ်းမောင်းခံဖို့ တရားဟောတာနားထောင် ဖို့မဟုတ်ပါဘူးလို့ ပြောလိုပါတယ်။

မေး။ ။ ဒီတစ်ခေါက်အစည်းအဝေးမှာဆိုရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေတက်လာတယ်ပေါ့နော်။ အဲ့ဒီအပေါ်မှာ UNFC အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ မြောက်ပိုင်းအဖွဲ့တွေ ကို်ယ်တိုင်လည်း ထုတ်ပြောသွားကြတာတွေရှိပါတယ်။ သူတို့အနေနဲ့ အများနဲ့တန်းတူ အခွင့်အရေးမရရင်၊ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးခွင့်မရရင် မတက်လိုဘူး။ တရုတ်ဖိအားကြောင့်သာ တက်လာရတာဖြစ်တယ်။ ဖိတ်ကြားသူတွေဖက်ကလည်း တရုတ်က မေတ္တာရပ်ခံလို့သာ ဖိတ်ရတာပါဆိုတဲ့ အသံတွေထွက်လာတာရှိတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးမှာ အိမ်နီးချင်းနိုင်ငံတွေက ၀ိုင်းဝန်းကူညီတာ ကောင်းပါတယ်။ ဒါပေမယ့်လို့ တဖက်ဖက်ကို အတင်းအကြပ် ဖိအားပေးတဲ့ပုံစံမျိုးပဲဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုထိပါးစေတဲ့ ၀င်ရောက်စွက်ဖက်မှုမျိုးဖြစ်ဖြစ် ရှိလာရင်တော့ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ ကြားဝင်ရတဲ့ နိုင်ငံအတွက်လည်း နိုင်ငံတကာဆက်ဆံရေး ဓလေ့ထုံးတမ်းတွေကို ဖောက်ဖျက်ရာရောက်သလို လိုက်နာရတဲ့ နှစ်ဖက်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေနဲ့လည်း ကိုယ့်အချင်းချင်းမသင့်မြတ်လို့ သူများကြားဝင်ပေးရတာ၊ တဖက်နိုင်ငံရဲ့သြဇာကို နာခံနေရတာ ကမ္ဘာ့အလယ်မှာ မျက်နှာနာစရာလို့မြင်ပါတယ်။

မေး။ ။ အခု ကျင်းပနေတဲ့ ၂၁ရာစုပင်လုံမှာ UNFC မတက်လိုက်ရလို့ ဆွေးနွေးပွဲတွေမှာဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချနိုင်ခဲ့မယ်ဆိုရင် UNFC အဖွဲ့ဝင်တွေအတွက် ဘယ်လိုု ဆုံးရှုံးမှုတွေဖြစ်ပေါ်စေနိုုင်လဲ။

ဖြေ။ ။ ဒါမျိုးဖြစ်လာခဲ့ရင် UNFC အတွက် ဆိုတာထက် တစ်တိုင်းပြည်လုံးအတွက် နစ်နာပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကိုတောင် အားလုံးသဘောတူလက်ခံနိုင်တဲ့အဆင့်ရောက်အောင် မလုပ်နိုင်သေးဘူး။ မြေပြင်ထိုးစစ်တွေ မရပ်သေးဘူး။ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေ တော်တော်များလည်း ဆွေးနွေးပွဲအခင်းအကျင်းထဲ ပါမလာကြသေးဘူး။ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေကိုလည်း လွတ်လွတ်လပ်လပ် ကျင်းပခွင့်ပေးမထားဘူး။ ဒီအခြေခံအောက်မှာလုပ်တဲ့ ဆုံးဖြတ်ချက်တွေဟာ လုပ်ပိုင်ခွင့်ရှိသူ လူနည်းစုကိုပဲကိုယ်စားပြုမယ်။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးရဲ့ ဆန္ဒကို မထင်ဟပ်နိုင်ပါဘူး။ ရေရှည်လည်း တည်တံ့နိုင်မှာမဟုတ်ပါဘူး။ ရေရှည်တည်တံ့ခဲ့ရင်လည်း ပြည်သူလူထုအကျိုးကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့မြင်ပါတယ်။

မေး ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ UNFC အနေနဲ့ ရှေ့ဆက် ဘယ်လိုလုပ်ဆောင်သွားမလဲ။

ဖြေ။ ။ UNFC အနေနဲ့ကတော့ NCA မှာ မကြေလည်သေးတဲ့ အချက်တွေကို သီးခြားအဆိုပြုချက်အနေနဲ့ တင်ပြဆွေးနွေးနေတယ်။ ဒါကိုလက်ခံသဘောတူရင် NCA နဲ့ ချိတ်ဆက်နိုင်မယ့် လမ်းကြောင်းရှာမယ်။ ငြိမ်ချမ်းရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်များနဲ့ပတ်သက်လို့ အပြန်အလှန် ကတိကဝတ်ပြုချက် (Deed of Commitment) လက်မှတ်ထိုးမယ်။ နောက် NCA ရေးထိုးမယ့် အဆင့်ကိုသွားပါမယ်။ တစ်ဖက်မှာလည်း မြောက်ပိုင်းမဟာမိတ်တွေက NCA ပြင်ဆင်ရေး လမ်းကြောင်းပေါ် ရောက်လာရင်တော့ သူတို့နဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး အတူတကွ နည်းနာရှာတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကံသေကံမတော့ ပြောလို့မရသေးပါဘူး။

မေး။ ။ UNFC ကနေ အဖွဲ့ဝင်အချို့ ခွဲထွက်သွားတဲ့အပေါ်မှာကော UNFC ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲ။

ဖြေ။ ။ UNFC က မူကို အခြေခံထားပြီးတော့မှ ညှိနှိုင်းဆွေးနွေးမှုကို လုပ်နေတာဖြစ်ပါတယ်။ အင်အားအခြေခံနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းထွင်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် မူအရရပ်တည်မယ့် အဖွဲ့အစည်းတွေရှိနေသရွေ့ UNFC ရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကိုဘယ်လိုသက်ရောက်မှုမှရှိမှာ မဟုတ်ပါဘူး။ တစ်ဖက်ကလည်း UNFC က ခွဲထွက်သွားတယ်ဆိုရလောက်အောင် KIO တို့ WNO တို့က နှုတ်ထွက်စာ တင်ထားတဲ့ အဆင့်ပဲရှိပါသေးတယ်။ လာမယ့်ညီလာခံမှာပဲ အတည်ပြုဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါကလည်း UNFC ရဲ့ မူကိုလက်မခံလို့မဟုတ်ဘဲ အဆိုပြုချက် (၉)ချက်ကို ညှိနှိုင်းဆွေးနွေးရာမှာ ဖြစ်ပေါ်တိုးတက်မှု နှောင့်နှေးနေတဲ့အပေါ်မှာ ပထဝီအနေအထားအရ နီးစပ်ရာအဖွဲ့များနဲ့ လမ်းကြောင်းသစ်ရှာရမယ့် အနေအထားမျိုးဖြစ်လာတာပါ။

မေး။ ။ အခုညီလာခံမှာဆိုရင် လုံခြံုရေးကဏ္ဍ ဆွေးနွေးမှုတွေမှာ တစ်ခုတည်းသော တပ်မတော်ထားရှိရေးကို ဆွေးနွေးမယ်လို့ သိရတယ်။ ဒီအပေါ်မှာ UNFC ဘက်က သဘောထားသိပါရစေ။

ဖြေ။ ။ တစ်ခုတည်းသော တပ်မတော်ထားရှိရေးဆိုတာနဲ့ ပတ်သက်လို့တော့ ထွေထွေထူးထူး အငြင်းပွါးစရာမရှိပါဘူး။ ဒါပေမယ့် ဘယ်လို တစ်ခုတည်းသော တပ်မတော်လည်းဆိုတာနဲ့ ပတ်သက်လို့ကတော့ အမြင်သဘောထား ညှိနှိုင်းဖို့လိုပါတယ်။ ကျွန်တော်တို့ လက်ခံထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဟာ အခြေခံအားဖြင့် လူသားလုံခြံုရေး (Human Security) ကို မထိပါးရဘူး။ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ လက်အောက်မှာ ရှိရမယ်။ ပြည်ထောင်စုတပ်ကို ပြည်နယ်တပ်တွေနဲ့ စုဖွဲ့ရမယ်။ ပြည်နယ်အစိုးရရဲ့ လက်အောက်မှာ ပြည်နယ်တပ်၊ ပြည်နယ်ရဲတွေ သီးခြားဖွဲ့စည်းခွင့်ရှိရမယ်။ စစ်တပ်ဟာ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဘဝလုံခြံုရေးအတွက် ဖွဲ့စည်းထားတဲ့ ရဲအဖွဲ့၊ ထောက်လှမ်းရေးအဖွဲ့စသည်တို့နဲ့ ကင်းရှင်းရမယ်။ ဒါကျွန်တော်တို့ လက်ခံထားတဲ့ တခုတည်းသော တပ်မတော်နဲ့ပတ်သက်တဲ့ သဘောထားဖြစ်ပါတယ်။

မေး။ ။တစ်ခြားဖြည့်စွက်ပြောပြချင်တာရှိသေးလား။

ဖြေ။ ။ ဒီကနေ့ နိုင်ငံရေးအချိုးအကွေ့ဟာ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုုက်သည်ဖြစ်စေ ရင်ဆိုင်ဖြတ်သန်းရမယ့် ဖြစ်စဉ်တခုပါပဲ။ ဒါကို ဘေးထိုင်ဘုပြောပြီး အချင်းချင်းငြင်းခုံ အချိန်ကုန်ခံနေကြမလား။ ကျွန်တော်တို့အားလုံး စုစည်းညီညွတ်မှု၊ ညှိနှိုင်းပြင်ဆင်မှုနဲ့ အဆိုးထဲကအကောင်း၊ အရှုံးထဲကအမြတ်ထွက်အောင် ပြင်ဆင်မလားဆိုတာ အမြန်ဆုံး စဉ်းစားအဖြေထုတ်ရမယ့် အချိန်ရောက်နေပါပြီလို့ ပြောချင်ပါတယ်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...