၂၁ရာစုပင်လုံ စင်မြင့်ပေါ်က တရားပြသူနဲ့ ဓားပြနေသူများအကြောင်း

၂၁ရာစုပင်လုံ စင်မြင့်ပေါ်က တရားပြသူနဲ့ ဓားပြနေသူများအကြောင်း
by -
ကေအိုင်စီ
မေလ ၂၄ရက်နေ့က ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး စတင်ကျင်းပခဲ့ပါတယ်။ မေလ ၂၄ရက်မှ မေလ ၂၈ရက်နေ့ အထိ (၅)ရက်တိုင်တိုင် ကျင်းပမယ်လို့ ဆိုပါတယ်။ ဖွင့်ပွဲနေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ (USDP)ပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးတို့ ကိုယ်စီ အဖွင့်အမှာစကားတွေ ပြောခဲ့ကြပါတယ်။

အဖွင့်အမှာစကားတွေက ကိုယ်စီရပ်တည်ချက်နဲ့ သဘောထားတွေကို သဘာဝကျစွာပဲ ထင်ဟပ်နေပါတယ်။ ဘယ်သူဟာ ဘယ်ဘက်မှာ ရပ်တည်နေပြီး ဘယ်လိုသဘောထားအမြင် ကိုင်စွဲထားတယ်ဆိုတာလည်း ပေါ်လွင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ မန်းဝင်းခိုင်သန်းတို့ ပြောသွားတာတွေဟာ ဆန္ဒတွေ၊ တရားဓမ္မတွေ ထုံမွှမ်းနေတာဆိုတော့ နားထောင်ရတာ အင်မတန်မှကောင်းလှပါတယ်။ နားဝင်ပီယံရှိတယ်လို့ ဆိုရမှာပါ။

ခက်တာက “၂၁ ရာစုပင်လုံစင်မြင့်” ပေါ်ကနေ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က “တရားဓမ္မတွေပြသ”ပြီး နားချဟောပြောနေ ပေမယ့်။ တစ်ဖက် အုပ်စုဖြစ်တဲ့ ကာချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ (ကြံ့ဖွံ့ပါတီ) ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးတို့ကတော့  “ဓားပြပြီး၊ ဓားကြိမ်း” ကြိမ်းနေပါတယ်။

ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ (USDP)ပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးတို့ပြောစကားတွေကတော့ အဖေတူသားတွေ၊ တစ် ကျောင်းထဲဆင်း၊ တစ်တပ်ထဲထွက်တွေဆိုတော့ ကြောင်းတူသံတူရှိလှတာဟာ သိပ်မဆန်းကျယ်ပါဘူး။

ဦးသန်းဋ္ဌေးမိန့်ခွန်းက ( ပါးစပ်ပါလို့ပြောတာပဲ ) ဆိုတဲ့  ဦးဝင်းထိန် ဝေဖန်ချက်ကို မခံချင်လို့ ထင်ပါရဲ့ အိမ်စာလုပ်ပြီး အသေအ ချာ ပြင်ဆင်ခဲ့ပုံပါပဲ။ “ဒို့တာဝန်အရေးသုံးပါး”ဟာ (နဝတ-နအဖ)စစ်အစိုးရသာ မူလပိုင်ရှင်ဖြစ်ကြောင်း ကြော်ငြာထိုးသွားပါ တယ်။

“အခြေခံဥပဒေ၊ ခွဲထွက်ခွင့်” တို့နဲ့ပတ်သက်တဲ့ စတုတ္တတန်းကျောင်းသား ဗဟုသုတလေးတွေကို သူတစ်ယောက်ထဲ ပထမဆုံး တူးဖော်တွေ့ရှိတာလိုလို ပြောသွားပါတယ်။

၂၁ ရာစုပင်လုံ (ပထမအစည်းအဝေး) [၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၁ - စက်တင်ဘာ ၂ ] မှာ အဖွဲ့အစည်းအသီးသီးက မိမိတို့ သဘောထားအမြင်တွေ လွတ်လပ်စွာ တင်ပြခဲ့ကြတာနဲ့ပတ်သက်ပြီး “နိုင်ငံအမည် ပြောင်းလဲရေး၊ ကာချုပ်အလှည့်ကျ ဆောင် ရွက်ခွင့်၊ ပြည်နယ်သစ်တောင်းဆိုမှု၊ ခွဲထွက်ခွင့်ပါသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” စတာတွေနဲ့ပတ်သက်ပြီး ဦးသန်းဋ္ဌေး သွေးလေ ခြောက်ခြားနေပုံ ရပါတယ်။ “ပြည်ထောင်စုကြီးနောင်ရေးအတွက် ရတက်မအေးဖြစ်ရပါတယ်”တဲ့။

“ပြည်ထောင်စုကြီး”အတွက် “သူတို့စိုးရိမ်တယ်/ ရတက်မအေးဖြစ်ရတယ်” ဆိုတာ တကယ်တော့ အသားလိုလို့ အရိုးတောင်း သံ ဖြစ်ပါတယ်။

ဒါ့အပြင် ဟိုတလောဆီက (UPDJC) မှာ သဘောတူပေါ်ထွက်လာတဲ့ “ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲခွင့်” ဆိုတာနဲ့ပတ်သက်ပြီး စိတ်ကူးဖဲရိုက်နေကြသူတွေရဲ့ စိတ်ကူးယဉ်ပူဖေါင်းကို ထိုးဖောက်လိုက်တဲ့စကားကိုလည်း ဦးသန်းဋ္ဌေးက အခုလို ခပ်ထန်ထန် ထည့်ပြောသွားပါတယ်။

“တိုင်းဒေသကြီး၊ပြည်နယ်များအလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနဲ့ ပတ်သက်၍ တင်ပြရလျှင် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အခေါင်အချုပ် ဖြစ်တဲ့အတွက် ပြည်နယ်တိုင်းဒေသကြီးများရဲ့ အခြေခံဥပဒေဟာ ပြည်ထောင်စုရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့တော့ ညီညွတ်ဖို့လိုပါတယ်၊ ကွဲလွဲခွင့်၊ ကျော်လွန်ခွင့် မရှိပါ။ ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင် ခြင်း မရှိစေရပါဘူး”တဲ့။

သူ ဒီလိုပြောရတာဟာ “တရားဥပဒေစိုးမိုးမှု၊ ဥပဒေကိုလေးစားလိုက်နာမှု၊ ဥပဒေနဲ့အညီဖြစ်မှုတို့ကို အုပ်ချုပ်သူ လူတန်းစားရော၊ အုပ်ချုပ်ခံပြည်သူများအကြားမှာပါ အလေးအနက်ထားတတ်တဲ့ အလေ့အကျင့် နည်းပါးနေသေးလို့ လက်တွေ့ဖြစ်ရပ်များက သက်သေပြနေတဲ့အတွက် ပြည်ထောင်စုအကျိုးကို ရှေ့ရှုပြီး ယခုလို တင်ပြရခြင်းဖြစ်ပါတယ်”တဲ့။

“မကွေး၊ ဧရာဝတီ၊ စစ်ကိုင်းတိုင်းဒေသကြီးတွေ”မှာက ပေါ်ပေါက်လာနေတဲ့ ကြံ့ဖွံ့အစိုးရဟောင်းရဲ့ငွေကြေးခြစားမှုတွေဟာ “တရားဥပဒေစိုးမိုးမှု၊ ဥပဒေကို လေးစားလိုက်နာမှု၊ ဥပဒေနဲ့အညီဖြစ်မှု” တို့နဲ့ ကိုက်ညီပါရဲ့လား ဦးသန်းဋ္ဌေးလို့မေးရင် ဘယ်လို များဖြေမလဲ ဆိုတာ သိချင်ပါတယ်။

ပြီးတော့ သူဟာ “မျိုးချစ်”တစ်ယောက်ဖြစ်ကြောင်း ပေါ်လွင်အောင်ဖော်ပြနေတဲ့ စကားလုံးတစ်လုံးကိုလည်း ထည့်သွင်းပြောဆို သွားတာကို ကြားလိုက်မိပါတယ်။ “အသက်ဝိဉာဏ် အချုပ်အခြာအာဏာကို မျိုးမတူ ဇာတ်ခြားတဲ့ တိုင်းတစ်ပါးသား လက်ထဲ အပ်ချင်သလား” တဲ့။

ဒါ့အပြင် “ကျွနု်ပ်နဲ့ စကားပြောချင်တယ်ဆိုရင် တဲထဲကို ဝင်လာနိုင်ပါတယ်၊ ဒါပေမယ့် သင့်ရဲ့ဓားတွေကိုတော့ တဲပြင်မှာ ထား ခဲ့ပါ”ဆိုတဲ့စကားကို ကိုးကားထားပါတယ်။ အမှန်ပါပဲ “၂၀၀၈ အခြေခံဥပဒေ” ဆိုတဲ့ “တဲ” ထဲဝင်လာဖို့ဆိုရင် “လက်နက်ချ”ရမှာ ပေါ့။ တဲထဲက ငါတို့အားလုံး ကိုယ်စီသေနတ်ကိုင်ထားတယ်ဆိုတဲ့အချက် ထည့်ပြောမထားပေမယ့် ဒါကိုအားလုံးက သဘော ပေါက်ကြပါတယ်။

(KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးရဲ့စကားကတော့ ကာချုပ်တို့ ဦးသန်းဋ္ဌေးတို့ဘက်ကို ယိမ်းနေတာ သတိပြုမိကြမှာပါ။ ညီလာခံ အကြိမ်အရေအတွက် သတ်မှတ်ပြောဆိုရာမှာ ဦးသန်းဋ္ဌေးတို့နဲ့ တစ်လေသံထဲထွက်ပါတယ်။ ဒါလည်း မဆန်းလှပါဘူး။ “သမ္မတ ဦးသိန်းစိန်ပဲ သမ္မတကြီး ဆက်လုပ်ပါ”လို့ လူသိနတ်ကြား အဘိယာစက ပြုခဲ့ဖူးတာပဲမဟုတ်လား။ ဒါ့အပြင် “တပ်မတော်” က လည်း (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုးကို “ဟိုခေါ်ပြ၊ ဒီခေါ်ပြ” နဲ့ဆိုတော့၊ စောမူတူးစေးဖိုးဟာ  “ဒီချုပ်ပါတီ၊ဒီချုပ်အစိုးရ”တို့နဲ့သာ ဖက်လဲတကင်း မတွေ့ရပေမယ့်၊ အစိုးရဟောင်းဖြစ်တဲ့ ကြံ့ဖွံ့ပါတီ၊ တပ်မတော်တို့နဲ့ ရင်ချင်းအပ်ပြီး အလွမ်းသင့်လှတာကို အားလုံးက ကောင်းကောင်း သတိပြုမိကြပါတယ်။

ဒါ့အပြင် ဒီကနေ့ “နိုင်ငံတော်၏အတိုင်ပင်ခံ” ဦးစီးပြီး ခရီးနှင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ “တင်းတင်းကြပ်ကြပ် အချိန် အကန့် အသတ်ထားလျက် ရလဒ်ရရေး ဦးတည်နေတာ”ကို ပြန်လည်သုံးသပ်ဖို့ စောမူတူးစေးဖိုးက ထောက်ပြထားတာ တွေ့ရပါတယ်။

(KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးရဲ့ အဲဒီပြောဆိုချက်က “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန်ဇယားသတ်မှတ်ပြီး ဘယ်နှနှစ်အတွင်း ပြီးရမယ်၊ သူ့လက်ထက်မှာ ပြီးအောင်လုပ်မယ်၊ ကိုယ့်လက်ထက်မှာ ပြီးအောင်လုပ်မယ်ဆိုတဲ့ ကြိုတင်တွေးတော ပိုင်းဖြတ်မှုများ ဟာလည်း စိတ်ကူးယဉ်ဆန်” တယ်လို့ ထည့်သွင်းပြောသွားတဲ့ ဦးသန်းဋ္ဌေးပြောဆိုချက်နဲ့ အသံချင်းတူနေပါတယ်။

ဒါကြောင့် ၂၁ရာစုပင်လုံဖွင့်ပွဲနေ့မှာ ပြောသွားခဲ့ကြတဲ့ မိန့်ခွန်းတွေအနက် အဓိကအကျဆုံး မိန့်ခွန်းကတော့ ကာချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းပါပဲ။ ငြိမ်းချမ်းရေးဟာ စစ်တပ်သဘောတူမှ၊ စစ်အုပ်စုလက်ခံမှ၊ စစ်အုပ်စု ခင်းပေးထားတဲ့ လမ်းအ တိုင်း၊ ဘောင်အတိုင်းသာဖြစ်ရမယ်/ လျှောက်လှမ်းရမယ်/ တခြားလမ်းမရှိဘူး ဆိုတဲ့ အချက်ပါပဲ။

“ငြိမ်းချမ်းရေး မဟာဗျူဟာဖြစ်တဲ့ NCA လမ်းကြောင်း/ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ၆ရပ်”လို့ အတိအလင်း ထပ်မံထည့်ပြော သွားပြီးပြီမဟုတ်လား။

ဒါ့အပြင် “ဒါကို (NCA) လျစ်လျူရှုပြီး  အခြားလမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲလုပ်ဆောင်နေခြင်း ဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို မလိုလားခြင်းသာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်း အဖြေရှာရေးလမ်းစဉ်က သွေဖည်ပြီး လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်ရေးလမ်းစဉ်၊ လက်နက်စွဲ ကိုင်ပြီး အာဏာရယူရေးလမ်းစဉ်နဲ့ ပြည်ထောင်စုမှ ခွဲထွက်ရေးလမ်းစဉ်တို့ကို ဦးတည်နေကြောင်း ယူဆရမှာ ဖြစ်ပါတယ်”လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်က “ပန်ခမ်းလမ်းကြောင်း”ကို စစ်တပ်ဘက်က အတိအလင်း၊ အပြင်းအထန် တုန့်ပြန်ဆန့်ကျင်တာပါ။ ဒီသဘော ထားနဲ့ ပြောဆိုချက်က “ဒီချုပ်ပါတီအစိုးရ”ကိုပါ လွှမ်းမိုးနေပုံရပါတယ်။ “ပန်ခမ်းလမ်းကြောင်း”ကို စစ်တပ်က ယတိပြတ် ပယ်ချ တာပါ။

အထက်မှာတင်ပြခဲ့တာတွေဟာ မေလ ၂၄ရက်နေ့ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးဖွင့်ပွဲနေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေ ကို နှိုင်းယှဉ်ဖတ်ရှုပြီးတင်ပြခဲ့တာပါ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်နဲ့  ဒီချုပ်ပါတီ အစိုးရ လက်ဝယ်မှာ အကောင်အထည်မဲ့ဆန္ဒတွေရှိနေတာ၊ ဒီဆန္ဒတွေကိုကြားရသိရတာဟာ အင်မတန်မှ စိတ်လှုပ်ရှားဖွယ်၊ တက်ကြွ ဖွယ်ကောင်းတာ အမှန်ပါပဲ။

တစ်ဖက်မှာ ဒီဆန္ဒတွေ၊ ကောင်းမွန်လာရေး စိတ်ကူးစိတ်သန်းတွေကို တားဆီးနှောင့်ယှက်၊ ဖျက်လိုဖျက်ဆီးလုပ်နိုင်တဲ့ “၂၀၀၈ အခြေခံဥပဒေ၊ တပ်မတော်၏ ငြိမ်းချမ်းရေးမူ ၆ရပ်၊ NCA စာချုပ်” ဆိုတဲ့ လက်တွေ့အကြောင်းအချက်များဟာ ကာချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်အုပ်စုလက်ထဲမှာ ရှိနေတာဆိုတာကလည်း ဘယ်သူမှ အငြင်းမပွားနိုင်တဲ့အချက်ဖြစ်ပါတယ်။

-      မှတ်ချက် ။  ။ ၂၅-၅-၂၀၁၇) ကြေးမုံသတင်းစာတွင် ဖော်ပြထားသော မိန့်ခွန်းများမှ အချက်အလက်များကို ကိုးကားပါတယ်။

Most read this week

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
March 21, 2023
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့်...
April 27, 2022
“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။...
March 28, 2022
“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင်...