ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဒုတိယ ဥက္ကဌ ဦးခိုင်စိုးနိုင်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဒုတိယ ဥက္ကဌ ဦးခိုင်စိုးနိုင်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
by -
ကေအိုင်စီ
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ-ALP အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၊ စစ်တွေ ဟိုတယ်၌ သမ္မတ ဦးသိန်းစိန် အစိုးရမှ တာဝန်ပေးသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နှင့် ပဏာမ ပစ်ခတ်ရပ်စဲရေး ဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ သဘော တူစာချုပ် (NCA)ကို လက်မှတ်ထိုးရာတွင် အခြားသော လက်နက်အဖွဲ့ ရဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားပြီး ၂၀၁၆ခုနှစ် သြဂုတ်လ ၃၁ရက်မှ စက်တင်ဘာ ၃ရက်နေ့အထိ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ  ၂၁ရာစု ပင်လုံပထမအကြိမ်အစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့သည်။

၂၀၁၇ခုနှစ်၊ မေလ ၂၄ရက်နေ့တွင် စတင်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောစာချုပ် (NCA)ကို လက်မှတ်ထိုးထားသည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အနေဖြင့် ကိုယ်စားလှယ် ၁၉ ဦးတက်ရောက်မည်ဖြစ် သည်။

အဆိုပါ ညီလာခံအတွက် ကြိုတင်ပြင်ဆင်ထားမှု အခြေအနေ၊ တင်ပြဆွေးနွေးမည့်အကြောင်းအရာနှင့် ညီလာခံအပေါ် ၎င်းတို့၏ မျှော်လင့်ချက်များကို ညီလာခံသို့ တက်ရောက်မည့် ALP ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားမည့်သူ ဒုတိယ ဥက္ကဌ ခိုင်စိုးနိုင်အောင်အား ကေအိုင်စီသတင်းဌာနမှ တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

----------
မေး။ ။ ၂၁ ပင်လုံညီလာခံကို တက်ရောက်ဖို့ ALP အနေနဲ့ ဘယ်လို ဆုံးဖြတ်ခဲ့တယ်။ ဘာတွေကြိုတင်ပြင်ဆင်ထားလဲ ဆိုတာ သိပါရစေ။

ဖြေ။ ။ ၂၀၁၇ ခုနှစ် ၊ မေလ (၂၄)ရက်နေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၊ (၂၁)ရာစုပင်လုံ ကျင်းပမယ်ဆိုပြီးတော့ JICM အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီအစည်းအဝေးမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်မပြုဘူး။ ဒါပေမဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုကျတော့ ကျင်းပခွင့်ပြု တယ်။ RCSSမှ လက်ခံကျင်းပမယ့်နေရာကို မပေးဘူး။ RCSS အနီးအနားမှာရှိတဲ့ အိမ်ခြေ သုံးလေးဆယ်လောက်ရှိတဲ့ဒေသ မှာပေးတယ်။ အဲဒါကြောင့် RCSS မကျင်းပဘူး။ ALP ကျတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်ဟာ ထိလွယ်ရှလွယ်ဖြစ်တဲ့အတွက် အမျိုးသားအဆင့် နို်င်ငံရေးဆွေးနွေးပွဲကို ခွင့်ပြုဖို့မလွယ်ပါလို့ပြောတယ်။ ပြောတော့ ကျနော်က တင်ပြတယ်။ နိုင်ငံတော်အတိုင်ပင်ခံပြောတဲ့ ရခိုင်ပြည် ထိလွယ်ရှလွယ်တယ်ဆိုတာ လက်တွေ့ မကျဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူး။ ထိလွယ်ရှလွယ်မဟုတ်တဲ့နေရာတွေကို ကျနော်တို့အကုန်သိပါတယ်။ သုံးကြိမ်သုံးခါ ခွင့်ပြုသင့်ပါ တယ်လို့ တင်ပြတယ်။ လက်မခံဘူး။

JMC  အစည်းအဝေးကို ပြတ်ပြတ်သားသား မငြင်းပယ်ခဲ့ဘူး။ အထူးသဖြင့် တိုင်းရင်း သားလက်နက်ကိုင် (၈)ဖွဲ့ရဲ့ စည်းလုံံး ညီညွတ်မှုကို မထိခိုက်လိုတဲ့အတွက် Positive (အပေါင်း လက္ခဏာ) သဘောဆောင်တဲ့ပြောဆိုမှုတွေ ပြောခဲ့တယ်။ ကျနော်တို့ ဆွေးနွေးကြတဲ့ အခါမှာ ရခိုင်ပြည်သူလူထုအတွင်းမှာ နိုင်ငံရေးပါတီများက၊ လူမှုအဖွဲ့အစည်းများက တက်ဖို့ သဘောထား မရှိဘူးဆိုရင် ကျနော်တို့ မတက်ဘူး ဆိုပြီတော့ သဘောထားရှိတယ်။ ဒါပေမဲ့လို့ လက်မှတ်ထိုးထားတဲ့ ကျန်ညီနောင်တိုင်းရင်းသား ရ ဖွဲ့ က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံ ၂၁ ရာစု ပင်လုံကို တစုံတရာ အားဖြည့်လိုတဲ့ အပေါ်မှာ ညီနောင်တိုင်းရင်းသားများတက်မယ်ဆိုပြီးတော့ စုလိုက်တယ်။

မေ ၁၃ နဲ့၁၄ ရက်နေ့မှာ ကျင်းပတဲ့ PPST နိုင်ငံရေးဖြစ်စဉ်ဦးဆောင်အဖွဲ့ အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပခဲ့တယ်။ အစည်းအဝေးမှာလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီအား အမျိုးသားအဆင့် ဆွေးနွေးပွဲ ခွင့်မပြုတဲ့အပေါ် လက်မှတ် ထိုးတာ ၈ ဖွဲ့မှာ အဖွဲ့တစ်ခုက အခက်အခဲဖြစ်လာလို့ရှိရင် ကျန်အဖွဲ့တွေ ၀ိုင်းပြီးတော့ တစ်သံတည်းထွက်ကြဖို့ တင်ပြ တယ်။ တင်ပြတော့  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလည်း နီးလာပြီးဖြစ်တဲ့အခါမှာ ကျနော်က ရခိုင်အမျိုးသားပါတီ အား အမျိုးသားအဆင့် သင့်တော်တဲ့နေရာမှာ ခွင့်ပြုသင့်ကြောင်း၊ အထူးသဖြင့် ABSDF နဲ ့ အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေ လက်မှတ်ထိုးပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံကို စာရေးသေးတယ်လို့ တင်ပြတယ်။ အဲဒါ အဆုံးအဖြတ်ကျတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို မိတ္တူပေးတယ်။ ကျန်တဲ့အဖွဲ့ ကော်မတီဥက္ကဌကို မိတ္တူပေးတယ်။ ဒါပေမဲ့ အဲဒီစာက ပြန်လာဖို့ မရှိသေးဘူး။

အမှန်က အဲဒီ NCA စာချုပ်အတိုင်းဆိုရင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြီးတဲ့အခါမှ UPDJC သွားရမယ်။ အဲဒီအ တိုင်းမဖြစ်ဘူး။ ဆိုတော့ ကျနော်တို့က အမျိုးသားအဆင့်ဆွေးနွေးပွဲ ကျင်းပခွင့် မရလို့ရှိရင် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဘာတင်ပြမလဲ။ တင်ပြစရာမရှိဘူး။ တင်ပြစရာမရှိရင် မတက်ရောက် လည်းဖြစ်တယ်။ ဒါပေမဲ့ ခုဏက ပြောခဲ့သလိုဘဲ။ အထူးသဖြင့် တိုင်းရင်းသားတချို့  ကရင်၊ ပအိုဝ်း၊ ချင်းနဲ့ ABSDF အဖွဲ့တွေက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ပြီးပြီဖြစ်တဲ့အတွက် သူ့မှာတင်ပြ စရာရှိတယ်။ ဆိုတော့ ကျနော်တို့က အကျိုးသဘောကို ရှေးရှုပြီးတော့ တိုင်းရင်းသားတွေကို အကျိုးပြုတဲ့ပုံစံမျိုး၊ ပြည်ထောင် စုငြိမ်းချမ်းရေး ညီလာခံကို အကျိုးပြုတဲ့ပုံစံမျိုး ယူဆတဲ့အပေါ်မှာ (၂၁)ရာစုပင်လုံညီလာခံကို တက်ရောက်တာဖြစ်တယ်။

နောက်ပြီးတော့ (၂၁)ရာစု ပင်လုံမှာ လက်မှတ်ထိုးတာ (၈)ဖွဲ့ ဒီကေဘီအေ (ဒီမိုကရေစီ အကျိုးပြု ကရင်တပ်တော်)နဲ့ PC(ကရင်ငြိမ်းချမ်းရေးကောင်စီ) မှ လွဲပြီ ကျန်တဲ့အဖွဲ့ဟာ ကိုယ်စားလှယ် (၁၉)ယောက်ရတယ်။ ဖွင့်ပွဲအခမ်းအနား တက်ဖို့အတွက် ကိုယ်စားလှယ်(၄)ယောက်ရတယ်။ PC နဲ့ ဒီကေဘီအေကတော့ (၁၈)ယောက်ရတယ်အဲလိုပေါ့။ ကွာခြားတာတော့ရှိတယ်။ ALP အနေနဲ့ ကိုယ်စားလှယ် (၁၉)ယောက် ၊ဖွင့်ပွဲအနေနဲ့ကတော့ (၄)ယောက်ပေါ့။ အမျိုးသမီး ပါ၀င်မှုက (၃)ယောက်၊ စောမြရာဇာလင်း၊ စောဖိုးရှင်း၊ စောစံငြိမ်းသူတို့ တက်မယ်။

မေး။ ။  ညီလာခံက စတင်တော့မယ်ဖြစ်ပါတယ်။ ဒါဆိုရင် ALP အနေနဲ့ ဘာအကြောင်းအရာတွေကို ဆွဲကိုင်ပြီး ညီလာခံမှာ ဆွေးနွေးဖို့ စဉ်းစားထားလဲ။

ဖြေ။ ။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမလုပ်ရင် တင်ပြစရာမရှိဘူးလို့ ခုနက ကျနော် အဲလိုပြောတယ်။ ဒါပေမဲ့လို့ UPDJC အတွင်းမှာ အမျိုးသားအဆင့်ဆွေးနွေးပွဲ လုပ်ခွင့်မရဘူးဆိုလို့ရှိရင် ပါတီအနေနဲ့ တင်ပြစရာရှိတာတွေကို တင်ပြ နိုင်တယ်လို့ ပြောတယ်။ ဒီတော့ ကျနော်ကတော့ စိတ်ကူးထားတာရှိတယ်။ အမျိုးသားအဆင့်နို်င်ငံရေး ဆွေးနွေးပွဲရလဒ်ကို တင်ပြခွင့် မရှိပေမဲ့လို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို တင်ပြမယ်။ ဖက်ဒရယ် ပြည်ထောင်စုဆိုသည်မှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ အာဏာခွဲဝေကျင့်သုံးရမယ်။

နောက်ပြီးတော့ အဲဒီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရင်လည်း ရှမ်း၊ ကချင်၊ ကယား၊ ရခိုင်၊ မွန်စတဲ့ တိုင်းရင်းသား ဆန္ဒ၊သဘောထားပေါ်မှာ အခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့လိုတယ်။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတာ နှစ်ပေါင်း ၃၀ လောက်က မဒတ(အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု)က ချမှတ်ခဲ့တဲ့စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု။ ဆိုလိုသည်မှာ ပြည်ထောင်စုအတွင်းမှာ ရှိတဲ့အတန်းစားလူမျိုးအားလုံး လွတ်လပ်မှု၊ တန်းတူမှု ဖြစ်ပေါ်ဖို့ရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတာဖြစ်တယ်။ နောက်ပြီး UPDJC အတွင်းရေးမှူးအဖွဲ့မှာ EAOs အဖွဲ့က ပါတယ်။ အစိုးရဘက်က ပါတယ်။ အဲဒီမှာ ဆွေးနွေးတဲ့အခါမှာ အစိုးရက နိုင်ငံတော်ပါ၀င်သော အစုအဖွဲ့များသည် မည်သည့်အခါမှ ခွဲမထွက်ရဆိုပြီးတော့ အဲလိုပြဌာန်းထားတာ ရှိတယ်။ မည်သည့် အခါမှ ခွဲမထွက်ရဆိုသည့် အဆိုပြုချက်ဟာ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် အထောက် အကူပြုတဲ့အပိုဒ်ဖြစ်တယ်လို့ အဲဒီလို့ ကျနော်နားလည်တယ်။ ဘာဖြစ်လို့ဆိုတော့ ဗမာအစိုးရ အနေနဲ့ဘဲဖြစ်တယ်။ အဲဒါကို မထည့်သင့်ဘူးလို့ ကျနော်တို့ တင်ပြမယ့် စာထဲမှာ ရေးမယ်။

မေး။ ။ ရခိုင်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ဘဲ ALP အနေနဲ့  (၂၁) ရာစုပင်လုံ  ဒုတိယအကြိမ် အစည်းအဝေးကို တက်ရောက်တဲ့အခါမှာ ရခိုင်တစ်မျိုးသားလုံးအတွက် ဘယ်လောက် ကိုယ်စားပြုနိုင်မလဲ။

ဖြေ။ ။ ရခိုင်တစ်မျိုးသားလုံးကိုယ်စားပြုနိုင်ဖို့အတွက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ် တော့ အဲဒီအပေါ်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက Initial Role မှာ ရှိတာဖြစ်တယ်။ ဒါပေမဲ့လို့ ရခိုင်အရေးနဲ့ ပတ် သက် ရင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ အနိုင်ရ နိုင်ငံရေးပါတီရယ်၊ အနိုင်မရ နိုင်ငံရေးပါတီရယ်၊ လူမှုအဖွဲ့အစည်းတွေ ညှိပြီးတော့ ကျနော်တို့ ဆွေးနွေးမယ်။ တစ်သံတည်းထွက်မယ်။ အဲလိုဆိုရင် ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်တယ်။

မေး။ ။ ရခိုင်မှာ ALP, AA (ရက္ခိုင့်တပ်မတော်), ANC (ရခိုင် အမျိုးသားကောင်စီ) ဆိုပြီး (၃)ဖွဲ့မှာ ကျန်တဲ့ (၂)ဖွဲ့က လက်မှတ်မထိုးဘူးဆိုတော့ ၂၁ ရာစု ပင်လုံက ရလာတဲ့ ရလဒ်အကြောင်းအရာတွေကို ALP အနေနဲ့ သူတို့နဲ့ ပူးပေါင်းပြီး ရခိုင်ပြည်သူတွေကို ဘယ်လိုချပြလုပ်ဆောင်မလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေး ရစေချင်ရင် ပါ၀င်ပတ်သက်တဲ့သူမှန်သမျှဟာ ညီလာခံမှာ ပါ၀င်သင့်တယ်။ ကျနော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ၂ ကြိမ်၊ ၃ ကြိမ် တွေ့ပြီးပြီ။ အထူးသဖြင့် တပ်မတော်အနေနဲ့ သဘော ထားကြီးပါ။ အားလုံးပါ၀င်ဖို့လိုတယ်။ သဘောထားမကြီးနိုင်ဘူး။ အဲဒီလိုပြောတယ်။ အကြောင်း အမျိုးမျိုးကြောင့်ကွဲပြား နေတာ ဖြစ်တယ်။ အထူးသဖြင့် ကျနော်လေ့လာသလောက်ဆိုရင် တပ်မတော်က သဘောထားမကြီးနိုင်ဘူး။ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကို တွေ့တုန်းက တစ်ယောက် ၅ မိနစ် ပြောခွင့်ရတယ်။ သဘော ထားကြီးပါလို့ပြောတယ်။ မကြီးနိုင် ဘူး။ ဘာမှ ပြန်မပြောဘူး။ အဲလိုပုံစံဖြစ်တယ်။

မေး။ ။ တိုင်းရင်းသားအားလုံးမတက်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး မှာဘယ်လို နိုင်ငံရေး ရလဒ်ကောင်းတွေ ထွက်ရှိလာနိုင်မလဲ။  ALP အနေနဲ့ ရော ဘာကိုမျှော်လင့်ထားသလဲ။

ဖြေ။ ။ မေလ ၂၄ ရက်နေ့မှာ ကျင်းပမဲ့ ပင်လုံညီလာခံမှာ ရလဒ်ကောင်းတွေ ရလိမ့်မယ်လို့ ကျနော်မထင်ဘူး။ ဒါပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ပြောထားတာက ဒေါ်အောင်ဆန်းစုကြည် လေးနှစ်သက်တမ်းမှာ တစ်နှစ်မှာ နှစ်ကြိမ် လုပ်မယ်။ ခုနမေးတဲ့အပေါ်မှာ KNPP လည်းမတက်ဘူး။ တခြားအဖွဲ့တွေကလည်း တက်ချင်မှ တက်မယ်။ တက်ဖို့ သဘောထား မရှိ ဘူး။ အဲဒါကြောင့်မို့ ခုလာမယ့် ညီလာခံမှာ တိုင်းပြည်တည်ဆောက်မှုကို အကျိုးရှိတဲ့ ပြည့်စုံသောအဖြေ မထွက်နိုင်ဘူး။ တိုင်းရင်းသား(၈)ဖွဲ့အနေနဲ့ အားလုံးလက်ခံနိုင်တဲ့ မူတွေကိုသာ အတည်ပြုဖို့ ၊ အားလုံးလက်မခံနိုင်တဲ့ မူတွေ၊ ပေါ်လစီတွေ၊ အချက်အလက်တွေကို အတည်မပြုဖို့ အဲလို တင်ပြဖို့ ရှိတယ်။

မေ ၁၃၊ ၁၄ ရက်  PPST အစည်းအဝေးမှာလည်းဘဲ ကျနော်တင်ပြခဲ့ပြီးဖြစ်တယ်။ ဆိုလိုတာကတော့ ဒီငြိမ်းချမ်းရေး Peace Process  ဟာ ချက်ချင်းမပြီးနိုင်ဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စကားကို ထည့်ပြီး ပြန်ပြောရမယ်ဆိုလို့ရှိရင် အနည်းဆုံး ရ၅ ရာခိုင်နှုန်း ပါ၀င်ဖို့လိုတယ်။ ရ၅  ရာခိုင်နှုန်းပါရင် တိုင်းပြည်တည် ဆောက်နိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုရင် ခုန ကျနော်ပြောသလို ဗမာ့လွတ်လပ်ရေးကို ရှမ်း၊ ကချင်၊ ချင်းနဲ့ ဗမာ (၄)မျိုးနဲ့ လွတ်လပ်ရေး ယူခဲ့တယ်။ သို့သော် ငြိမ်းချမ်းရေးတော့ မရဘူး။ တိုင်းပြည်ရသွားတယ်။ အဲလိုပုံစံမျိုးနဲ့ ဒေါ်အောင်ဆန်း စုကြည်ကလည်း ခုနကျနော်ပြောသလို ရ၅ ရာခိုင်နှုန်း လောက်ပါရင်တော့ အဲဒီအပေါ်မှာ ဆုံးဖြတ်ပြီးတော့ လုပ်တော့မယ်လို့ ကျနော် အဲဒီလို ယူဆတယ်။

ဆိုတော့ လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တစ်ချို့ရတယ်။ တစ်ချို့မရဘူး။ ရခိုင် ပြည်နယ်က ထိလွယ်ရှလွယ်တယ်ဆိုတဲ့ပုံစံမျိုး ခွင့်မပြုဘူး။ တရားဝင် စာပြန်လာတာက နယ်မြေဒေသ အခြေအနေအရ ဆိုပြီးတော့ စာပြန်တယ်။ အမြဲတမ်း လုံးဝခွင့်မပြုဘူးဆိုတဲ့သဘောထားတော့ မရှိဘူး။ ဆိုတော့ တတိယအကြိမ်၊ စထုတ္ထ အကြိမ်၊ ပဥ္စမအကြိမ်၊ ဆဌမ အကြိမ်တွေမှာတော့ အကဲခတ်ရမှာဘဲလေ။

မေး။ ။ ၂၁ ရာစု ပင်လုံ ညီလာခံဆိုတာက အစိုးရနဲ့ တပ်မတော်တို့ဘက်က ချမှတ်ထားတဲ့ သူတို့ရဲ့Road Map (လမ်းပြမြေပုံ) အတိုင်းကို တိုင်းရင်းသားတွေက သွားနေရတာဖြစ်တယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိပါတယ်။ ဒီထောက်ပြဝေဖန်မှုပေါ်မှာ ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ။ ။ လွန်ခဲ့တဲ့ ဧပြီလ ၂၄ ရက် JICM အစည်းအဝေးမှာ ABSDF အဖွဲ့ခေါင်းဆောင်၊ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး မိန့်ခွန်းပြော တဲ့အခါမှ ခုနက မေးတဲ့အချက်အလက်တွေကို တော်တော်လေး ထောက်ပြတယ်။ ထောက်ပြ တဲ့ အချက်အလက်တွေက မှန်တယ်။ ဒါပေမဲ့ ဂရုမစိုက်ဘူး။ အဲဒါကြည့်ချင်းအားဖြင့် ကျနော်အခု စဉ်းစားမိတာက အလျင်စလို မဆုံးဖြတ်သင့်ဘူး။ ဒါ နံပါတ်တစ်။ နောက် နံပါတ်နှစ်က လက်မှတ်ထိုးတဲ့အဖွဲ့ ၊ လက်မှတ်မထိုးတဲ့အဖွဲ့ အဓိက Unity တည်ဆောက်ဖို့လိုတယ် လို့မြင်တယ်။ အကယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အားလုံး  Unity  ရှိလို့ရှိရင် တိုင်းရင်းသားတွေနောက်လိုက်လျောမှု မရှိသည့်တိုင်အောင် International Pressure, People Pressure တွေကို ကြည့်ပြီးတော့ နီးစပ်မှု ရှိလာနိုင်တယ်။ သို့သော် ချက်ချင်းဖြေလျှော့ဖို့ ချက်ချင်းဖြစ်ဖို့ဆိုတာ ခက်တယ်။ အဲဒါကြောင့်ချုပ်လိုက်လို့ရှိရင် အင်ဒိုနီးရှားသမိုင်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့တာတွေ ရှိတယ်။

ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်က ဖော်ဆောင်ခဲ့တဲ့လက်နက်ကိုင်လမ်းစဉ်ကို စွန့်ဖို့မလို၊ လက်နက်ကိုလည်းစွန့်ဖို့ မလိုဆိုတဲ့ နည်းဗျူဟာဖြင့် ဆွေးနွေးပွဲလုပ်တာဟာ တစုံတရာ ဒီမိုကရေစီကို ပေးတယ်လို့ ကျနော်တို့ နားလည်တယ်။ တခါမှ မရခဲ့ဘူး။ အဲဒါကို အပေါင်းလက္ခဏာဆောင်တဲ့ပုံစံမျိုးကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ညီညွှတ် မှုအားကို ယူပြီးတော့ ကြိုးစားဖို့လိုတယ်။ အဲလို မဟုတ်ဘူးဆိုရင်တော့ ဝေးဦးမယ်။

မေး။ ။ (၂၁) ရာစု ပင်လုံညီလာခံဆိုတာ လက်ရှိ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့အတွက် မှန်ကန်တဲ့လမ်းကြောင်း တခုလို့ ယူဆနိုင်ပါသလား။

ဖြေ။ ။ ကျနော်အမြင်ကို ပြောမှာထက် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပင်လုံကို အခြေခံပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို (၂၁) ရာစု ပင်လုံဆိုပြီးတော့ နာမည်ထွင်ပြီးတော့ ကြိုးပမ်းတာ ဖြစ်တယ်။ အမှန်ဆိုပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံက သမ္မတဦးသိန်းစိန်လက်ထက်မှာ စခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည်က (၂၁)ရာစု ပင်လုံပဲ အဲလိုဖြစ်နေတာ။ ဒါ ပေမဲ့ အရင်တုန်းက အစိုးရ လုပ်ခဲ့တဲ့ဟာကို နောက်တက်လာတဲ့အစိုးရက ကယ်ရီလုပ်တဲ့သဘောပုံစံမျိုး ဆောင်စေချင်တဲ့ အပေါ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံဆိုပြီးတော့ အဲလိုတပ်လိုက်တယ်။ ကျနော်အဲလို သုံးသပ် မိတယ်။ ဆို တော့ ၂၀၀၈ ဖွဲ့စည်းပုံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်းကောင်း၊ နိုင်ငံရေးပါတီကလည်းကောင်း၊ တစ်နိုင်ငံလုံး ရှိ ပြည်သူတွေက လည်းကောင်း ပြောင်းချင်တယ်။ ဒါပေမဲ့လို့ ပြောင်းတဲ့အခါမှ တပ်မတော်က တော်တော်စိုးရိမ်တယ်။

တပ်မတော်က စိုးရိမ်တဲ့အတွက်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို လုပ်ခဲ့တာဖြစ်တယ်။ အဲဒါကြောင့်ခုန ကျနော်ပြောသလို နိုင်ငံ တကာပညာရှင်တွေကပါ ဘာအကြံပေးကြသလဲဆိုလို့ရှိရင် ဗမာပြည် ပြည်တွင်းစစ်သမိုင်းမှာ တစုံတရာ အခွင့်အရေးပေး တဲ့ပုံစံမျိုး ၊ငြိမ်းချမ်းရေး ပုံစံမျိုး မရှိခဲ့ဘူး။ အဲဒါကြောင့် အနုတ်လက္ခဏာမဖြစ်အောင် အပေါင်းလက္ခဏာဆောင် ကြိုးစားဖို့ လိုတယ်ဆိုတာကို နိုင်ငံတကာ ပညာရှင်တွေ အကြံဉာဏ်ပေးတယ်။ အဲဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်းပဲ နားလည်သဘောပေါက်တယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် ဝေဖန်သုံးသပ်ကြည့်တာက ၂၀၀၈ ဖွဲ့ စည်းပုံ (သို့မဟုတ်) (၂၁)ရာစု ပင်လုံငြိမ်းချမ်းရေးကို လုပ်တဲ့နေရာမှာ အဓိက ကျတဲ့အခန်းကဏ္ဍတွေကို ထားပြီးတော့ လုပ်ဆောင်ခြင်းအားဖြင့် နီးစပ်မှုရလာတယ်လို့ လုပ်ဆောင်ပုံပေါ်တယ်။ ဆိုလို တာက လူထုဆန္ဒဖော်တာ ၊ နိုင်ငံတကာ ဆန္ဒပေါ်မှာ အဲဒီအပေါ်မှာအခြေခံပြီးတော့ အချိန်ယူကြိုးပမ်းခြင်းအားဖြင့်  ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့အခါမှာ သော်လည်း ကောင်း၊ (၂၁)ရာစု ပင်လုံငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့အခါမှာသော်လည်းကောင်း အထောက်အကူဖြစ်နိုင်တယ်လို့ ကျနော် အဲဒီလို သုံးသပ်တယ်။

မေး။ ။ (၂၀၀၈)ဖွဲ့စည်းပုံကို မပြင်ပဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လောက်ပဲ ကျင်းပနေပါစေ မြန်မာ့နိုင်ငံရေး အခြေအနေ တိုးတက်ပြောင်းလဲလာဖို့အတွက် ဖြစ်နိုင်ချေအားနည်းတယ်လို့ ထောက်ပြဝေဖန်ပြောဆိုကြတာတွေလည်း ရှိတယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုပြောချင်လဲ။

ဖြေ။ ။ ဟုတ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းက လုပ်ဆောင်မှုမှန်သမျှ ၊  ငြိမ်းချမ်းရေး လုပ်ဆောင်မှုမှန်သမျှ အခက် အခဲရှိတယ်ဆိုတာ ကျနော်တို့ နားလည်တယ်။ ကျနော်နားလည်သလို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်း ၈ ဖွဲ့ကလည်း အဲလိုပဲ နားလည်တယ်။ ဒါ့အပြင် ဒီမိုကရေစီလိုလားတဲ့ ပြည်တွင်း လူထုတွေကလည်း နားလည်တယ်။ ဗမာ တွေကလည်း နားလည်တယ်။ တခြားတိုင်းရင်းသားလူမျိုးတွေကလည်း နားလည်တယ်။ အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံက စစ်အာဏာရှင်စနစ်ကို အကာအကွယ်ပေးတဲ့ရေရှည်သွားနိုင်အောင် အကာအကွယ်ပေးတဲ့ ဖွဲ့စည်းပုံဖြစ် တယ်ဆိုတာကို နိုင်ငံတကာ ပညာရှင်တွေကလည်းမြင်တာပဲ။ ဒါပေမဲ့ အဲလိုပြောင်းဖို့အတွက် ပုံစံမျိုးစုံ ၊ နည်းမျိုးစုံသုံးပြီး ကြိုးပမ်းဖို့လိုတယ် ဆိုတာကို နိုင်ငံတကာ ပညာရှင်တွေ ဝေဖန်ထောက်ပြထားတယ်။

အထူးသဖြင့် နိုင်ငံတကာ ပညာရှင်တွေက ဘာအကြံပေးသလဲဆိုလို့ရှိရင် အင်ဒိုနီးရှား ပြောင်းလဲသွားတဲ့ပုံစံကို ပြောတယ်။ The Revolution Change လို့ခေါ်တယ်။ တဖြည်းဖြည်း  တစ်စတစ်စ ပြောင်းလဲတဲ့ပုံစံမျိုး အဲလိုပြောင်းဖို့လို တယ်ဆိုတာ ကို ပညာရှင်တွေ အကြံပေးထားတာရှိတယ်။ အင်ဒိုနီးရှားကို ဝေဖန်သုံး သပ်တဲ့အခါ နှစ်ပေါင်း ၂၀ လောက်ကြာတယ်။ နှစ်ပေါင်း ၂၀ နောက်ပိုင်းမှာမှ Civilian Government , Good Governance  အဲလိုပုံစံဖြစ် သွားတယ်။ မြန်မာပြည်လည်း အဲလိုပုံစံဘဲ သွားတယ်လို့ ပညာရှင်တွေက သုံးသပ်တာ ရှိတယ်။ အဲဒါကြောင့် လွယ်လွယ်နဲ့တော့ မရနိုင်ဘူး။

မေး။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးမှာ တိုင်းရင်းသား အားလုံးပါ၀င်နိုင်အောင် ဘယ်လို လုပ်ဆောင်သင့်ပါသလဲ။

ဖြေ။ ။ လက်ရှိအခြေအနေအရဆိုလို့ရှိရင် ချက်ချင်းအားလုံးပါ၀င်ရေးမူကို လက်ခံဖို့ခက်တယ်။ အားလုံးပါ၀င်အောင် လုပ်ဖို့ လည်းခက်တယ်။ ဒါပေမဲ့ အားလုံးလက်ခံတဲ့မူတွေကို ပထမ ချဖို့လိုတယ်။ အားလုံးလက်မခံနိုင်တဲ့မူတွေကို ညှိနှိုင်းဆွေး နွေးမှု အချိန်ယူ ကြိုးပမ်းဖို့လိုတယ်။ ပြည်သူလူထုတွေအား၊ နိုင်ငံတကာအား အဲဒါတွေကို ယူရမယ်။ ယူပြီးတော့ ဗမာ့ တပ်မတော် စစ်ဗိုလ်ချုပ်ကြီးတွေ စိုးရိမ် ချက်တချို့ကို ဖြေလျှော့ဖို့လိုတယ်။ အဲလိုဆိုလို့ရှိရင် နီးစပ်လာနိုင်တယ်။ ကျနော် အဲလိုဘဲ မြင်တယ်။

မေး။ ။ အခု ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံ ဒုတိယ အကြိမ်အစည်းအဝေးနဲ့ပတ် သက်ပြီး ဘာများထပ်ဖြည့်စွက် ပြောချင်ပါသလဲ။

ဖြေ။ ။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံဖြစ်တဲ့ မေလ (၂၄)ကနေ (၂၈)ရက်နေ့အတွင်း ကျင်းပမယ့် ညီလာခံ မှာ အများက လက်ခံနိုင်တဲ့ဟာကို အဓိက ချဖို့လိုတယ်။ အများလက်ခံတဲ့ ညီလာခံက ချမှတ်ထားတာတွေကို ပြည်တွင်း ပြည်သူ၊ နိုင်ငံတကာ ပြည်သူတွေက မှန်တယ်ဆိုတာကို  Support ပေးဖို့လိုတယ်။ အဲလိုဆိုရင်တော့ တဖြည်းဖြည်း ရင့်ကျက်လာမယ်။ အထူးသဖြင့် CSOs တွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေအသံကို ဖော်ထုတ်ဖို့လိုတယ်။ အဲလိုဆိုရင်တော့ ပိုပြီး ရင့်ကျက်လာမယ်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...