ကချင်ပြည်နယ် ၊ ဖားကန့်မြို့မှာ မတ်လ (၂၇) ရက်နေ့က ရဲနဲ့စစ်သားတွေရဲ့ ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် အေးမြသာယာသပိတ်စစ်ကြောင်းမှာလိုက်ပါခဲ့တဲ့ ကိုသန်းဇော် ၊ အသက် (၁၉) နှစ်ဟာ ဦးခေါင်း ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ် ။
ကိုသန်းဇော်ရဲ့ နောက်ဆုံးခရီးဖြစ်တဲ့ ဖားကန့်မြို့ပြင်က သုဿာန်ကို လူထု သောင်းနဲ့ချီ လိုက်ပါ ပို့ဆောင်ခဲ့ကြပြီး မြန်မာတစ်နိုင်ငံလုံးမှာ ကျဆုံးခဲ့တဲ့ နွေဦးတော်လှန်ရေး အာဇာနည် သူရဲကောင်းများ အပါဝင် ကိုသန်းဇော်ကို နောက်ဆုံးအနေနဲ့ အလေးပြုခဲ့ကြပြီး အမိန့်စာပြန်တမ်းကို ဖတ်ခဲ့ပါတယ် ။
ကိုသန်းဇော်ရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်စက်မှာ သင်္ဂြိုဟ်ခဲ့ပြီးတဲ့နောက် နွေဦးတော်လှန်ရေးမှာ ဖားကန့်မြို့ကနေ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်း အဖြစ် ကမ္ဗည်းမော်ကွန်းရေးထိုးခဲ့ကာ အရိုးပြာအုတ်ဂူတည်ခဲ့ပါတယ် ။
ကျဆုံးခဲ့သူ ကိုသန်းဇော်ရဲ့ ဇာတိဟာ ပဲခူးတိုင်းဒေသကြီး ၊ ဒိုက်ဦးမြို့နယ် ၊ မအူရိုးကျေးရွာဟု သိရပြီး သူငယ်စဉ် နှစ်သားအရွယ်မှာပဲ ဖခင်ဖြစ်သူဟာ ကွယ်လွန်ခဲ့ပါတယ် ။
ကိုသန်းဇော်ကို ဒိုက်ဦးမြို့ ၊ ရုံးကျောင်းဆရာတော်က အလှူခံ မွေးစားခဲ့ပြီးနောက် သင်္ကန်းစီးပေးကာ ရှင်သာမဏေပြုပေးခဲ့ပြီး ကျောင်းမှာ စောင့်ရှောက်ခဲ့ပါတယ် ။
အသက် (၁၃) နှစ် အရွယ်မှာတော့ ကိုသန်းဇော်ဟာ လူထွက်ခဲ့ပြီး ဦးလေးဖြစ်သူနဲ့အတူ ကချင်ပြည်နယ် ၊ ဖားကန့်မြို့ကို လိုက်လာခဲ့ပြီး မြို့မရပ်ကွက်ထဲက ဦးလေးဖြစ်သူရဲ့ ဦးဖက်တီးကျောက်ဖြတ်ခုံမှာ အလုပ်စဝင်ခဲ့ပြီး ဦးလေးဖြစ်သူနဲ့အတူ (၆) နှစ်ကြာနေထိုင်ခဲ့တဲ့နောက်၂၀၂၁ ၊မတ်လ (၂၇) ရက်နေ့မှာ အာဏာသိမ်း စစ်ကောင်စီကို အလိုမရှိကြောင်း တော်လှန်ဖို့ အေးမြသာယာသပိတ်စစ်ကြောင်းနဲ့အတူ လိုက်ပါခဲ့ရင်း နေ့လယ် မွန်းလွဲ (၂)နာရီ မိနစ် (၃၀) ခန့်မှာ ရဲနဲ့စစ်သားရဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့မှုကြောင့် ဦးခေါင်းထိပ်တည့်တည့် ကျည်ထိမှန်ခဲ့ပြီး ကျဆုံးသွားခဲ့ပါတယ် ။
အဖိုးအဖွား များကလည်းမရှိ ၊ မိဘများလည်း မရှိတော့တဲ့ ကိုသန်းဇော်ဟာ အသက် (၁၉) နှစ်အရွယ် ကျဆုံးခဲ့တဲ့အချိန်ထိ မှတ်ပုံတင် မရှိဘဲ သွားခဲ့ရတဲ့ မြန်မာနိုင်ငံသားစစ်စစ်တစ်ယောက်ဖြစ်ပါတယ် ။ မှတ်ပုံတင် ရရှိဖို့ သူ အတန်တန် မွေးရပ်မြေ ရွာပြန်ပြီး ကြိုးစားခဲ့ပေမဲ့ သေသွားတဲ့အချိန်ထိ သူ့ဘဝမှာ အလိုချင်ဆုံးအရာတစ်ခုဖြစ်တဲ့ နိုင်ငံသားစီစစ်ရေးကတ်ပြား မှတ်ပုံတင် ရရှိမသွားခဲ့ပါဘူး ။
၂၀၂၀ ၊ နိုဝင်ဘာ (၈) ရက်မှာ ကျင်းပခဲ့တဲ့ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနေ့မှာ ကိုသန်းဇော်ဟာ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပါလျက်နဲ့ ဆန္ဒမဲ ပေးခွင့်မရခဲ့တာကြောင့် အကြီးကျယ် ရှိုက်ကြီးတငင် ငိုခဲ့တယ်လို့ အတူနေ ဦးလေးဖြစ်သူက ပြောပြပါတယ် ။
ကျဆုံးခဲ့တဲ့ မတ်လ (၂၇) ရက်နေ့ မနက်ပိုင်းမှာ ကိုသန်းဇော်ဟာ ဦးလေးမသိအောင်ဝယ်ထားတဲ့ အဝါရောင် အကာကွယ် ဖိုက်ဘာ ဦးထုပ်တစ်လုံး ၊ အကြမ်းခံအင်္ကျီနက်လက်ရှည် ၊ ဘောင်းဘီအနက်အရှည်ကို ဝတ်ဆင်ခဲ့ပြီး နှစ်ရက်လောက် ကိုယ်တိုင်ချွန်ထားတဲ့ လေးဂွတစ်လက်နဲ့အတူ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တဲ့ အေးမြသာသပိတ်စစ်ကြောင်းက လူထုကို ကာကွယ်ပေးဖို့ အိမ်နောက်ပေါက်ကနေ ခိုးထွက်ခဲ့ပါတယ် ။
အဲ့ဒီနေ့က နေ့လယ် (၂) နာရီ မိနစ် (၃၀) ခန့်မှာတော့ ကိုသန်းဇော် တစ်ယောက် ရဲနဲ့စစ်သားများက ပစ်ခတ်လိုက်လို့ ဦးခေါင်းရှေ့တည့်တည့်ကို ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ် ။
အတူနေ ဦးလေးဖြစ်သူ ပြောပြချက်အရ ကျောက်စိမ်းအရိုင်းတုံးတွေကို စက်နဲ့ဖြတ်တဲ့ ကျောက်ဖြတ်ခုံလုပ်ငန်း အလုပ်မှာ ပြာတာပြာတာနဲ့ အရမ်းပြာတာကြောင့် လုပ်ဖော်ကိုက်ဖက်တွေက သူ့ကို ပြာကြီးလို့ စနောက်ပြီး နာမည်ပြောင်ခေါ်ရင်းကနေ ရပ်ကွက်ထဲမှာ ကိုသန်းဇော်ကို ပြာကြီးလို့ပဲ လူသိများတယ်လို့လည်း သိရပါတယ် ။
ဖားကန့်မြို့မှာ မတ်လ (၂၇) ရက်နေ့က ကျဆုံးသွားခဲ့တဲ့ ကိုသန်းဇော်အပါဝင် မတ်လ (၁၄) ရက်နေ့က ဆိပ်မူစစ်ကြောင်းမှာ ကျဆုံးခဲ့ ရှမ်းနီတိုင်းရင်းသား ကိုကျော်လင်းထိုက်ရောဆို နှစ်ယောက်ရှိခဲ့ပြီ ဖြစ်ပါတယ် ။