က.လ.လ.တ ဘာကြောင့် ဖွဲ့စည်းခဲ့လဲ

က.လ.လ.တ ဘာကြောင့် ဖွဲ့စည်းခဲ့လဲ
ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(က.လ.လ.တ)အဖွဲ့ဟာ ယခင်ကကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အဖွဲ့ဝင်မှာရှိစဉ်အခါက အဖွဲ့ရဲ့လက်နက်အင်အားမလုံလောက်ခဲ့တဲ့အတွက် လက်နက်စုဆောင်းဖို့ ပန်ဆန်းကို စတင်သွားရောက်ပြီးအပြန် မိခင်အဖွဲ့အစည်းဖြစ်တဲ့ KNPP နဲ့ အပြန်အလှန်နားလည်မှု လွှဲမှားရာကနေ စတင်ခွဲထွက်ခဲ့ကြတာဖြစ်တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(က.လ.လ.တ) မှဒုတိယ ဥက္ကဌ-၂ ဦးထူးကော်က ပြောကြားသွားသည်။

က.လ.လ.တ အကြောင်းနဲ့ပတ်သက်ပြီး “ကိုယ်ပိုင်အုပ်ချုပ်တဲ့ကိစ္စတွေ လူငယ်လက်ထဲမှာပြောဖို့ကာကွယ်ထားတယ်” လို့ထပ်မံပြောကြားသွားတဲ့ ဦးထူးကော်နဲ့ ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းထားချက်တချို့ကို ပြန်လည်ကောက်နုတ်တင်ပြသည်။

မေး။ ။ က.လ.လ.တ အဖွဲ့အစည်းကို ဘယ်လိုရည်ရွယ်ချက်နဲ့စတင်ဖွဲ့စည်းဖြစ်ခဲ့တာလဲ။

ဖြေ။ ။ ၁၉၇၉ လောက်က စဖွဲဲ့ခဲ့တယ်။ ကျနော်တို့အနေနဲ့ တိုက်ခိုက်နိုင်ဖို့ပေါ့လေး။ အဓိက တောထဲမှာ ပြည်သူဘဝ လွတ်မြောက်ရေးပေါ့နော။ လူထုရဲ့ နစ်နာခံနေတဲ့အရာအားလုံးက လွတ်မြောက်အောင် ကျနော်တို့တိုက်မယ်ဆိုတဲ့ ကျနော်တို့ တော်လှန်ရေးစိတ်ဓာတ် ရှိတာပေါ့လေး။ အခုကလည်း နှစ်နဲ့ ချီ ကျနော်တို့နဲ့ အစိုးရနဲ့ ပစ်ကြခတ်ကြလုပ်မဲ့အစား အခုက ငြိမ်ချမ်းရေးဆိုတဲ့ နည်းလမ်းရှာပြီးတော့ ကျနော်တို့ ဒီကနေ့ဟာ ငြိမ်းချမ်းရေး ရောက်အောင်လုပ်လာခဲ့တယ်။ အဲ့တော့ စစ်မှန်တဲ့ ကျနော်တို့လိုချင်တဲ့ရည်မှန်းချက်ကတော့ အဓိက ပြည်သူတွေရဲ့ စားဝတ်နေရေး ပြည်သူတွေအေးချမ်းဖို့ နယ်မြေဒေသအေးချမ်းဖို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပဲ ကျနော်တို့ရည်မှန်းချက်ရှိတယ်။ အဲ့တော့ ကျနော်တို့က ဒီလိုအစိုးရနဲ့ ပထမအဆင့် ငြိမ်းချမ်းရေးတည်ဆောက်နို်င်ပြီ။ ဒုတိယအဆင့်ကတော့ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းရရှိနိုင်ဖို့ကတော့ ရည်မှန်းချက်ရှိတယ်။ ဆိုတော့ လက်ရှိဒီကြားမှာ အဓိကဒီပြည်နယ်ရဲ့ ငြိမ်းချမ်းရေးပေါ့နော။ အေးချမ်းမှလူထုက စိတ်ချမ်းသာမယ်။ ကျနော်တို့နယ်မြေအေးချမ်းမှပဲ ဒေသဖွံ့ဖြိုးရေးလုပ်နိုင်မယ်။ အေးချမ်းမှ ကျနော်တို့ပြည်သူလူထုရဲ့ စားဝတ်နေရေးတွေလွတ်လွတ်လပ်လပ် ကူးသန်းရောင်းဝယ်ရေးတွေ စိတ်အပူအပင်မရိိှတော့အောင်သွားနိုင်တယ်ဆိုတာ ကျနော်တို့ရည်မှန်းချက်က ဒီလိုဖော်ပြတယ်ပေါ့။ ကိုယ်ပိုင်အုပ်ချုပ်တဲ့ကိစ္စတွေ လူငယ်လက်ထဲမှာပြောဖို့ ကျနော်တို့ကာကွယ်ထားတယ်။ သွန်သင်ပေးထားတယ်။

မေး။ ။ ဆရာတို့  ကလလတ အဖြစ်ခွဲထွက်ဖြစ်တဲ့အကြောင်းရင်းလေး နည်းနည်းရှင်းပြပေးပါအုံး။

ဖြေ။ ။  ကျနော်တို့ (ပန်ဆန်း) ပြန်လာတဲ့အချိန် သူတို့(KNPP)က ကျနော်တို့ကို ဖောက်ပြန်ရေးလို့ခေါ်တာ။ ဘာလို့လဲဆို ခင်များကွန်မြူနစ်ရောက်သွားပြီဆို ခင်များဖောက်ပြန်ရေးဖြစ်သွားပြီ။ ကျနော်တို့ နကိုတည်းက ဖောက်ပြန်တာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ကျနော်တို့ကို မလိုချင်တော့လို့ ဖောက်ပြန်ရေးလို့ သူကခေါ်လိုက်တော့ ကွဲသွားတဲ့သဘောဖြစ်သွားတယ်။ ဟိုတုန်းကလည်း ကျနော်တို့ကိုယ်ပိုင်အဖွဲ့အစည်းတို့ စစ်ယူနီဖောင်းတို့လည်းမရှိဘူးလေး။ တိုက်ရိုက်ကွန်မြူနစ်ပါတီကနေ ထုတ်ယူရတာတဲ့ဟာ ဦးဆုံးတံဆိပ်ဆိုကြယ်နီလေး။ အခုထိရှိသေးတယ်၊ တပ်တယ်။ ကျနော်တို့ကို ဖောက်ပြန်ရေးလို့ ခေါ်တယ်။ ဒါပေမဲ့ ကျနော်တို့သူ့ကို ဖောက်ပြန်ရေးလို့ပြန်မခေါ်ဘူး။

မေး။ ။ ဆရာတို့ ကလလတ အဖြစ်ခွဲထွက်လိုက်တဲ့အချိန်မှာ ဘယ်လိုမျိုးအကြီမားဆုံး စိန်ခေါ်မှုမျိုးကြုံတွေ့ရလဲ။

ဖြေ။ ။ လက်ရှိကတော့ နိုင်ငံရေးပြသနာပဲ။ (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) KNPPအနေနဲ့ဆိုရင်တော့ သူတို့က ကျနော်တို့ကိုအကောင်းသဘောထားတုန့်ပြန်တဲ့အနေအထား ကောင်းကောင်းလည်းမရှိသေးဘူး။ ကျနော်တို့အနေနဲ့က ကောင်းတဲ့သဘောထားတုန့်ပြန်တာတွေရှိပါတယ်။ သို့သော်အပြန်အလှန်တုန့်ပြန်မှုရှိမှ ကျနော်ထင်တာကတော့ ကောင်းသွားမှာပေ့ါလေး။ ဒါပေမဲ့ အခုက ကျနော်တို့က သဘောထားရှိပေမဲ့လည်းသူတို့ဘက်က သဘောထားမရှိသေးတော့ မတတ်နိုင်ဘူး။

မေး။ ။ ဆရာတို့က KNPP ကနေ ရည်ရွယ်ချက် ရည်မှန်းချက်အသစ်နဲ့ ခွဲထွက်သွားတာပေ့ါနော။ ဆိုတော့ အခုကောဆရာတို့ ရည်ရွယ်ချက် ရည်မှန်းချက်က အခြေအနေဘယ်လိုရှိပြီလဲ။

ဖြေ။ ။ အခုအခြေအနေဘယ်လိုရှိလဲဆို အခုကျနော်တို့အဖွဲ့အစည်း ဒီအတိုင်း ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုပဲ ဆက်ရပ်တည်တာပေါ့။ ဆက်ရပ်တည်ရင်းနဲ့ အခုခေတ်အစိုးရရဲ့ အပြောင်းအလဲကို ကျနော်တို့အဖွဲ့အစည်းပေါင်းစုံရှိတာကိုး။ KNPP ကနေကွဲထွက်လာတဲ့ အဖွဲ့တွေအများကြီးရှိတယ်။ ပထမဆုံးKNPP ကနေကွဲထွက်လာတာ အကြီးဆုံးကျနော်တို့အဖွဲ့။ အဲ့ဒီအဖွဲ့အစည်းတွေက ဘယ်လိုပြောပြောသေးသေးကြီးကြီးပေါ့နော ကျနော်တို့ရဲ့သဘောထားကတော့ နောင်တစ်ကြိမ်တစ်ခါ သူ့ရဲ့လူကြီးစိတ်အပြောင်းအလဲ ကျနော်တို့ရဲ့လူကြီးစိတ်အပြောင်းအလဲဖြစ်သွားပြီ။ သဘောထားထပ်တူထပ်မျှတူညီသွားပြီ အဖွဲ့အစည်းတစ်ခု ပြန်လည်ဖြစ်မြောက်ဖို့ကကျနော့အနေနဲ့ ကျနော်ရည်ရွယ်မျှှော်မှန်းထားတာပေါ့။ ကနေ့အထိ သူတို့နဲ့ပတ်သက်ရင် ကျနော်နာကျည်းစိတ်လည်းမထားဘူး။ ရန်သူလိုလည်းမထားဘူး။ ကျနော်တို့ရဲ့ညီအစ်ကိုဖြစ်တယ်။ ပါတီဖြစ်တယ်။ အဖွဲ့အစည်းဖြစ်တယ်။ မိခင်ဖြစ်တယ်။ မိခင်ဆိုတာက သူက အရင်ဆုံးတော်လှန်ရေးကို စတင်ဖွဲ့စည်းလို့ ကျနော်တို့လေးလေးစားစားရိုရိုသေသေ သဘောထားတယ်။ ဒီအချိန်မှာ ကျနော်တို့က တစ်ကယ့်ဦးဆောင်မဲ့ သက်ကြီးရွယ်အိုတွေမရှိတော့ဘူး။ ကျန်တာက အလယ်အလတ် နည်းနည်းအသက်ကြီးပိုင်းကျန်သေးတာပေါ့။ နောင်တစ်ကြိမ်တစ်ခါ အဖွဲ့အစည်းများမဲ့အစား တစ်ခုတည်းပြန်လည်ဖြစ်ဖို့ ကျနော်တို့သဘောထားရှိတယ်။

မေး။ ။ ဆရာတို့အဖွဲ့က အစိုးရနဲ့ အပစ်ရပ်ယူပြီးတော့ ဆရာတို့ရည်ရွယ်ချက်ရည်မှန်းချက်တွေ ပိုပြီးတော့အောင်မြင်လာတယ်လို့ ပြောလို့ရလာ။

ဖြေ။ ။ တစ်စိတ်တစ်ဒေသအောင်မြင်လာတယ်လို့ ပြောလို့ရတာပေါ့။

မေး။ ။ ရှေ့ဆက် ဆရာတို့ ကလလတအနေနဲ့ ဘယ်လိုဆက်လုပ်သွားဖို့ရှိလဲ။ ပါတီတွေထောင်ဖို့ကောရှိလား။

ဖြေ။ ။ ရှိတာပေါ့။ ရှိတယ်ဆိုတာက လက်ရှိအချိ်န်မရောက်သေးဘူးပေါ့။ ပြင်တော့ပြင်ဆင်ထားတာပေါ့။ ကျနော်တို့ပြင်ဆင်ထားတာက ကျနော်တို့ကိုယ်တိုင် ကလလတ အဖွဲ့အစည်းအနေနဲ့ တည်ထောင်ရမယ်ဆိုတာမဟုတ်ဘူး။ ဒီလိုအရပ်ဘက်အဖွဲ့ထဲကနေ တော်တဲ့ အတတ်ပညာရှင်တွေ လူငယ်တွေမွေးထုတ်ပေးတယ်။ အဲ့ဒီပါတီကိုထောင်နိုင်ဖို့က ကျနော်တို့တိုးအားပေးတယ်။ ဥပမာ- လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ( ကယားပြည်နယ်)ဆိုရင် ကျနော်တို့ သူတို့ကို အားပေးတယ်။ အဲ့လိုနည်းသဏ္ဍန်နဲ့ပေါ့။ အဖွဲ့အစည်းကိုယ်တိုင်ဦးဆောင်ရမယ်ဆိုတာလည်း မဟုတ်ဘူး။ တစ်ကယ်တော့ အဖွဲ့အစည်းကိုယ်တိုင် ဦးဆောင်ရမယ်ဆိုလည်းရတယ်။ သို့သော် ကျနော်တို့ မပြည့်စုံသေးတဲ့အတွက်ကြောင့် ကျနော်တို့ အရပ်ဘက်ကနေ ကိုယ့်လူမျိုးပေါ့နော။ ကယားပြည်နယ်မှာ အခုတက်လာမဲ့ အတတ်ပညာရှိတဲ့ လူငယ်တွေ ၊ သက်ကြီးတွေရှိသေးတယ်။ အဲ့ဒါ သူတို့နဲ့တွေ့ပြီးတော့ညှိနှိုင်းတိုင်ပင် ရင်းနဲ့ ပါတီတစ်ခု ထူထောင်နိုင်ဖို့ ညှိနှိုင်းပြီးတော့ ကျနော်တို့သွန်တင်ပေးတာပဲရှိတယ်။ ကျနော်တို့ကိုယ်တိုင်ကျတော့ ပါချင်မှပါမှာပေါ့။ ကျနော်တို့မပါရင်လည်း သားသမီးလူငယ်ထဲက ကျနော်တို့ အားပေးတာပေါ့။

မေး။ ။ ဆရာတို့အဖွဲ့က နယ်ခြားစောင့်တပ်လည်းဖြစ်သွားပြီဆိုတော့ အခုကကောဘယ်လိုအခြေအနေရှိနေလဲရှင့်။

ဖြေ။ ။ ကျနော်တို့ ၂၀၁၁ ခုနှစ်က အသွင်ကူးပြောင်းရေးလုပ်လိုက်တယ်။ ဘာလို့လဲဆိုတော့ အစိုးရကတောင်းဆိုလာတယ်။ ပထမ သူတောင်းဆိုတာက ကျနော်တို့အဖွဲ့အစည်းတစ်ခုလုံးက ရဲတွေလုပ်ဖို့ကမ်းလှမ်းတယ်။ ဒါပေမဲ့ ကျနော်တို့က ကိုယ့်မဟာမိတ်ပတ်ဝန်းကျင်ရှိတယ်။ ဆိုတော့ ကျနော်တို့က အခြေအနေကို ကြည့်ပြီးတော့ အစိုးရတောင်းဆိုတဲ့ဟာကို ဆန္ဒမစောဖို့ လေ့လာအုံးမယ် ဆိုပြီးတော့ ကျနော်တို့က ဒီလိုပဲ ပြန်ပြီးတော့သူတို့ကို ကမ်းလှမ်းထားတယ်။ ဆိုတော့ သူတို့က ဘာပဲဖြစ်ဖြစ် ခင်များတို့က မလုပ်ဘူးဆိုလို့ရှိရင်လည်း လက်ရှိအဖွဲ့အစည်းနဲ့ပဲ ဆက်ရပ်တည်ပေါ့တဲ့။ ဘာလို့လဲဆို နိုင်ငံတော်အစိုးရကလည်း ခင်များတို့အဖွဲ့အစည်းကိုပဲအားကိုးမှာပဲတဲ့ သူကပြောတယ်။ နောက်အဲ့ဒီမှာ တစ်ခါ ၂၀၁၁ခုနှစ်မှာ အသွင်ကူးပြောင်းဖို့ဆိုပြီးတော့ တစ်ခါထပ်တောင်းဆိုလာတော့ ရဲလုပ်ခိုင်းတယ် ကျနော်တို့မလုပ်ဘူး။ အဲ့တော့ ဘာပဲဖြစ်ဖြစ် နယ်ခြားစောင့်တပ်တော့လုပ်ပေးပေါ့ဆိုပြီးတော့မှ ကျနော်တို့က ဗဟိုကော်မတီကို အစည်းအဝေးတစ်ခုပြုလုပ်ပြီးတော့မှ အစိုးရတောင်းဆိုလာတဲ့ အသွင်ကူးပြောင်းဖို့ကိစ္စတွေ အဲ့ဒါ ကျနော်တို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်လိုက်တော့ ကလေးတွေကို အသက်အရွယ်ရွေးပြီးတော့ နယ်ခြားစောင့်တပ်ကို ကျနော်တို့ လူခြောက်ရာပေးလိုက်တယ်။ အဲ့တော့ နယ်ခြားစောင့်တပ်ရဲ့ သဘောသဘာဝက အစိုးရရဲ့လစာပေါ့။ အစိုးရရဲ့ ထောက်ပံ့ကြေး အစိုးရလူဖြစ်သွားတဲ့သဘောဖြစ်သွားတာပေါ့။ အဲ့လိုကွဲသွားတယ်ဆိုတာလည်း ကျနော်တို့နဲ့ ကွဲသွားတာတော့မဟုတ်ဘူး။ နယ်ခြားစောင့်တပ်လည်း ကျနော်တို့မိခင်အဖွဲ့အစည်းကိုပဲ သူတို့မှီခိုအားကိုးနေတယ်။ သူတို့ရဲ့တပ်ဖွဲ့ဝင်မိသားစု နေထိုင်စားသောက်ရေး ကျနော်တို့ ပံ့ပိုးသေးတယ်။ ထောက်ပံံ့ပေးတာပေါ့။ ကျန်တဲ့ မသန်မစွမ်းတွေ သက်ကြီးရွယ်အိုတွေ နယ်ခြားစောင့်တပ်ကို မရွေးနိုင်တဲ့ ကျနော်တို့ရဲဘက်အရာရှိတွေကျတော့ ကျနော်တို့ ခရိုင်တွေ မြို့နယ်တွေ တိုက်နယ်တွေကနေ ဖွဲ့စည်းပြီးတော့ သူ့နေရာနဲ့သူ ပြန့်နေကြတယ်။

မေး။ ။အခုကော ဆရာတို့က တပ်ဖွဲ့ရှိသေးလား။ တပ်ဖွဲ့ဝင်တွေနဲ့ကော ဘယ်လိုပြန်ဆုံလေ့ရှိလဲ။

ဖြေ။ ။ ရှိတယ်။ လက်နက်အင်အား ငါးရာလောက်ပဲကျန်တယ်။ သုံးလတစ်ကြိမ် သုံးလတစ်ကြိမ် ပြန်ဆုံတာရှိတယ်။

မေး။ ။ ကလလတ ရှိနေတာ ဘယ်သူ့အတွက် ဘာလုပ်ဖို့ရှိတယ်လို့ပြောလို့ရလဲ။

ဖြေ။ ။ အခုကြတော့ ကျနော် ဥက္ကဌ ထွန်းကျော်ကပဲ လိုအပ်တာတွေ ခေါ်ဆွေးနွေးပြီးတော့ ကျနော်တို့ ကျန်တဲ့ ဗဟိုကော်မတီတွေ ဝိုင်းလုပ်တာပေါ့။ ဥပမာ- ဟိုဟာ-ကေကော လမ်းဖောက်မယ်ဆိုလို့ရှိရင် ဥက္ကဌ ထွန်းကျော်ကနေ အစိုးရကို တင်ပြပြီးတော့ ကျနော်မသွားနိုင်ဘူး ခင်များသွားပေးပါဆိုရင် ကျနော်တို့က ဗဟိုကော်မတီတစ်ယောက်နှစ်ယောက်ဦးဆောင်ပြီးတော့ သွားလုပ်ပေးတယ်။ အခုကြတော့ များသောအားဖြင့် ကုမ္မဏီပဲသွားတာများတယ်။ ကေကောဒေသမှာက ကုမ္ပဏီတွေပဲ များတယ်ကော။ အဖွဲ့အစည်းသွားတာလည်းရှိပါတယ်။

မေ။ ။ ဆရာတို့က KNPP နဲ့ ပြန်လည်သင့်မြတ်ဖို့လုပ်တာကကော အခု အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ အခြေအနေက ကျနော်တို့ကတော့ ကရင်နီအမျိုးသားပူးတွဲကော်မတီဖွဲ့ပြီးတော့ ပထမ ပန်ကန်းမှာ ကျနော်တို့ လူထုတွေ့ဆုံပွဲလုပ်ပြီးပြီ။ ဒုတိယ ကျနော်တို့ ဖားဆောင်းမှာ ကျနော်တို့ လူထုတွေ့ဆုံပွဲလုပ်ပြီးပြီ။ ဟိုယာ၊မြလဲမှာ သွားလုပ်ပြိီးပြီ။ လူထုတွေ့ဆုံပွဲသွားလုပ်တဲ့အခါမှာ ကျနော်တို့ အမြဲတမ်း KNPP ကိုဖိတ်ခေါ်တယ်။ သူက ပါလာတာနည်းတယ်။ ဒီအနီးနားက ဆက်ဆံရေးက တစ်ယောက်နှစ်ယောက်သွားတာပဲတွေ့တယ်။ ပါဝင်လာတာနည်းတယ်။ ဆိုတော့ ကျနော်ထင်တာကတော့ သူ့ရဲ့အခက်အခဲတစ်ခုရှိမယ်လို့ ကျနော်ထင်တယ်လေး။
 
ဦးထူးကော်သည် ပရဲ့ကယောလူမျိုးဖြစ်ပြီး ကေကာဒေသ ဇာတိဖြစ်သည်ဟုသိရသည်။ ၁၉၇၆ ခုနှစ်တွင် အသက် ဆယ့်ငါးနှစ်အရွယ်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP)ထဲတွင် စတင်ဝင်ရောက်ခဲ့ပြီး တစ်နှစ်လောက်ကြာတွင် ပန်ဆန်းသို့ထွက်ခွာသွားပြီး က.လ.လ.တ အဖွဲ့ဝင် ဖြစ်သွားခဲ့သည်ဟု သိရသည်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...