သံလွင်ပေါ်တက်ရပ်ပြီး ကျနော်တို့သွေးချင်းညီအစ်ကိုယ်များ ညီညွှတ်ခြင်းတေးကို သီဆိုကြတယ်။ မျိုးဆက်တွေတစ်ခုပြီးတစ်ခုဖြတ်သန်းခဲ့ကြတယ်။ သံလွင်ရေပြင်ပေါ်မှာ ကျနော်တို့သွေးများနီရဲခဲ့တယ်။ သံလွင်ဟာဌာနေတိုင်းရင်းသားများအတွက် ဘယ်တော့မှမရိုင်းတဲ့သမိုင်းနဲ့ရပ်တည်ခဲ့သည်။ ပြောင်းလဲလာသောခေတ်စနစ်နဲ့အညီ ကျနော်တို့အသွေးအသားထဲမှ သံလွင်ကိုတန်ဖိုးထား ထိန်းသိမ်းခဲ့တယ်။ ရာမညမြေပေါ်မှာသံလွင်ရဲ့သမိုင်း အရိုင်းမခံဆိုတဲ့ခံယူချက်ပေါင်းများစွာနဲ့ ကြွေးကြော်ချီတက်လာကြသည်။
နှစ်ပေါင်းများစွာတည်ငြိမ်အေးချမ်းစွာရှိခဲ့တဲ့သံလွင်ဟာ ယနေ့မုန်တိုင်းထန်လာပါပြီ။ ၂၀၁၅ခုနှစ်ပြည်ထောင်စုအစိုးရရံပုံငွေဖြင့် စတင်တည်ဆောက်လာခဲ့သော သံလွင်တံတား(ချောင်းဆုံ) စီမံကိန်း(၇၀)ရာခိုင်နှုန်းအပြီးဖွင့်ပွဲပြုလုပ်ရန် နှစ်လအလိုတံတားအမည်ပြောင်း ဆိုင်းဘုတ်တင်ပွဲပြုလုပ်ရန်လမ်း၊ တံတားဦးစီးဌာနမှ မွန်ပြည်နယ်လွှတ်တော်ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးအား ဖိတ်ကြားရာမှ ငြိမ်သက်နေသောသံလွင်ရေဟာ စတင်လှုပ်ခတ်ခဲ့သည်။ ကနဦးစီမံကိန်းမှချပေးသော'သံလွင်တံတား(ချောင်းဆုံ)'အမည်မှ'ဗိုလ်ချုပ်အောင်ဆန်းတံတား' အဖြစ်အမည်ပေးခြင်းအစီအစဉ်ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သော ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင် ကျင်းပရန်ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ်လွှတ်တော်ဒု-ဥက္ကဋ္ဌမှစတင်ကန့်ကွက်ခဲ့ပြီး ၄င်း၏နောက်တွင် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဘီလူးကျွန်းဒေသခံများနှင့် မွန်လူထုအသိုင်းအဝိုင်းကြား ကန့်ကွက်မှုများ ကြီးများကျယ်ပြန့်လာသည်။ လူမှုကွန်ယက်များမှာသာမက ဝန်ကြီးချုပ်ဆီလည်း တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ကြသည်။ ထိုသို့ကန့်ကွက်လာသောကြောင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးမင်းမင်းဦးမှ တံတားအမည်ပြောင်းဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကိုဖျက်သိမ်းပြီးတံတားအမည်ကိုလည်း ဒေသခံပြည်သူလူထုများလက်ခံသည့်အမည်နဲ့ ပြည်နယ်နဲ့လည်းလိုက်ဖက်သင့်လျော်သောအမည်တခုခုဖြစ်ရန်ပြည်ထောင်စုအစိုးထံသို့တင်ပြပေးမည်ဟု ပြန်လည်ထုတ်ပြန်ခဲ့သည်။
တံတားအမည်ပေးခြင်းနဲ့ပတ််သက်ပြီး မွန်တိုင်းရင်းသားများနှင့်(NLD)အစိုးရကို အားပေးထောက်ခံသူများကြား အပြန်အလှန်စွပ်စွဲပြစ်တင်လာကြသည်။ မွန်တိုင်းရင်းသားများဘက်ကလည်း လူများစုများ၏အုပ်စုဖွဲ့ဒီမိုကရေစီ အနိုင်ကျင့်ခံရခြင်း၊ လူမျိုးကြီးဝါဒဖြင့်ဝါးမြိုခြင်း၊ ဒီမိုကရေစီအစိုးရဟုအမည်ခံပြီး ပြည်သူ့အသံကို နားမထောင်ခြင်းစသည်ဖြင့် ပြန်လည်ချေပလာသည်။
မွန်ဝန်ကြီးချုပ်ဟောင်းဦးမင်းမင်းဦး တာဝန်ယူနေသည့်ကာလတွင်လည်း အုပ်ချုပ်ရေးပိုင်းနှင့်စည်းကမ်းထိန်းသိမ်းရေးပိုင်းအား နည်းချက် သတင်းများ ပြန့်နှံ့လာသည်။ ထိုသို့သောအကြောင်းအရင်းများကြောင့် (NLD)ပါတီ၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ'ဦးဉာဏ်ဝင်း' ဦးဆောင်သောအဖွဲ့၏စစ်ဆေးမှုကိုလည်း ခံထားရသူပါ။ နိုင်ငံရေးအရှုပ်အထွေးဖိအားပေးမှုများကို တောင့်ခံနိုင်ခြင်းမရှိဘဲ ဦးမင်းမင်းဦး ဝန်ကြီးချုပ်တာဝန်မှ တရားဝင်နှုတ်ထွက်စာတင်ခဲ့သည်။ ဝန်ကြီးချုပ်သစ်(ဒေါက်တာအေးဇံ) မရွေးချယ်မီနှင့် တာဝန်မလွှဲပြောင်းမီကာလတွင် မိမိခံစားချက်ကိုမီဒီယာများအားရှင်းလင်းပြသခဲ့သည်။ လုပ်ပိုင်ခွင့်အာဏာကိုဗဟိုမှထိန်းချုပ်ခြင်း၊ လာဘ်ပေးလာဘ်ယူမှုများရှိခြင်း၊ တာဝန်များကိုချုပ်ကိုင်ခြင်း' စသောအကြောင်းကြောင့်ဖြစ်သည်ဟု သတင်းဌာနများကို ပြောကြားခဲ့သည်။
(NLD)အစိုးရတက်လာပြီးနောက်ပိုင်း မွန်ပြည်သူလူထုနဲ့ထိပ်တိုက်မှုယခုနဲ့ဆိုနှစ်ခါရှိပါပြီ။ ပထမအကြိမ်အဖြစ် မုဒုံမြို့၊ ကန်သာယာပန်းခြံတွင် 'ဗိုလ်ချုပ်အောင်ဆန်း'ကြေးရုပ်ထုစိုက်ထူထားမှုကို ဒေသခံမွန်လူငယ်များကန့်ကွက်နေသည့်ကြားမှ ဖွင့်လှစ်ခဲ့သည်။ မွန်ပြည်သူများဘက်ကလည်း ယခုလိုကန့်ကွက်နေခြင်းမှာ'ဗိုလ်ချုပ်အောင်ဆန်း'ကို မလေးစားလို့မဟုတ်ဘဲ အမျိုးသားရင်ကြားစေ့ရေးဆောင်ရွက်နေချိန်မှာ ယခုကဲ့သို့သဘောထားကွဲလွဲမှုနှင့် ပွတ်တိုက်မှုများကို ရှောင်ရှားသင့်တယ်လို့ ဆိုကြသည်။
ထိုသို့ရှုပ်ထွေးသောအခြေအနေတွင် မွန်ပြည်သူလူထု၏ဒေါသကိုထပ်မံပြန်ဆွသလို အခြေအနေတရပ်ကိုဖန်တီးနေသလို တံတားအမည်ပြောင်းတဲ့ကိစ္စ ဆက်လက်ဖြစ်ပေါ်လာတာပါ။ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ခေတ္တငြိမ်သက်ပေးခဲ့သောတံတားအမည်ပေးခြင်းကိစ္စကို (၂၈.၂.၂၀၁၇)ရက်နေ့၊ ပြည်သူ့လွှတ်တော်တွင် 'ဗိုလ်ချုပ်အောင်ဆန်းတံတား' အမည်ပေးရန်အဆိုကို မွန်ပြည်နယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် 'ဒေါ်မိကွန်ချမ်း'မှ ထပ်မံအဆိုပြုတင်သွင်းခဲ့သည်။ လွှတ်တော်ထဲတွင်(NLD)ကိုယ်စားလှယ်အများစုပါဝင်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်အများစုကသဘောတူလက်ခံသောကြောင့်ပြည်သူ့လွှတ်တော်တွင်လက်ခံဆွေးနွေးရန်အတည်ပြုခဲ့သည်။ ထိုသို့လက်ခံဆွေးနွေးရန်အတည်ပြုလိုက်သည့်အပေါ်ချောင်းဆုံဒေသခံများမှသဘောတူလက်ခံခြင်းမရှိသောကြောင့် (၂.၃.၂၀၁၇) ရက်နေ့တွင် ဒေသခံမွန်ပြည်သူလူထုသုံးထောင်ကျော် ချောင်းဆုံမြို့နယ်ကညော်ရွာမှ တံတားသစ်ထိပ်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းပွဲတွင်ဒေါက်တာအောင်နိုင်ဦးမှ'မိကွန်ချမ်းထင်သလိုကျနော်တို့ဟာအစွန်းရောက်နေခြင်းဟုတ်မဟုတ်ဒီနေရာကိုတချက်လာကြည့်ပါ။ ခင်ဗျားတို့ဗိုလ်ချုပ်အောင်ဆန်းကိုချစ်သလို ကျနော်တို့လည်းခင်ဗျားတို့ထက်မလျော့သော ချစ်ခြင်းနဲ့ ရင်ထဲမှာလေးစားချစ်မြတ်နိုးနေတာပါ။ သူ့နေရာနဲ့သူရှိပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်၊ ဗိုလ်ချုပ်ပုံပါတဲ့ပိုက်ဆံများ အသစ်ရိုက်နှိပ်ထုတ်ဝေလိုက်ပါ။ ကျနော်တို့ထိပ်ဆုံးမှထောက်ခံမယ်'ဟု ပြောကြားခဲ့သည်။ (NLD)အစိုးရအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်ကိုအသုံးချပြီး တိုင်းရင်းသားလူမျိုးစုများအပေါ် လွှမ်းမိုးဖို့ကြိုးစားနေခြင်းသည် ဗိုလ်ချုပ်ကိုအခါခါသတ်နေသလိုပါ။
(၁၄.၃.၂၀၁၇)ရက်ပြည်သူ့လွှတ်တော်တွင်တံတားအမည်ပေးခြင်းအဆိုကိုဆွေးနွေးခဲ့ပြီးလျှိုဝှက်မဲပေးစနစ်စက်ခလုတ်နှိပ်မဲခွဲခဲ့သည်။'ဗိုလ်ချုပ်အောင်ဆန်းတံတား'အမည်ကိုအတည်ပြုသတ်မှတ်ခဲ့သည်။ ယခုကဲ့သို့(NLD)အများစုလွှမ်းမိုးသောလွှတ်တော်တွင် ယင်းကဲ့သို့ဆုံးဖြတ်ခြင်းသည် ဒီမိုကရေစီနဲ့အနိုင်ကျင့်သလိုပါ။ လူများစုကလူနည်းစုကို အုပ်စုဖွဲ့အနိုင်ကျင့်နေသလိုပင်ဖြစ်သည်။ 'ပြည်သူ့အသံ-လွှတ်တော်အသံ၊ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ'ဟု ကြွေးကြော်နေသော ဆောင်ပုဒ်နဲ့သွေဖယ်နေသလိုပါ။ ဌာနေဒေသခံတိုင်းရင်းသားများ၏အသံကိုလည်း နားထောင်ခြင်းမရှိပါ။ ဒီမိုအာဏာရှင်ဆန်ဆန်အတည်ပြုဆုံးဖြတ်မှုကို ချောင်းဆုံဒေသခံများနဲ့ ပြည်သူလူထုကလက်ခံခြင်းမရှိသောကြောင့် (၁၉.၃.၂၀၁၇) ရက်တွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်းတွင် ဒုတိယအကြိမ်လူပေါင်းသုံးသောင်းကျော် အေးချမ်းစွာလမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မွန်ပြည်သူများသာမက'ကရင်၊ပအို့ဝ်' စသည့်ဒေသခံတိုင်းရင်းသားများလည်း လာရောက်ပူးပေါင်းပါဝင်ကြသည်။
မွွန်ပြည်သူလူထုအသံမှာလည်း တစ်ခုတည်းဖြစ်နေပါပြီ။ ဆန္ဒပြပွဲကိုဦးဆောင်သူ'နိုင်မွန်ရာဇာ'မှ 'ကျနော်တို့ယခုလိုဆန္ဒထုတ်ဖော်ခြင်းသည် ဗိုလ်ချုပ်အောင်ဆန်းကိုမထီမဲ့မြင်မလေးစား၍ ကန့်ကွက်နေခြင်းမဟုတ်ပါ။ အစိုးရအနေဖြင့် ပြည်သူလူထု၏အသံကို ဒီမိုကရေစီသဘောတရားအနှစ်သာရနဲ့အညီ လူများစုကလူနည်းစုဆန္ဒကို အသိအမှတ်ပြုနားထောင်ပေးစေလိုကြောင်း'ပြောကြားခဲ့သည်။
သထုံမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ'စောကျော်မိုး'ကလည်း 'မွန်လူမျိုးများဟာရဲရင့်သူများ၊ ညီညွှတ်သူများဖြစ်ကြတယ်။ ကရင်နဲ့ပအို့လူမျိုးများဟာရိုင်းပင်းကူညီတတ်သူများအဖြစ် သမိုင်းမှာကျန်ရစ်မှာပါ။ ရပ်ကွက်ထဲအိမ်တအိမ်မီးလောင်လို့ ကျန်အိမ်များမှကိုယ်နဲ့မဆိုင်သလိုနေလျှင်ရပ် ကွက်တခုလုံးပြာကျသွားမည်။ တိုင်းရင်းသားလူမျိုးစုတခု၏ ရင်ထဲကအပူကိုကျန်လူမျိုးများက ဝိုင်းဝန်းဖေးမခြင်းပါပဲ။ ဒီလိုမျိုးဒီမိုကရေစီစံညွှန်းနဲ့အညီ အေးချမ်းတည်ငြိမ်စည်းကမ်းရှိစွာ ဆန္ဒထုတ်ဖော်သည့်အလေ့အထလည်း မြန်မာပြည်မှာထွန်းကားလာမယ်' လို့ ၄င်းကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့မှုအပေါ် ထုတ်ဖော်ပြောပြထားပါတယ်။
မွန်လူမျိုးများကပို၍စည်းလုံးမှုကိုတည်ဆောက်နိုင်ခဲ့ပြီး ပြည်သူ့အသံကိုနားမထောင်သော(NLD)အစိုးရကိုလည်း ယုံကြည်မှုမဲ့လာစေသည်။ ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်ကိုအသုံးချပြီး အမျိုးသားရင်ကြားစေ့ရေးကိုထိခိုက်စေမည့် မည်သည့်နေရာမဆို လွှမ်းမိုးရန်ကြိုးစားနေမှုကို အစိုးရအနေဖြင့်ရပ်တန့်စေချင်ပါတယ်။ တံတားအမည်ပြောင်းခြင်းကိုလည်း ပြန်လည်ရုတ်သိမ်းပြီး ဒေသခံများ၏ဆန္ဒကို ပြန်လည်နားထောင်စေလိုပါသည်။
(၂၀၁၇)ချောင်းဆုံမြို့နယ်တွင်ကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဒေသခံများအနေဖြင့် မိအေးအခါခါနာသလို နောက်တခါထပ်မံကိုယ်စားလှယ်အရွေးမမှားတော့ပါ။ အမှတ်တံဆိပ်ထက် အမှန်တကယ်အလုပ်လုပ်မည့်သူကို ရွေးချယ်ပေးခဲ့သည်ဟုမြင်မိပါသည်။
by ရာမညမင်းငြိမ်းချမ်း (April 5)