ရွေးကောက်ပွဲအလွန်ကာလတွင် တာဝန်ယူမည့် အစိုးရအဖွဲ့အပေါ် ရှမ်းလူငယ်များ၏ မျှော်လင့်ချက်များ

ရွေးကောက်ပွဲအလွန်ကာလတွင် တာဝန်ယူမည့် အစိုးရအဖွဲ့အပေါ် ရှမ်းလူငယ်များ၏ မျှော်လင့်ချက်များ
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများ၊ မူးယစ်ဆေးဝါးပြဿနာများဖြင့် ရင်ဆိုင်နေရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ ထို့ပြင် ပညာရေး၊ကျန်းမာရေးကဏ္ဍများတွင်လည်း အားနည်းလျက်ရှိပြီး အထူးသဖြင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာများကို ရင်ဆိုင်နေရသည်။ ယင်းပြဿနာများသည် ရှမ်းလူငယ်များအပေါ် ရိုက်ခတ်လျက်ရှိပြီး ၎င်းဒေသမှ လူငယ်များ၏ အနာဂတ်သည်လည်း မှေးမှိန်လျက်ရှိသည်။ ထို့ကြောင့် ယခု ရွေးကောက်ပွဲအလွန်ကာလတွင် တာဝန်ယူမည့် အစိုးရအဖွဲ့အပေါ် ရှမ်းလူငယ်များ၏ မျှော်လင့်ချက်များအား ဖော်ပြလိုက်ရပါသည်။  

ခွန်ခေတ်စံ (Taunggyi Youth Center)

“ကျွန်တော်တို့တိုင်းရင်းသားဒေမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပဋိက္ခတစ်ခုခုဖြစ်ပြီဆိုရင် ရှမ်းပြည်နယ်အစိုးရက ဘာအသံတစ်ခုမှ မထွက်ရဲတဲ့ အပေါ်မှာ လုံး၀အားမရဘူး။ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဘာသံမှမထွက်တဲ့အခါ ဝန်ကြီးရဲ့တာဝန်နဲ့၀တ္တရား အရမ်းညံ့တယ်လို့ ကျွန်တော်မြင်တယ်။လာမယ့် အစိုးရသစ်သက်တမ်းမှာ ဒီလိုလူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ကိစ္စမှာသေချာလေး အာရုံစိုက်ပြီး လုပ်ဆောင်ပေးစေချင်တယ်။ နောက်တစ်ခုက အဆင့်မြင့်ပညာရေးစနစ်တွေ လုပ်ဆောင်ပေးနိုင်ဖို့ တက္ကသိုလ်ကျောင်းသားတွေနဲ့ ဒီအစိုးရနဲ့ အလွတ်သဘောဖြစ်စေ တရားဝင်ဖြစ်စေ တွေ့ဆုံပွဲတွေ ညီလာခံပုံစံမျိုးတွေ၊ ဖိုရမ်လိုပုံစံမျိုးတွေ လုပ်စေချင်တယ်”  

ခွန်ထွန်းကြည် (ကောင်ရွေးလူငယ်အဖွဲ့)

လာမယ့်အစိုးရလက်ထက်မှာ ပြင်ဆင်ပြီးတော့ လုပ်စေချင်တာ အဓိက ဖွံ့ဖြိုးရေးအပိုင်းမှာ ပွင့်လင်းမြင်သာမှုရှိဖို့ရယ်။ စောင့်ကြည့်မှုအပိုင်းတွေ လိုမယ်။ ဥပမာ ပြောရရင် လမ်းလုပ်တယ်၊ အရည်အသွေးပြည့်မီအောင် သူတို့ပေးလိုက်တဲ့ တင်ဒါအဖွဲ့ ကုမ္ပဏီအဖွဲ့တွေကို အမြဲတမ်းစောင့် ကြည့်သင့်တယ်လို့ ကျွန်တော်မြင်တယ်။

လူငယ်အခွင့် အလမ်းကိစ္စတွေမှာလဲ လုပ်တာတော့ လုပ်တယ်။ ဒါပေမဲ့ ပိုပြီးတော့ အားစိုက်ဆောင်ရွက် ပေးစေချင်တယ်။ လူငယ်နဲ့သက်ဆိုင်တဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေရယ် ၊ လူငယ်တွေရဲ့ အရည်အသွေး မြှင့်တင်နိုင်မယ့် Youth Center တွေ လိုမျိုး လူငယ်တွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု တွေအသုံးချလို့ ရမယ့် နေရာမျိုး တွေကို အာရုံစိုက်လုပ်ဆောင်ပေးစေချင်တယ် ။ ပြည်သူ့စကားကိုနားထောင်ဖို့  ပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်မယ့် အစိုးရမျိုး ကိုမျှော်လင့်တယ် ။

ဝင့်ထည်ကောင်းမြတ် (Myanmar Institute of Peace and Security Studies)

“လူငယ်အဆင့် မဟာဗျူဟာစီမံချက်တွေက ထွက်ပြီ။ လူငယ်အရေးနဲ့ပတ်သက်ပြီး လူငယ့်ရေးရာဝန်ကြီးဌာနတစ်ခု တိုးပေးဖို့အထိ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါတွေကဖြစ်မလာဘူး။ လူကယ်ပြန်ဝန်ကြီးဌာနရဲ့လက်အောက်မှာပဲ သွားဝင်နေတယ်။ လူငယ့်ရေးရာတွေကို ဖော်ဆောင်နိုင်ဖို့ ဘတ်ဂျက်ကလည်း ရှိသင့်တယ်။ Youths Center တွေလိုတယ်။ တစ်ခြားတိုင်းနဲ့ပြည်နယ်တွေမှာ Youths Center တွေရှိသော်လည်း ကျွန်တော်တို့ရှမ်းပြည်မှာ Youths Center တွေ မရှိသေးဘူး၊ ကျယ်ဝန်းလှတဲ့ ရှမ်းပြည်နယ်အတွက် Youths Center တွေ အနည်းဆုံး သုံး ခုလောက်လိုချင်တာပေါ့။ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနဲ့ တာချီလိတ်မှာ တစ်ခုစီဖွင့်ဖို့လိုအပ်နေတယ်”  

စိုင်းဟန် (Tai Youth Network လားရှိုး)

“ဖယ်ဒရယ်ဒီမိုကရေစီကိုသွားမယ့် တိုင်းပြည်တစ်ခုမှာ ကျွန်တော်တို့လူငယ်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဒီ ကျွန်တော်တို့ ရှမ်းမြောက်မှာဆိုရင် မူးယစ်ဆေးဝါးကိစ္စ၊ ဒီမူးယစ်ဆေးဝါးနဲ့ လူငယ်တွေ ကင်းကွာသွားအောင် ဆောင်ရွက်ပေးဖို့ အလွန်အရေးကြီးပါတယ်။ ပညာရေးပိုင်းမှာလည်း အများကြီး လိုအပ်နေသေးတယ်။ ကျွန်တော်တို့ဆီမှာ အလုပ်အကိုင်အခွင့်အလမ်းမရှိလို့ ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်တဲ့ လူငယ်တွေမှ အများကြီးပဲ။ တစ်ချို့က တရုတ်ကိုသွားကြတယ်။ တစ်ချို့က ထိုင်းဘက်ကိုသွားကြရတယ်။ ဒါကြောင့် ကျွန်တော်တောင်းဆိုချင်တာ အစိုးရအနေနဲ့ မူးယစ်ဆေးဝါးကိစ္စကို ဖိအားပေးဆောင်ရွက်ပေးပါ။ အလုပ်အကိုင်အခွင့်အလမ်း ရရှိအောင် ဖော်ဆောင်ပေးပါ။ ပညာရေးစနစ် မြှင့်မားတိုးတက်အောင်လုပ်ပေးပါ”

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...