အာဏာမသိမ်းဟု ယူဆမရကြောင်း တပ်မတော်၏ပြောဆိုချက်အပေါ် သူတို့၏မြင်များ

အာဏာမသိမ်းဟု ယူဆမရကြောင်း တပ်မတော်၏ပြောဆိုချက်အပေါ် သူတို့၏မြင်များ
by -
Myat Thwin Oo (Hinthar)

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က ပြန်လည်စိစစ်ရာ မြို့နယ်ပေါင်း ၃၀၀ ကျော်တွင် ကွာဟချက်ပေါင်း ရှစ်ဒသမခြောက်သန်းကျော်ရှိသည်ဟု ဆိုသည်။ ထိုကွာဟချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့က ဖြေရှင်းပေးရန် လိုအပ်တယ်သည်ဟုလည်း ဆိုသည်။

အကယ်၍ မဖြေရှင်းဘူးဆိုရင်ပါက အာဏာမသိမ်းဟု ယူဆမရကြောင်း ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ တပ်ဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောဆိုမှုနှင့် ပတ်သက်၍ တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ သဘောထားများ၊ အမြင်များကို စုစည်းဖော်ပြလိုက်ရပါသည်။

 

“ဒီမိုကရေစီအတွက်ကို ဦးတည်ပြီး ကြိုးစားလုံးပမ်းနေတဲ့ကာလမှာ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူဖို့ဆိုတာ မစဉ်းစားကောင်းတဲ့အရာပါ”

နိုင်လယိတမ (အထွေထွေအတွင်းရေးမှူး၊ မွန်ညီညွတ်ရေးပါတီ)

“ကျွန်တော်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ပြောနေကြတဲ့ကိစ္စတွေက ဖြစ်တဲ့နေရာတွေမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီမသမာမှုတွေကို လောလောဆယ် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲခုံ အဖွဲ့တွေဖွဲ့ပြီးတော့ ဒါတွေကို စစ်ဆေးဆောင်ရွက်နေတာဖြစ်တဲ့အတွက် အဲဒီဆုံးဖြတ်ချက်၊ ဥပဒေအရ အဆုံးအဖြတ်ကိုပဲ ကျွန်တော်တို့က အဲသလိုပဲ နားလည်ထားပါတယ်။ အဲဒီလိုပဲ ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးက ဒီမိုကရေစီအတွက်ကို ဦးတည်ပြီး ကြိုးစားလုံးပမ်းနေတဲ့ကာလမှာ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူဖို့ဆိုတာ မစဉ်းစားကောင်းတဲ့အရာပါ။

 

“မဲစာရင်းကြေညာပြီးတော့ ပြင်လို့ရအောင် အချိန်ပေးထားတယ်။ အဲ့ဒါကို အဲဒီတုန်းကမပြောပဲနဲ့ ဘာလို့ အခုမှပြောတာလဲ”

ဆလိုင်းအောင်လိန်း (အထွေထွေအတွင်းရေးမှူး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

“မဲစာရင်းမှားတယ်ဆိုတာက စပြီးတော့ မဲစာရင်းကြေညာတဲ့အချိန်မှာ ပြင်လို့ရတယ်။ မဲစာရင်းကြေညာပြီးတော့ ပြင်လို့ရအောင် အချိန်ပေးထားတယ်။ အဲ့ဒါကို အဲဒီတုန်းကမပြောပဲနဲ့ ဘာလို့ အခုမှပြောတာလဲ။ နောက်တစ်ခါ ရွေးကောက်ပွဲကာလမှာ မဲလိမ်တယ်၊ မဲခိုးတယ်ဆိုလို့ရှိရင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ဖွဲ့တွေကို ဥပဒေအရ တရားစွဲရမှာလေ။ သူတို့ယှဉ်ပြိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက တရားစွဲရမှာဖြစ်တယ်။ အခု တပ်က ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူလည်းမဟုတ်ဘူး။ အခုမှ ရလာဒ်ကိုမကျေနပ်လို့ မဲလိမ်တယ်၊ မဲခိုးတယ်လို့ပြောပြီး အာဏာသိမ်းနိုင်တယ်လို့ ပြောတာတွေဟာ လုံးဝမဖြစ်သင့်တာတွေပါ။ ဒါဟာ ဒီမိုကရေစီနောက်ကြောင်းပြန်ဖြစ်တယ်လို့ ပြောလို့ရတယ်။ နောက်တစ်ခါ အာဏာသိမ်းတယ်ဆိုတာက စစ်တပ်ကိုအာဏာလွှဲလို့ရတာက သမ္မတရဲ့ ခွင့်ပြုချက်အနေနဲ့ လွှဲလို့ရတယ်။ အခုသူတို့ပြောတဲ့ သမ္မတရဲ့ခွင့်ပြုချက်မပါပဲ အာဏာဘယ်လိုလွှဲမလဲဆိုတာကို ကျွန်တော် ကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်တော့ နားမလည်ဘူး။ ဦးသိန်းစိန် ငါးနှစ်၊ NLD ငါးနှစ် ဖြတ်သန်းခဲ့ပြီးပြီ ခုမှ တပ်က အာဏာပြန်သိမ်းတာမျိုး မဖြစ်စေချင် တော့ဘူး။ ဒီအခြေအနေကို UEC ရယ် ဒေါ်အောင်ဆန်းစုကြည်ရယ်၊ တပ်ချုပ်ရယ်တွေ့ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာကြတာအကောင်းဆုံးပါပဲ။ တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေးဟာ တပ်က အာဏာပြန်သိမ်းလိုက်ရင် တစ်ကနေပြန်စရမယ်။ ဒီတော့ ပြန်ပြန်ပြီးတော့ ကြာသွားမယ်။ ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးဆိုတာမှာလည်း ယုံကြည်မှုကို ပြန်တည်ဆောက်ဖို့ ပိုပိုပြီးခက်လာလိမ့်မယ်။ လက်ရှိရှိနေတဲ့နေရာကနေ အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့က နည်းလမ်းရှာပြီးဖြေရှင်းရလိမ့်မယ်။

 

“အာဏာသိမ်းတယ်ဆိုတာကို ကျွန်တော်တို့က မူအရတော့ ဆန့်ကျင်တယ်”

ဦးဟန်ရွှေ (ဒုတိယဥက္ကဋ္ဌ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

“ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနဲ့အညီဆောင်ရွက်ဖို့လိုတယ်။ အာဏာသိမ်းတယ်ဆိုတာကို ကျွန်တော်တို့က မူအရ တော့ ဆန့်ကျင်တယ်။ တကယ်လို့လုပ်တော့မယ် ဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မဆန့်ကျင်ပဲ ဥပဒေအရသာ ဆောင်ရွက်ဖို့ပြောချင်တယ်။ ကျွန်တော့်အနေနဲ့ ဒီလောက်ပဲ မှတ်ချက်ပြုချင်ပါတယ်။

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...
January 19, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်သစ်ကို ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။...