မကြာမီဖွဲ့စည်းမည့် ချင်းပြည်နယ်အစိုးရသစ်အပေါ် သူတို့၏မျှော်လင့်ချက်များ

မကြာမီဖွဲ့စည်းမည့် ချင်းပြည်နယ်အစိုးရသစ်အပေါ် သူတို့၏မျှော်လင့်ချက်များ
by -
Salai Benezer (KMG)

တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်သစ်ကို ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။ ချင်းပြည်နယ်အစိုးရအဖွဲ့သစ်ကိုလည်း ယင်းလွှတ်တော်အစည်းအဝေး၌ ဖွဲ့စည်းကြမည်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များကို နိုင်ငံတော်သမ္မတက တိုက်ရိုက် ခန့်အပ်ဖွဲ့စည်းမည်ဖြစ်သော်လည်း ပြည်သူများအနေဖြင့် အစိုးရအဖွဲ့သစ်ကို မည်သို့မျှော်လင့်ထားသလဲနှင့် မည်သို့သောပုံစံမျိုးဖွဲ့စည်းချင်သလဲ ဆိုသည်နှင့်ပတ်သက်၍ ချင်းအရပ်ဘက်အဖွဲ့အစည်းများမှ ဦးဆောင်သူများ၏ အမြင်သဘောထားများကို ဖော်ပြလိုက်ရပါသည်။ 

 

G S Mang (တာဝန်ခံ - ရပ်ရွာငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့)

“ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းအတွင်းမှာတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ကို ကျွန်တော်အနေနဲ့ အားရကျေနပ်မှု နည်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လုပ်နေတဲ့အထဲမှာ ဖွံ့ဖြိုးရေးတစ်ခုကိုဘဲ ဦးစားပေးနေတယ်လို့မြင်တယ်။ ဖွံ့ဖြိုးရေးလို့ပြောတဲ့နေရာမှာ ဒေသဖွံ့ဖြိုးရေး အခြေခံအဆောက်အဦးပိုင်းမှာဘဲ ဦးစားပေးပြီးတော့ နိုင်ငံရေးအရ ကျွန်တော်တို့ချင်းတွေရဲ့ ဝိသေသလက္ခဏာကို ပြည်ထောင်စုထဲမှာ ဘယ်လိုပေါင်းဆက်နေနိုင်မလေ။ ကျွန်တော်တို့ ချင်းလူမျိုးဆိုတာ ပြည်ထောင်စုကို တည်ထောင်သူတွေဖြစ်ပါတယ်။ အဲဒီကဏ္ဍပျောက်နေတယ်လို့ ယူဆပါတယ်။ ခုလာမယ့် အစိုးရအဖွဲ့ထဲမှာ မြင်ချင်တာကတော့ ကျွန်တော်တို့ချင်းပြည်နယ်က လူမျိုးစုံနေထိုင်တာဖြစ်တဲ့အတွက် မျိုးနွယ်စုတွေထဲက လူတော်တွေ ပါဝင်စေချင်ပါတယ်။ အမျိုးသမီးတွေ၊ လူငယ်ပညာတတ်များရဲ့ အစိုးရထဲမှာ စွမ်းစွမ်းတမန် ပါဝင်ဆောင်ရွက်ခွင့်ကိုလည်း ပြည်သူတစ်ယောက်အနေနဲ့ မြင်ချင်ပါတယ်”

 

ဝင်းယုထွန်း (Manager - Ethno Trail Culture & Tourism Co. Ltd,.)

 

“လာမယ့် အစိုးရသစ်ကိုတော့ အများကြီးမျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီငါးနှစ်မှာ ချင်းပြည်နယ်အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ဦးသိန်းစိန်အစိုးရလက်ထက်နောက်ပိုင်းမှာ NLD အစိုးရလက်ထက်အတွင်းဆိုရင် သင်ခန်းစာပြန်ယူရမယ့်အချက်တွေ အားနည်းချက် အားသာချက်တွေ ပြန်သုံးသပ်ပြီးတော့မှ ၂၀၂၀ မှာတော့ ပိုကောင်းအောင် ပြန်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ခုလက်ရှိ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ တက်လာတဲ့သူတွေထဲမှာ ဖြစ်စေချင်တာက အစိုးရအဖွဲ့ထဲမှာ လူငယ်ပိုင်းတွေ တက်တက်ကြွကြွ လုပ်နိုင်မယ့်သူတွေကို ကျွန်တော်ကတော့ လိုချင်ပါတယ်။ ပြီးတော့ မလုပ်မရှုပ်မပြုတ် ပုံစံမျိုးနဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ ထိုင်နေတဲ့သူမျိုးကို ကျွန်တော်တို့မကြိုက်ဘူး။ နောက်တစ်ခု ချင်းပြည်နယ်ရဲ့ အဆိုးဆုံး နာမည်အပျက်ဆုံးကိစ္စက ချစားတဲ့ကိစ္စပေါ့။ ကျွန်တော်တို့ကိုယ်တိုင် သိတဲ့ဟာတစ်ခုက ဝန်ထမ်းခန့်တဲ့အခါကျရင် သူရမဲ့လစာတောင် နှစ်သိန်းဝန်းကျင်ဘဲရှိတဲ့ဟာကို အဲဒီရာထူးလေးရဖို့ သူ့ရဲ့လစာရဲ့ တစ်နှစ်စာကျော်ကျော်လောက်ရှိတဲ့ လဘ်ငွေကိုပေးရတယ်။ အဲလိုမျိုးဟာကို အစိုးရက မသိတာလည်းမဟုတ်ဘူး။ အဲဒါကို ဘယ်လိုအခက်အခဲရှိလို့ မလုပ်နိုင်တာလည်းတော့မသိဘူး၊ တော်တော်ရုပ်ဆိုးတယ်”

 

Lian Tuang (Director CNRWG)

 

“တကယ်တမ်းကတော့ ကြံ့ခိုင်ရေးအစိုးရနောက်ပိုင်း NLD အစိုးရတက်လာတဲ့အခါကျတော့ ပြည်သူတွေက တစ်အားမျှော်လင့်တယ်။ အဲဒါနဲ့ချိန်ထိုးမယ်ဆိုရင်တော့ ပြည်သူမျှောင်လင့်ချက်နဲ့ သူတို့ရဲ့လုပ်ဆောင်ချက်က ဘယ်လိုမှမဆိုင်ဘူး။ အားရစရာ လုံးဝမကောင်းဘူးလို့ မြင်ရပါတယ်။ အခု ဒုတိယအစိုးရကိုဘဲ အခြေခံပြီးပြောမယ်ဆိုရင် နောက်အစိုးရအနေနဲ့ ချင်းပြည်နယ်မှာ လဘ်စားမှုမရှိအောင်နဲ့ အနည်းဆုံးဖြစ်အောင် ထိန်းထားပေးစေချင်တယ်၊ နာမည်ပျက်ပြီးသားဟာကို နာမည်ပြန်ကောင်းအောင် သိက္ခာပြန်ဆွဲတင်ပေးစေချင်တယ်။ လွှတ်တော်နဲ့ အစိုးရကြားမှာ အပြန်အလှန်ထိန်းကြောင်းတဲ့ဟာကို ပြန်တည်ဆောက်ပေးစေချင်တယ်။ ဘတ်ဂျက်ခွဲဝေမှုမှာ ကွာဟမှုဖြစ်နေတဲ့ကိစ္စကိုလည်း မဖြစ်မနေ လုပ်သင့်တယ်လို့ပြောချင်တယ်”

 

Salai Terah (Field Director- CHRO)

 

“အခုလာမယ့်အစိုးရမှာတော့ ကျွန်တော်က အရည်အချင်းရယ်လို့တော့ မဆိုလိုဘူး၊ လူအခွင့်အရေးကို လေးစားလိုက်နာမယ့်သူ ပြည်သူ့အကျိုးကို တကယ်ထမ်းဆောင်နိုင်မယ့်သူကိုဘဲ ဦးစားပေးစေချင်တယ်။ နောက်တစ်ခုက အမျိုးသားပြန်လည်သင့်မြတ်ရေးကို သွားချင်လို့ရှိရင် လူနည်းစုတိုင်းရင်းသားတွေကိုလည်း ချန်လှပ်မထားသင့်ဘူး။ လူနည်းစုတိုင်းရင်းသားတွေကို ချန်လှပ်ထားလို့ရှိရင် အခုဖော်ဆောင်နေတဲ့ အမျိုးသားရင်ကြားစေ့ရေး အောင်မြင်မှာမဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း ချန်လှပ်မထားသင့်ဘူး။ သူတို့ရဲ့အာဘော်ကိုလည်း ယူသင့်တယ်။ တိုင်းရင်းသားပါတီတွေရဲ့ အာဘော်ကိုလည်း ယူသင့်တယ်။ အဓိကတော့ ပြည်သူတွေရဲ့အာဘော်ကိုလည်း လေးစားသင့်တယ်”

Most read this week

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...