ပြည်ထောင်စုလွှတ်တော်ကို ပထမဆုံးအကြိမ်တက်ရောက်မယ့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေပြင်ဆင်ထားလဲ

ပြည်ထောင်စုလွှတ်တော်ကို ပထမဆုံးအကြိမ်တက်ရောက်မယ့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေပြင်ဆင်ထားလဲ
by -
Salai Benezer (KMG)

တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ထွေထွေရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များသည်လည်း နေပြည်တော်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

တတိယအကြိမ်မြောက်လွှတ်တော်ကို ပထမဦးဆုံးအကြိမ်တက်ရောက်ကြမည့် ချင်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြင်ဆင်ထားမှုအခြေအနေများကို ဆက်သွယ်မေးမြန်းထားသည်။

ဦးရာလ်ပဲန်း (NLD ပါတီ မတူပီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“ကျွန်တော်ပြင်ဆင်ထားတာကတော့ နယ်လှည့်တုန်းကကျေးရွာတွေကနေ တင်ပြထားတာလေးတွေရှိတယ်။ ဥပမာ - လမ်းတို့ အဆောက်အဦးတို့ အဲတာမျိုးလေးတွေ ကျနော်မှတ်သားထားတာရှိတယ်။ အဲဒါတွေ တင်ပြသွားမယ်ပေါ့။ နောက်ပြီးတော့ ချင်းအမျိုးသားနေ့ဘဲဖြစ်ဖြစ် ကျန်တဲ့အမျိုးသားနေ့တွေဘဲဖြစ်ဖြစ် ချင်းအမျိုးသားနေ့ ရှမ်းအမျိုးသားနေ့ စသည်ဖြင့် အဲဒါတွေကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ဖို့တွေလုပ်ဖို့ရှိတယ်။ တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှုတွေကို ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်မလဲ။ ဘယ်လောက်ထိ ကျွန်တော်တို့လုပ်ပေးနိုင်မလဲဆိုတဲ့ အကြောင်းအရာတွေကို တင်ပြဖို့ရှိပါတယ်။ ချင်းပြည်သူအနေနဲ့တော့ ဒေသကွဲလေးတွေ အများကြီးရှိတယ်။ ဘာသာစကားဘဲဖြစ်ဖြစ် ဘာဘဲဖြစ်ဖြစ် အဲဒါတွေကို ဘယ်လိုနည်းနဲ့ စုဆောင်းပြီးတော့ ဘုံစကားဖြစ်နိုင်မလဲ ဆိုတဲ့ဟာမျိုးတွေကို အကြံညာဏ်ယူဖို့ ကျွန်တော့်အနေနဲ့ အစီအစဉ်ရှိပါတယ်။ ပြည်သူတွေရဲ့အသံကို နားထောင်ပြီးတော့ စုပေါင်းလုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်”

ဒေါက်တာအေးအေးငွန် (NLD ပါတီ ဟားခါးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

“အဓိကတော့ ပညာရေးနဲ့ကျန်းမာရေးကို အဓိက ဦးစားပေးသွားမယ်ပေါ့။ ဖွံ့ဖြိုးတိုးတက်ရေးကတော့ လုပ်တော့လုပ်မယ်။ လောလောဆယ် ဦးစားပေးအနေနဲ့ ပညာရေးနဲ့ကျန်းမာရေး အခြေခံတွေကို မြှင့်တင်ချင်တာပေါ့။ လမ်းပန်းဆက်သွယ်ရေးတို့ ဘာတို့က ဖွံ့ဖြိုးရေးမှာလာမှာပေါ့။ ပညာရေးနဲ့ကျန်းမာရေးမှာ ဘာတွေလိုအပ်လဲ။ ဘာတွေပြုပြင်ရမလဲဆိုတာမျိုးကို အစောပိုင်းမှာ လုပ်ဆောင်သွားမှာပါ။ ပညာရေးပိုင်းမှာဆိုရင် အခြေခံက တော်တော်ပြုပြင်ရမယ်။ အများကြီးလိုအပ်ချက်ရှိတယ်။ တက္ကသိုလ်က ခုမှအစဘဲရှိသေးတော့ သူ့ဟာနဲ့သူ လုပ်လို့ရပါတယ်။ အဓိကပြုပြင်ရမှာက အခြေခံပညာရေးက အများကြီးလိုအပ်တယ်။ ကျောင်းရဲ့အဆောက်အဦကအစ ဆရာ/ဆရာမတွေ မလုံလောက်တာတို့ အပြောင်းအရွှေ့ကိစ္စတွေ ဆရာ/ဆရာမတွေရဲ့ အရည်အချင်းမြှင့်တင်ဖို့ ဒါမျိုးတွေ အများကြီးလိုတယ်။ အဲဒါမျိုးတွေကို မြှင့်တင်ချင်တယ်။ ကျန်းမာရေးမှာဆိုရင် အထူးကုတွေကို သေချာထားပြီးတော့ ထိထိရောက်ရောက်နဲ့ ကုသနိုင်ဖို့ပေါ့။ ဘာလို့လဲဆိုတော့ အခုက နေမကောင်းရင် မန္တလေး ရန်ကုန် ပို့နေရာတာထက် ဆရာဝန်/ဆရာမတွေ အထူးကုတွေ ပြည့်စုံမယ်၊ လိုအပ်တဲ့ပစ္စည်းကိရိယာတွေ လုံလောက်အောင်ထားရှိဖို့တော့ အများကြီးလိုသေးတယ်"

ဦးတီာလ်လိန်း (NLD ပါတီ ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“ကျွန်တော့်အနေနဲ့တော့ ချင်းပြည်နယ်မှာ ဖွံ့ဖြိုးရေးအတွက် အာရုံစိုက်ချင်တယ်။ အထူးသဖြင့် ကျနော်က ပြည်သူ့လွှတ်တော်ဆိုတော့ ကျနော်တစ်ခုလုပ်ချင်တာက ကျနော်တို့တိုင်းပြည်ကို မြှင့်တင်တဲ့အခါ အလုပ်လုပ်တဲ့အခါမှာ အစိုးရဌာနဆိုင်ရာတွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဖြစ်သင့်တယ်လို့ ယူဆတယ်။ အခုက ကျွန်တော်တို့တိုင်းပြည်မှာ အရည်အသွေးထိန်းချုပ်မှုပိုင်းမှာ အားနည်းတယ်။ အဲဒီအားနည်းမှုက ဘာကိုအကျိုးသက်ရောက်သလဲဆိုရင် ကျွန်တော်တို့ပြည်နယ်မှာဆိုရင် လာဘ်စားမှုပိုင်း တော်တော်သိသာတယ်လို့ ပြောကြတယ်။ ဒီလိုဖြစ်တာကလည်း အရည်အသွေးထိန်းချုပ်မှုပိုင်း အားနည်းတာရဲ့ သက်ရောက်မှုတစ်ခုလို့ ကျနော်ယူဆတယ်။ အဲဒါကို ကျနော်တို့ လွှတ်တော်အနဲ့ ဘယ်လိုတွန်းအားပေးနိုင်မလဲဆိုတာကို စဉ်းစားထားတာရှိတယ်။ ဒါပေမယ့် ဘယ်လိုပြောမလဲဆိုတာတော့ အဖြေမထွက်သေးဘူး"

 

ဦးကျင်ဆွမ်းမန် (NLD ပါတီ တွန်းဇံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

“ကျွန်တော်အနေနဲ့ အဓိကတော့ ကိုယ့်ဒေသမှာ စိုက်ပျိုးရေးကိုအခြေခံပြီးတော့ ကုန်ချောအဆင့်ထိထုတ်နိုင်ဖို့ ဆောင်ရွက်သွားချင်ပါတယ်။ ဒါက ချင်းပြည်နယ်တစ်ခုလုံးအတွက် ကောင်းမွန်တဲ့အလားအလာလည်း ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ချင်းပြည်နယ်တစ်ခုလုံးမှာ နယ်ဆင်းသွားပြီဆိုရင် လူနေမှုအဆင့်အတန်းက နိမ့်နေတာကိုတွေ့ရတယ်။ ဒီဟာကို ကောင်းကောင်းမွန်မွန်နဲ့ ဦးဆောင်နိုင်မယ် ပံ့ပိုးနိုင်မယ်ဆိုရင် အချိန်တိုတိုနဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်”

Most read this week

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 19, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်သစ်ကို ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။...