စိုးရာဇာထွန်း — ရန်ကုန်လို နေရာမျိုးတွင် ရခိုင်မှစစ်ဘေးရှောင်များ ယခုလို ရွာသစ်ဆောက်၍ နေထိုင်နေကြသည်ကို သိသူနည်းပါးပေလိမ့်မည်။ ဘယ်လိုလုပ်ပြီး ရခိုင်က စစ်ဘေးရှောင်များက ကိုယ့်ဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် မနေကြဘဲ ရန်ကုန်သို့လာကာ ရွာသစ်ဆောက်၍ နေထိုင်နေကြသနည်းဆိုသည်မှာ စိတ်ဝင်စားစရာပေ။ သူတို့က စစ်ဘေးရှောင်သီးသန့်ဖွဲ့၍ ရွာသစ်တည်ကာ နေထိုင်နေခြင်းဖြစ်သည်။ သူတို့အားလုံး ရခိုင်ပြည်သို့ မပြန်တော့ဟု ဆိုကြသည်။
“ အဓိကတော့ စစ်ဘေးကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ပြောင်းလာရတာပါပဲ။ စစ်ဖြစ်လို့ ပြောင်းရတာပေါ့နော်။ တကယ်တမ်းဆို ကျနော်တို့ အဲ့မှာ အေးအေးချမ်းချမ်း နေချင်တယ်။ ဒါပေမယ့် စစ်မက်ဖြစ်ပွားတဲ့အခါကျတော့ အခြေအနေက လုံးဝကို မဟန်တဲ့အတွက်ကြောင့် ဒီဘက်ကို ပြောင်းရတာ ဖြစ်ပါတယ် ” ဟု ပြောင်းလာရခြင်းနှင့်ပတ်သက်ပြီး ခါနာန်သစ်၏ ခရစ်ယာန်သင်းအုပ်ဆရာ ဒေးဗစ်ခရစ်သင်းက ပြောပြသည်။ သူက ဤရွာသစ်၏ အကြီးအကဲတစ်ဦးပေ။ သူလည်း ရခိုင်ပြည်က မြိုလူမျိုးစစ်ဘေးရှောင်တစ်ဦးဖြစ်ကာ ကျောက်တော်မြို့နယ်၊ ဆင်မချောင်ရွာ ဇာတိ ဖြစ်သည်။
မြိုလူမျိုး ၁၂၅ ဦးဟာ မှော်ဘီမြို့နယ်၊ နှင်းဆီမြိုင်ကျေးရွာအနီးရှိ မြေ လေး ဧက ပေါ်တွင် ပေ(၄၀ × ၆၀) အကွက်များရိုက်၍ အိမ်ခြေ ၃၃ လုံး တည်ဆောက်ကာ ခါနာန်သစ်ကျေးရွာအမည်ဖြင့် နေထိုင်လျက် ရှိနေကြပါပြီ။ တစ်ဧကကို (၄၀ × ၆၀) အကျယ် ၁၄ ကွက်ရိုက်၍ နေရာချပေးထားသည်။ လက်ရှိ မြေ သုံး ဧကဝန်းကျင်အထိ စစ်ဘေးရှောင်များ နေထိုင်အခြေချနေပါပြီ။ ကျန် တစ်ဧကတွင် နောက်တိုးလာမည့် စစ်ရှောင်များအတွက် အကွက်များရိုက်ထားပေးသည်။
မြိုစစ်ဘေးရှောင်များဟာ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် နေထိုင်ခဲ့ကြသူများဖြစ်သည်။
“ လှည်းကူးက ဒေသခံတစ်ဦးက ဒီမှာ လာနေလို့ရတယ်လို့ ပြောတယ်။ သူက ကျနော်တို့ကို ကူညီတဲ့ လှည်းကူးက သင်းအုပ်ဆရာနဲ့ သူငယ်ချင်းပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်း ရောက်လာတာပါ ” ဟု ခါနာန်သစ်၏ အကြီးအကဲဖြစ်သူ သင်းအုပ်ဆရာ ဒေးဗစ်ခရစ်သင်းက ဤနေရာအား ရွေးချယ် အခြေချဖြစ်ပုံနှင့် ပတ်သက်ပြီး ပြောပြသည်။
ယခုတော့ ဤနေရာတွင် မြိုလူမျိုး ၁၂၅ ဦးတို့ နေထိုင်နေပြီ ဖြစ်သည်။ ထိုအထဲတွင် ကလေး ၅၉ ဦး ပါသည်။ သက်ကြီးရွယ်အို ၁၁ ဦးရှိကာ ကိုယ်ဝန်ဆောင် သုံးဦးရှိသည်။ ခါနာန်သစ်ကို ကျေးရွာအဖြစ် အထက်သို့ လျှောက်ထားဆဲဖြစ်ကာ လက်ရှိအထိတော့ တရားဝင်ကျေးရွာအဖြစ် အမည်မကျသေးပေ။
ရခိုင်တွင် စစ်မီးတောက်နေဆဲဖြစ်သော ၂၀၂၀ ဇူလိုင်လမှစတင်ကာ ဤနေရာသို့ အချိတ်အဆက်ဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။ ယခုတော့ ရခိုင်သို့ မပြန်ကြတော့ဘဲ ဤနေရာမှာပဲ အခြေချနေထိုင်တော့မည်ဟု ခါနာန်သစ်ရှိ မြိုလူမျိုးများက ဆိုသည်။ အသိမိတ်ဆွေမရှိ ရန်ကုန်လိုနေရာမျိုးတွင် အခက်အခဲများကြားမှ ရန်ကုန်ရှိ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး၏ အကူအညီကြောင့် ယခုလိုနေထိုင်နေရခြင်း ဖြစ်သည်။ အစစအရာရာ အလှူရှင်များကိုသာ အားကိုးနေရသော စစ်ဘေးရှောင်များအတွက် ယခုလိုနေရာမျိုး ရရှိခဲ့ခြင်းက ဘုရားပေးသော ဆုလာဘ်တစ်ခုပေ။ သို့သော် သူတို့တွင် အခြားအခက်အခဲများစွာ ရှိနေသေးသည်။
နှင်းဆီမြိုင်ကျေးရွာအနီးရှိ ခြံမြေကို အကြွေးစနစ်ဖြင့် တစ်ဧက သိန်း ၃၀၀ ဝန်းကျင်နှင့် ဝယ်ယူကာ တစ်မိသားစုလျှင် (၄၀ × ၆၀) ပေအကွက်တစ်ကွက်နှုန်းပေးကာ နေထိုင်စေသည်ဟု သင်းအုပ်ဆရာဒေးဗစ်ခရစ်သင်းက ဆိုသည်။
“သင်းအုပ်ဆရာတစ်ယောက်က ကျနော်တို့ရဲ့ ဒုက္ခကို မြင်ပြီးတော့မှ ပေ(၄၀ × ၆၀) ကို ၁၅ သိန်းနဲ့ ဖြည်းဖြည်းချင်း ပေးပြီးမှ နေဖို့အတွက် နေရာချပေးတယ်။ ကျနော်တို့ အခု နံပါတ် (၁) စိန်ခေါ်မှုက အဲ့ငွေရေး၊ ကြေးရေးပေးဖို့ လိုအပ်တယ်။ ဒါစိန်ခေါ်မှုတစ်ခုပေါ့။ ဒါပေမယ့် တစ်ဖက်မှာ အကြွေးဆိုပေမယ့် ကြာလာတဲ့အတွက်ကြောင့် သူတို့ကိုပေးအပ်ဖို့ ကျနော်တို့ လိုအပ်တယ်။ ဒါပေမယ့် ကျနော်တို့ လောလောဆယ် ဘာအလုပ်အကိုင်မှ မရှိဘူး ” ဟု ခြံပိုင်ရှင်များကို ပေးရမည့်ငွေကြေးနှင့် ပတ်သက်ပြီး အခက်အခဲအပေါ် ဆရာဒေးဗစ်ခရစ်သင်းက ဆိုသည်။ ဤမြေနေရာများမှာ ယခင်က မာလကာပင်များစိုက်ရာ ခြံမြေများ ဖြစ်သည်။
စစ်ကိုသာကြောက်၍ ရှောင်ပြေးလာရာ လက်ရှိခြံမြေခအား ယခုလို အလုပ်အကိုင်များမရှိသော ကိုဗစ်ကာလမှာ မည်ကဲ့သို့ ပေးနိုင်ကြပါမည်နည်း။ အချို့က ငါးသိန်း ပေးနိုင်သော်လည်း အချို့က နှစ် သိန်းပေးထားသည်။ သို့သော် အချို့က လုံးဝတစ်ပြားမှ မပေးနိုင်ကြသေးပေ။ ခြံပိုင်ရှင်များမှလည်း တဖြည်းဖြည်းကြာလာခြင်းကြောင့် လက်ရှိ ခြံရောင်းခငွေကို ရချင်သည့်အတွက် ဖီအားပေးလာကြသည်။
“စားဖို့၊ သောက်ဖို့တောင် အလှူရှင်အပေါ်မှာ မှီခိုနေရတော့ မပေးနိုင်သေးဘူးပေါ့နော်။ မြေပိုင်ရှင်ကလည်း နည်းနည်းပါးပါး တီးခေါက်နေတဲ့ အခြေအနေနား ရောက်ပြီပေါ့နော် ” ဟု ၎င်းက ပြောသည်။ သူလည်း ဘာလုပ်၍ ဘာကိုင်ရမည်မသိ ဖြစ်နေရပြီဟု ဆိုသည်။ အချို့က မိမိခြံခအား ပေးနိုင်ရန် မလေးရှားသို့ အလုပ်သွားလုပ်နေကြသည်။
“ ခြံခပေးစရာရှိလို့ ယောင်္ကျားက မလေးရှားကို သွားလုပ်ပါတယ်။ ယောင်္ကျားကို စိတ်ပူပါတယ် ” ခုနှစ် လသားကလေးအား ရင်ခွင့်ပိုက်ကာ အသက် ၂၀ ကျော်သာရှိသေးသည့် မစန္ဒာဦးက ခြံအကြွေးကိုဆပ်ရန် သူမယောင်္ကျားမလေးရှားသို့ သွားရောက်အလုပ်လုပ်နေရပုံကို ပြောပြသည်။ သူမမှာ ယခုနေရာရောက်ပြီးမှ အကြောထုံဝေဒနာ ခံစားနေရပြီး မက်တက်မရပ်နိုင်တော့ပေ။ သူမအဆင်ပြေလျှင် ရခိုင်ရှိ မိဘအားခေါ်မည်ဟု ဆိုသည်။ သူတို့မိသားစု သုံးဦးဟာ သူ့ဇာတိ ဘူးသီးတောင်မြို့နယ်၊ သမန်းချောင်းရွာတွင် ဗုံးများကျရောက်သဖြင့် ယခုနေရာသို့ ရောက်လာရခြင်း ဖြစ်သည်။
ကလေးနှစ်ယောက်မိခင် မမေသန္တာဦး၏ ယောင်္ကျားမှာလည်း မလေးရှားသို့ထွက်ကာ ခြံခပေးရန် ငွေရှာနေပါပြီ။ နှစ်နှစ်အတွင်း ပေးနိုင်ရန် သူအပူတပြင်း ရှာဖွေနေရသည်။ ရခိုင်သို့ ပြန်ဖို့စိတ်ကူးမရှိတော့ပေမယ့် အလည်အပတ်တော့ သွားမည်ဟု ရယ်ပြုံးပြုံးဖြင့် ပြောသည်။
အလုပ်အကိုင်မရှိသော ဤကာလတွင် ခြံခတောင်းနေပြီဖြစ်ရာ ကလေး သုံးဦးဖခင် အသက် ၅၆ နှစ်အရွယ် ဦးမာနောင်မှာ စိတ်ရှုပ်မှုများ ဖြစ်လာရသည်။ သူသည် ဘူးသီးတောင်မြို့နယ်၊ မြောက်ချောင်းကျေးရွာကနေ သူ့မိသားစုဝင် ငါး ဦးနှင့်အတူ စစ်ရှောင်လာသူဖြစ်သည်။
“ထွက်ပြေးချင်စိတ် ဆန္ဒတော့ ရှိတာပေါ့။ ဘယ်ကိုသွားလို့ သွားရမှန်းမသိဘူး ” ဟု ဦးမာနောင်က ဆိုသည်။ “ မပြန်တော့ဘူး။ အခုဟိုကိုပြန်ရင် စားစရာက ဘယ်လို စားမလဲ။ အလုပ်လုပ်စရာလည်း မရှိဘူး။ ဟိုမှာ ပြန်လည်း အဲ့လိုပဲ၊ ဒီမှာနေလဲ အဲ့လိုပဲ။ တစ်ပြားမှ မပေးရသေးဘူး။ လူပျိုအရွယ်လည်း အလုပ်မရှိ။ အခုက အိမ်နေရာဝယ်တာတောင် အခက်အခဲ ရှိတယ်။ စစ်ပွဲတွေရပ်ရင် ပိုကောင်းတယ်။ ”
ရခိုင်ကနေ ရောက်လာသူများထဲတွင် ကျောက်တော်မြို့နယ်၊ ပါချေကျေးရွာက အသက် ၂၄ နှစ်အရွယ် ဗိုလ်ဆန်းဝင်းတို့ ညီကို နှစ်ဦးလည်းပါသည်။ သူက သူ့အကိုနှင့်အတူ မိဖများအား ထားခဲ့ကာ ယခုနေရာသို့ စစ်ရှောင်လာခြင်း ဖြစ်သည်။ ရက္ခိုင့်တပ်မတော်(AA) က သူတို့ရွာအား ယောင်္ကျား ငါး ဦးစစ်သားစုဆောင်းရာမှ ရွာမှမပေးသည့်အတွက် AA က တွေ့ရာလူခေါ်မည်ပြောသဖြင့် ကြောက်၍ပြေးလာခဲ့ကြသူ ဖြစ်သည်။
ဗိုလ်ဆန်းဝင်းမှာ အထက်တန်းအဆင့်ထိ တက်ရောက်ထားသူဖြစ်ပြီး မြောင်းတကာစက်မှုဇုန်တွင် အလုပ်ရှာနေသူတစ်ဦး ဖြစ်သည်။ သို့သော် ကိုဗစ်ကြောင့် စက်ရုံများပိတ်ထားသည်။ ပြန်ဖွင့်သော စက်ရုံအချို့ကလည်း မိန်းကလေးများသာ ဦးစားပေးခေါ်သည်။ လမ်းများပြန်ဖွင့်လျှင် သူနေသော ယခုနေရာသို့ မိဘနှစ်ပါးအားခေါ်မည်ဟု ဆိုသည်။ “ ပြန်မယ်လို့စိတ်မကူးဘူး။ ဒီမှာပဲ အခြေချမယ်လို့ ဆုံးဖြတ်ထားတယ် ” ဟု သူက ပြောသည်။
ဘူးသီးတောင်မြို့နယ်၊ ခါလာဦးကျေးရွာကနေ မိသားစု လေးဦးနှင့်အတူ ထွက်ပြေးလာသည့် အသက် ၃၂ နှစ်အရွယ် မသန်းနုကတော့ ရခိုင်ပြန်လျှင် အခက်အခဲ ရှိကြောင်း ပြောပြသည်။ သူမမှာ တိုက်ပွဲများ မရှိရင်တောင် မပြန်တော့ဟု ဆိုသည်။ မိသားစုဝင်ထဲတွင် ဒဏ်ရာရထားသူ ရှိခဲ့သည့်အတွက် စစ်ဒဏ်ကို သူမ ကြောက်သွားပုံ ရသည်။ သူမတွင် ကျောင်းသားနှစ်ဦးရှိကာ နောက်တစ်ဦးက ကျောင်းမနေသေးပေ။ သူက ဤနေရာတွင် ခြံခနှစ်သိန်း ပေးထားသူ ဖြစ်သည်။ “ ဒီမှာနေရတာပျော်တယ်။ ဒီမှာ နေရရင် သေနတ်သံလည်း မကြောက်ဘူး ” ဟု သူမက ပြောပြသည်။ သူမ ရခိုင်ပြန်လျှင် တိုက်ပွဲများကို ကြောက်နေရအုံးမည်။ အဖေနှင့် အမေကို ခေါ်မည်ဟု သူမကဆိုသည်။ လက်တလော မြေခ ၁၅ သိန်း မပေးနိုင်၍သာ သူမဆွေမျိုးများ ဤနေရာသို့ မရောက်လာကြခြင်း ဖြစ်သည်။
ဘူးသီးတောင်မြို့နယ်၊ ကမ်းပြေချောင်းရွာကနေ ကလေးငယ် လေဗယာက်၊ မိန်းမတို့နှင့်အတူ စစ်ဘေးရှောင်လာသူ အသက် ၃၈ နှစ်အရွယ် ကိုကျော်စိန်လှကတော့ ထိုစဉ်က မနက် ၈ နာရီခွဲကနေ ၁၀ နာရီအထိ နှစ်ရက်ဆက်တိုက် စစ်ဖြစ်ပွားနေ၍ ဘူသီးတောင်မြို့ပေါ်သို့ ထွက်ပြေးကာ ထိုမှ ယခုနေရာသို့ ရောက်လာရကြောင်း ရှင်းပြသည်။ သူ့အတွက် ခြံခအကြွေးရှိနေသော်လည်း လက်တလောစားရေးအတွက်ကိုသာ သူ့ကပိုလိုအပ်နေပုံ ရသည်။ “ အခက်အခဲက ဟင်း။ ဒီမှာက ငပိရယ်၊ ဆားရယ်၊ ဟင်းချိုမှုန့်ရယ် အခက်အခဲ ရှိတယ် ” ဟု စားရေးသောက်ရေးနှင့် ပတ်သက်ပြီး ဖွင့်ဟပြောပြသည်။
လက်ရှိ အခြေအနေအား သင်းအုပ်ဆရာ ဒေးဗစ်သင်းက “အစားအသောက်က အစပြုတဲ့ လတွေမှာတော့ အလှူရှင်တွေက လာကြတာပေါ့နော် အများကြီး။ အဲ့ခါကျတော့ နည်းနည်း လုံလောက်မှုရှိတယ်။ အခုနောက်ပိုင်း တစ်လကျော်သွားပြီ။ နှစ်လပြည့်တော့မယ်ပေါ့နော်။ ကိုဗစ်လည်းဖြစ်တော့ မလာကြဘူး။ ဒီလမှာ တစ်ကြိမ်လောက်ပဲ လာတဲ့အခါကျတော့ ကျနော်တို့ မျှစားရတဲ့ အနေအထားပေါ့နော်။ ဟင်းသီးဟင်းရွက်ကို ရှာစားရတဲ့ အနေအထား ဖြစ်တယ်။ ဒီလမှာတော့ စားဖို့သောက်ဖို့ အခက်အခဲ ရှိတယ်” ဟု ပြောသည်။
ဘူးသီးတောင်မြို့နယ်၊ မြောက်ချောင်းရွာကနေ ရောက်လာသော အသက် ၂၉ နှစ်အရွယ် ကိုကျော်သာထွန်းဟာ ရှစ်တန်းအရွယ်ကလေးတစ်ယောက် သုံး နှစ်အရွယ် ကလေးတစ်ယောက်တို့နှင့် မိသားစုလေးဦး ရောက်လာကြတာပါ။ ကိုကျော်သာထွန်းမှာ AA အဖွဲ့၏ စားနပ်ရိက္ခာများသယ်ယူရာတွင် ဆန်အိတ်များကို ထမ်းပို့ပေးခဲ့ရသူ ဖြစ်သည်။ ထိုသို့ထမ်းပို့ပေးရမှုကို သူမခံနိုင်ပေ။ ထို့ကြောင့် ရန်ကုန်ထိတိုင် တက်လာရခြင်း ဖြစ်သည်။ “မိဘကျန်ခဲ့တယ်။ ခေါ်ဖို့ အစီအစဉ်ရှိပါတယ်။ လမ်းတွေ မဖွင့်သေးလို့။ ကိုယ့်ဒေသကို သတိတော့ရပေမယ့် ဟိုမှာနေလို့ မရတော့တဲ့အချိန်မှာ ကျနော်တို့က စိတ်ကူးမရှိတော့ပါဘူး ” ဟု ရခိုင်မပြန်ဖြစ်တော့ပုံကို ပြောပြသည်။
ခါနာန်သစ်မှာ မိသားစုဝင် ခုနှစ်ဦးဖြင့် မိသားစုဝင်အများဆုံးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးမောင်ဖေဟာ သူနေသည့် ကျောက်တော်မြို့နယ်၊ မင်းသားစိုက်ကျေးရွာကနေ တိုက်ပွဲများ ပြင်းထန်ချိန်က ရောက်လာခဲ့သည်။ ဆွေမျိုးသားချင်းများထဲမှာလည်း ဒဏ်ရာရသူများရှိကြောင်း သူကဆိုသည်။ သူ့ရွာတွင် အိမ်ယာများ မီးလောင်သဖြင့် စိုးရိမ်စိတ်ကြောက် ယခုနေရာသို့ ရောက်လာရခြင်း ဖြစ်သည်။ ဦးမောင်ဖေမှာ ဘွဲ့ရ၊ ဆယ်တန်းအောင်ထားသော သားသမီးနှစ်ယောက်နှင့် အလုပ်ရှိသော သားသမီးတစ်ယောက်ရှိသည်။ ကျန်ကလေးနှစ်ဦးမှာ ကျောင်းနေကြသည်။ သို့သော်လည်း လက်တလောတွင် ကလေးများမှာ ကိုဗစ်ကြောင့် အလုပ်မရှိကြသေးပေ။ သူလည်း ခြံခပေးရန် စိတ်ပူနေရသူတစ်ဦး ဖြစ်သည်။“ ဦးတို့ကတော့ အလုပ်အကိုင် ပွင့်တဲ့အချိန်မှာတော့ ကလေးတွေလည်း အလုပ်ဆင်းလာမယ်၊ တခြားတခြား အလုပ်လုပ်လာမယ်ဆိုရင်တော့ ဒီခြံမြေအတွက်လည်းဘဲ တစ်ဖြည်းဖြည်းဆပ်ပြီး နေဖို့လို့ ဆုံးဖြတ်တယ်။ ကျနော်တို့ကို လူသားချင်းစာနာတဲ့အနေနဲ့ ကူညီမယ်ဆိုရင်တော့ ဦးတို့ကတော့ ကြိုဆိုပါတယ်ပေါ့နော် ” ဟု ဆိုသည်။
ရန်ကုန်လိုနေရာတွင် မြိုလူမျိုးများ နေထိုင်နိုင်ဖို့ ကြိုးစားခဲ့သူ သင်းအုပ်ဆရာ ဒေးဗစ်ခရစ်သင်းမှာ လက်ရှိမှာတော့ မြေခ သိန်း ၁၀၀၀ ကျော်အတွက် သောကရောက်နေရပြီ ဖြစ်သည်။ ဝေတူမျှတူ ကိုယ့်ခြံကွက်အတွက် ကိုယ့်ဘာကိုယ် ပေးရမည်ဆိုပေမယ့် ခါနာန်သစ်၏ အကြီးအကဲတစ်ဦးအနေဖြင့် သူ့ခေါင်းထဲတွင် တာဝန်ပိလာခြင်း ဖြစ်သည်။ ဘယ်လိုပေးရမည်ဆိုသည်ကို စဉ်းစားမရ ဖြစ်လာရသည်။ ခေါင်းခံထားရသူတစ်ဦးဖြစ်သည့်အတွက် အစစအရာရာ သူ့ခေါင်းပေါ်ကျရောက်နေပါသည်။ “ ပူပန်နေရတဲ့ အဆင့်တစ်ခုရောက်ပြီ။ တကယ်လို့ အလှူရှင် ရှိတယ်ဆိုရင် နံပါတ်တစ် မြေယာခတော့ ကျနော်တို့ ပေးချင်တယ်။ နံပါတ် (၂) မှာ အစားအသောက် အင်မတန် ခက်ခဲနေတဲ့ အနေအထား ရောက်နေပြီ ” ဟု သူက ပြောသည်။
လင်မယားနှစ်ဦးတည်း ထွက်ပြေးလာသောအသက် ၇၀ အရွယ် အဘ ဦးအောင်လှဦးတို့ သည်လည်း သူတို့နေထိုင်ရာ မြောက်ဦးမြို့ရှိ သဇင်ကျေးရွာတွင် လက်နတ်များ ကျသဖြင့် ထွက်ပြေးလာကြောင်း ပြောပြသည်။ သားသမီးများရှိသော်လည်း ကိုယ့်အိမ်ထောင်နှင့်ကိုယ်ဖြစ်၍ မခေါ်နိုင်ခဲ့ဟု ဆိုသည်။ သူ့အိမ်လည်း အကုန်ပျက်စီးသွား၍ ဘာမှမကျန်လိုက်။ အသက်ကြီးနေပြီဖြစ်၍ ဘာဝင်ငွေမှမရှိကြောင်း ခါနာန်သစ်ရွာအတွက် ဘုရားကျောင်းဆောက်ကူကာ ဝါးနှီးဖြာပေးနေသူ အဘဦးအောင်လှဦးက ဆိုသည်။ သူလည်း ဝယ်ထားသောခြံဖိုးငွေအား ဘယ်ပုံ၊ ဘယ်နည်းဆပ်ရမလဲမသိ ဖြစ်နေသူဖြစ်သည်။ အသက် ၆၀ ကျော်ပြီဖြစ်သော သူ၏ဇနီးမှာလည်း ဒူးဝေဒနာခံစားနေရကာ လမ်းမလျှောက်နိုင်တော့ပေ။
“ပြောရရင် အခက်ဆုံးက မြေခတွေလည်း မပေးနိုင်ဘူး။ ပူနေရတယ်။ ညရော၊ နေ့ခင်းရော ဘယ်လိုပေးရမှာလဲ။ သူတို့လည်း အလကားရတာမဟုတ်ဘူး။ ဘယ်လိုမျိုး ပေးဆပ်ရမယ်ဆိုတာ ကျနော်တို့ကောင်းကောင်း စိတ်အပူသောက များနေတယ်”
အဘဦးအောင်လှဦးမှာ အသက် ၇၀ ကျော်ရှိပြီဖြစ်၍ သူ့ကိုယ်သူ အားငယ်နေရှာသည်။ အလုပ်အတွက် သူများမကြိုက်တော့သည့် အသက်အရွယ်ဟု သူ့ကိုယ်သူငြီးတွားနေသည်။ ခွန်အားလည်း မရှိတော့ဟု ပြောပြသည်။ ဆောင်းတွင်းရောက်လာ၍ ဝတ်စရာအနွေးထည်ကလည်း သူ့မှာ မရှိသေးပေ။ သူအတွက်တော့ ကိုယ့်ရပ်၊ ကိုယ့်ဒေသဟာ မမေ့နိုင်သော အတိတ်ပန်ချီကား တစ်ချက် ဖြစ်နေပါသည်။
“လွမ်းတော့ လွမ်းတာပေါ့။ သတိရရင်လည်းပဲ ဘယ်လိုသွားရမှာလည်း သွားလို့မရတော့ဘူး။ တိုက်ပွဲအေးချမ်းရင်တော့ ပြန်တော့ပြန်ချင်တာပေါ့။ ငါတို့က ပြောရမယ်ဆိုရင် ငယ်စဉ်ကတည်းကပင် မမွေးခင်တည်းကပင် ရခိုင်မှာနေခဲ့တဲ့လူတွေ ဖြစ်လို့လေ သတိတော့ ရတာပေါ့။ ဒါပေမယ့် အခုအတိုင်းအတာဆိုရင် ဘယ်လိုပြန်လို့ရမလဲ။ ပြန်ဖို့စိတ်လည်း မရှိတော့ဘူး။ ဒီမှာပဲ အသက်ဆုံးရတော့မယ်။”
အဘဦးအောင်လှဦးတို့အား ယခုထက်ပို ကောင်းမွန်သော ဘဝသစ်ဆီ ဆွဲခေါ်ပေးမည့်သူ လိုအပ်နေပါသည်။ လက်ရှိထက်ပို အဆင်ပြေနိုင်သော ဘဝအဖြစ် သူတို့အား ကူညီပေးဖို့ မျှော်လင့်နေကြသည်မဟုတ်ပါလား။