ချင်းအမျိုးသားတပ်ဦး (CNF) ၏ အထွေထွေအတွင်းရေးမှူး Salai Thla Hei နှင့် အင်တာဗျူး

ချင်းအမျိုးသားတပ်ဦး (CNF) ၏ အထွေထွေအတွင်းရေးမှူး Salai Thla Hei နှင့် အင်တာဗျူး
by -
ချင်းဝေါလ်
လာမည့် ဖေဖော်ဝါရီလ ၂၇-၂၈ နှင့် မတ်လ (၁) ရက်တို့တွင် (၃) ရက်တိုင် ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကျင်းပမည့် ပထမအကြိမ် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနှင့် စပ်လျဉ်း၍၄င်း၊ ရခိုင့်တပ်မတော် (AA) နှင့် စပ်လျှဉ်း၍သော်၄င်း၊ ချင်းအမျိုးသားတပ်ဦး၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆလိုင်းထလာဟေး (Salai Thla Hei) အားဆက်သွယ်မေးမြန်းထားပါသည်။

မေး) NCA ဖြစ်စဉ်မှာလည်း ပါ၀င်ခဲ့ပြီး၊ ဒီအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို အစက ကျင်းပခွင့်မရခဲ့ဘူး။ နောက်ပိုင်းမှာ ပြန်လည်ကျင်းပခွင့်ရခဲ့ကြတယ်။ အဲဒီအကြောင်းတွေကို ပြန်ပြောပြပါဦး။

ဖြေ။ NCA ရဲ့ လမ်းပြမြေပုံမှာ ပြည်ထောင်စုညီလာခံမလုပ်ခင်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို အရင်လုပ်ရမယ်လို့ ပါပါတယ်။ ဒီအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေက UPDJC လို့ခေါ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ လမ်းညွှန်မှုနဲ့ လုပ်ရတာဖြစ်တယ်။ (၈) ကြိမ်မြောက် UPDJC အစည်းအဝေးမှာ အမျိုးသားအဆင့်အတွက် အဆင်သင့်ဖြစ်တဲ့နေရာတွေအားလုံးမှာ လုပ်နိုင်တယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ချင်းပြည်နယ်မှာ လုပ်ဖို့အတွက် အဆင်သင့်ဖြစ်တယ်ဆိုပြီး၊ ဇန်နဝါရီလ ၁၃ မှာ UPDJC အတွင်းရေးမှူးအဖွဲ့ကို စာတင်ခဲ့တယ်။ သူတို့ကနေလည်း လက်ခံပြီးတော့ ဒုဥက္ကဌ (၃) ဦးဆီကို ထပ်ဆင့်တင်တယ်။ သူတို့ကလည်း ချင်းတွေတော့ အဆင်သင့်ဖြစ်ပါတယ်ဆိုပြီး ထောက်ခံပြီးတော့ ဥက္ကဌဆီကို စာထပ်တင်ပါတယ်။ ဒါပေမယ့် (၉) ကြိမ်မြောက် UPDJC အစည်းအဝေးမှာ အစိုးရဘက်ကပြောတာကတော့ အချိန်ကပ်လွန်းတဲ့အတွက် ချင်းတော့လောလောဆယ်မလုပ်သေးဘဲ၊ ရှမ်းပြည်နယ်မှာ ပအို့ဝ်နဲ့ RCSS တွေကလုပ်ပါဆိုပြီး ပြောပါတယ်။ ဒါပေမယ့် NCA သဘောတူညီချက်နဲ့ လမ်းပြမြေပုံအရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာ အမျိုးသားအဆင့်က ဆွေးနွေးတာတွေကို ဟိုမှာ သွားတင်ပြရမှာဖြစ်တယ်။ ဒါကြောင့် ကိုယ့်ဒေသမှာ အရင်အစည်းအဝေးမလုပ်ပဲနဲ့ ဟိုမှာသွားဆွေးနွေးတာက အဓိပါယ်မရှိဘူး။ ဒါကြောင့် ကျနော်တို့ဘက်ကနေ ပြန်ပြောတာက အချိန်ကပ်နေရင်လည်း ကျနော်တို့ဘက်က အဆင်သင့်ဖြစ်တယ်။ ကိစ္စမရှိဘူး။ ခွင့်ပြုချက်သာပေးပါ။ ဖြစ်အောင်လုပ်မယ်ဆိုပြီး ပြောခဲ့ရင်းနဲ့ နောက်ဆုံးမှာ အခုလို အဆင်ပြေသွားတာဖြစ်ပါတယ်။

မေး) သမ္မတရုံးပြောခွင့်ရပုဂိုလ်ရဲ့ပြောကြားချက်က- ချင်းတွေအကြားမှာ စည်းလုံးမှုမရှိတဲ့အတွက်၊ ဥပမာ-တောင်မြောက်တွေနဲ့ မညီညွတ်မှုတွေ၊ အဆင်သင့်မဖြစ်မှုတွေကြောင့်လို့ ပြောခဲ့တယ်။

ဖြေ။ (၉) ကြိမ်မြောက် UPDJC အစည်းအဝေးမှာ အစိုးရဘက်က အဲဒါကိုပြောပါတယ်။ နေရာလည်း မသေချာဘူး။ တောင်ပိုင်းတွေကလည်း လုပ်ချင်တာမျိုးရှိတယ်ဆိုပြီး ပြောပါတယ်။ ကျနော်တို့ဘက်ကနေ ပြန်ပြောတာကတော့ နေရာပိုင်းကော အဖွဲ့အစည်းတွေအကြားမှာကော ဘာမှ ပြသနာမရှိဘူး။ ချင်းပြည်နယ်အစိုးရနဲ့ကော နိုင်ငံရေးပါတီနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့လည်းဆွေးနွေးပြီးပြီ။ ဟားခါးမှာလုပ်ဖို့ဆုံးဖြတ်ထားကြတယ်ဆိုပြီးပြန်ပြောပါတယ်။ သမ္မတရုံးကနေ အခုလို တောင်ပိုင်း၊ မြောက်ပိုင်းစည်းလုံးမှုမရှိဘူးဆိုတာမျိုးပြောတာက လုံးဝမကောင်းပါဘူး။ ကျနော်တို့အကြားမှာ အားလုံးအဆင်ပြေပါတယ်။

မေး) ဒီထန်တလန်အစည်းအဝေးမှာ အဓိက ဆွေးနွေးဖို့ပြင်ဆင်ထားတာတွေကိုလည်း သိပါရစေ။

ဖြေ။ အမျိုးသားအဆင့်အစည်းအဝေးတွေမှာ ကဏ္ဍ (၄) ခုဆွေးနွေးနိုင်ပါတယ်။ ၁) နိုင်ငံရေး၊ စီးပွားရေး၊ ၃) လူမှုရေးနဲ့ ၄) မြေယာနဲ့သဘာဝသယံဇာတအကြောင်းတွေဖြစ်ပါတယ်။ နောက်တခုဖြစ်တဲ့ လုံခြံုရေးကတော့ အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက် ပြည်ထောင်စုအဆင့်မှာပဲ ဆွေးနွေးရမယ်လို့ ပါပါတယ်။ ဒီကဏ္ဍ (၄) ခုမှာ ဒီတခေါက်မှာတော့ နိုင်ငံရေးကဏ္ဍအပိုင်းကို အဓိကထားရမှာဖြစ်တယ်။ နိုင်ငံရေးအပိုင်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ကြီးဆွေးနွေးလွန်းရင် ကျနော်တို့လိုချင်တဲ့အဖြေမထွက်မှာလည်း စိုးရိမ်ရတယ်။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံမူ (၈) ချက်ကို အဓိကဆွေးနွေးမယ်။ ဒါက ပြီးခဲ့တဲ့ မိုင်ဂျာယန်အစည်းအဝေးမှာတုန်းကလည်း  ဆွေးနွေးခဲ့ကြတာဖြစ်တယ်။ အဲဒါကို ဒီတခေါက် အစည်းအဝေးမှာ အဓိကထားဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေက အရမ်းအရေးကြီးပါတယ်။ ချင်းအမျိုးသားညီလာခံကို ၂၀၁၃ မှာလုပ်ခဲ့ပြီး၊ ကိစ္စရပ်တွေလည်း အများကြီးဆွေးနွေးပေမယ့်၊ လက်တွေ့ကျမှုမှာ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ သွားတာလိုမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ဒီအခွင့်အလမ်းကို အကောင်းဆုံးအသုံးချသွားဖို့လိုပါတယ်။

မေး) ဒီထန်တလန်အစည်းအဝေးပွဲအတွက် ပြင်ဆင်ရမှုမှာ အခက်အခဲတွေကော ဘာတွေရှိလဲ။

ဖြေ။ ကျနော်တို့ဘက်ကနေ ဖြစ်စေချင်တာကတော့ ဟားခါးမှာလုပ်ချင်ခဲ့တာပါ။ ချင်းပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်သလို၊ ဧည့်သည်တွေအတွက်လည်း နေထိုင်ရတာပိုအဆင်ပြေနိုင်တယ်လေ။ ဒါပေမယ့် ပြည်ထောင်စုအဆင့်အစိုးရဘက်ကနေ ထန်တလန်မှာလုပ်မယ်ဆိုရင် လုပ်နိုင်တယ်လို့ပြောတော့ ရရှိလာတဲ့အခွင့်အရေးကို အသုံးချချင်တာနဲ့ ထန်တလန်မှာလုပ်ဖို့ကို သဘောတူလိုက်တာဖြစ်ပါတယ်။ သူတို့ဘာကြောင့် ထန်တလန်ကို ရွေးတယ်ဆိုတာတော့ မသိဘူး။ ချင်းပြည်နယ်က အဆင်းရဲဆုံးပြည်နယ်လည်းဖြစ်တယ်။ ဒါကြောင့် ထန်တလန်မှာ တည်းခိုတဲ့အပိုင်းမှာလည်း အခက်အခဲတွေရှိနိုင်တယ်။ ဟိုတယ်ကောင်းလည်းမရှိဘူး။ လူ (၅၀၀) လောက် အတူတူအစည်းအဝေးထိုင်ဖို့အခန်းလည်း မရှိဘူး။ ရှိတဲ့အနေအထားကနေ ဖြစ်နိုင်အောင် လုပ်ဖို့တော့ ပြင်ဆင်နေကြပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အဆင်မပြေမှုတွေဘယ်လိုပဲရှိနေလင့်ကစား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမတိုင်ခင်မှာ ချင်းအမျိုးသားအဆင့်တွေ့ဆုံပွဲဖြစ်ပေါ်လာဖို့က အဓိကအချက်ပဲဖြစ်ပါတယ်။ ပြီးတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲက အခုမှစတာဖြစ်တယ်။ နောက်ပိုင်းမှာ အများကြီးထပ်လုပ်ရဦးမယ်။ တခြားမြို့တွေမှာလည်း ထပ်လုပ်သွားကြရမှာဖြစ်ပါတယ်။

မေး) ချင်းပြည်နယ် အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီအကြောင်းကိုလည်း ပြောပြပါဦး။

ဖြေ။ အစကပြောသလိုပဲ ဒီအမျိုးသားအဆင့်ဆွေးနွေးပွဲတွေက UPDJC ရဲ့ကြီးကြပ်မှုနဲ့ လမ်းညွှန်မှုအောက်မှာ လုပ်ရတာဖြစ်တယ်။ ဆိုတော့- UPDJC ရဲ့လမ်းညွှန်ချက်အရ ကြီးကြပ်မှုကော်မတီမှာ ၁) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပါရမယ်။ (၃) ဦးဖြစ်ရမယ်။ ချင်းမှာက CNF ပဲရှိတဲ့အတွက် CNF ကနေ ကျနော်၊ ဆလိုင်းထက်နီနဲ့ ဆလိုင်းရာလ်နှင်းတို့ပါတယ်။ နောက်-အစိုးရကိုယ်စားလှယ်ကနေ (၃) ဦးဖြစ်တယ်။ အစိုးရ channel အောက်ကနေ ဒေါက်တာလှအောင် (အစိုးရ)၊ ဗိုလ်မှူးကြီးသန်းနိုင် (တပ်မတော်) နဲ့ ဒေါ်နီရွှေလျန်း (လွှတ်တော်ကိုယ်စားလှယ်) တို့ပါတယ်။ နိုင်ငံရေးပါတီကနေ (၃) ဦးပါရတယ်။ အဲဒီမှာ လမ်းညွှန်ချက်မှာက အနိုင်ရနိုင်ငံရေးပါတီကပဲဖြစ်ရမယ်ဆိုတော့ ချင်းပြည်နယ်မှာက- NLD, USDP နဲ့ ZCD တို့ပဲအနိုင်ရခဲ့တော့ သူတို့ဆီကနေ တဦးစီပါပါတယ်။ အဲဒါတွေကတော့ ဦးဇိုဘွဲ၊ ဒေါက်တာမှုထန်နဲ့ ဦးခန့်ဘွန်းတို့ဖြစ်ပါတယ်။

မေး) ချင်းပြည်နယ်၊ ပလက်ဝနယ်မှာ လှုပ်ရှားနေတဲ့ ရခိုင့်တပ်မတော် (AA) ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ကော ဘာများပြောချင်တာရှိပါသလဲ။

ဖြေ။ ဒီအကြောင်းကို The Voice Journal မှာ သတင်းမှားအနေနဲ့ ထုတ်လွှင့်ခဲ့ပါတယ်။ ဒါမျိုးကိစ္စမှာ ပြောဆိုနိုင်တာက ကျနော်တို့ ထပ်ပိုင်းခေါင်းဆောင်တွေပဲပြောခွင့်ရှိတာမျိုးပါ။ သူတို့ Quote လုပ်တဲ့ ကျနော်တို့ CEC အဖွဲ့ဝင်ကလည်း သူအဲလိုမျိုးမပြောဘူးဆိုပြီး၊ ကျနော်တို့အတွင်းမှာ ပြန်ပြောပြထားပါတယ်။ အစိုးရနဲ့ CNF အကြားသဘောတူစာချုပ်ထဲမှာ- ချင်းပြည်နယ်မှာ အစိုးရလက်နက်ကိုင်အဖွဲ့နဲ့ ချင်းအမျိုးသားတပ်မတော်ပဲ လှုပ်ရှားခွင့်ရှိရမယ်ဆိုပြီး သဘောတူညီချက်ရထားတာလည်း ရှိပါတယ်။ ဒါကြောင့် ဒီသဘောတူညီချက်က စာရွက်ပေါ်မှာပဲ ရှိတာမျိုးမဖြစ်အောင် အစိုးရဘက်ကကော၊ CNF ဘက်ကကော ဆက်လက်ကြိုးစားရမှာဖြစ်တယ်။ AA ဘက်က ထိပ်တန်းခေါင်းဆောင်တွေနဲ့လည်း လောခီးနဲ့ မိုင်ဂျာယန်အစည်းအဝေးတွေမှာတုန်းက ဆွေးနွေးခဲ့ပါတယ်။ သူတို့ဘက်ကနေပြောတာကတော့- သူတို့လည်း ထွက်ဖို့ကြိုးစားနေပါတယ်။ သူတို့လည်း မနေချင်သလို၊ နေဖို့လည်း မရည်ရွယ်ပါဘူး။ မမျှော်လင့်ပဲ တပ်မတော်ဘက်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ရှုပ်ထွေးမှုတွေဖြစ်ကုန်တာပါလို့ပြောပါတယ်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...