သူတို့အမြင်၊ သူတို့သဘောထား

သူတို့အမြင်၊ သူတို့သဘောထား

သန့်မြတ်ခိုင် မေးမြန်းတင်ပြသည်။

တရုတ်သမ္မတ ရှီကျင်ပင်း ဇန်နဝါရီ ၁၇၊ ၁၈ ရက်နေ့ မြန်မာပြည် ခရီးစဉ် အတွင်းရခိုင်ပြည်နယ် ကျောက်ဖြူမှာ တည်ဆောက်မယ့် အထူးစီပွားရေးဇုန် (SEZ)၊ရေနက်ဆိပ်ကမ်းဆိုင်ရာ သဘောတူညီချက် စာချုပ်ကို  လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအပေါ်မှာ ရခိုင်က နိုင်ငံရေး ခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက ဘယ်လို မြင်ပါသလဲ။ သူတို့နဲ့ နိရဥ္စရာသတင်းဌာနက မေးမြန်း တင်ပြပေးလိုက်ပါတယ်။

ဒေါ်ထုမေ (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်/ မြေပုံ-အမ်းမြို့နယ်)

ကျမ နားလည်သလောက်ကတော့ ဒီကျောက်ဖြူ စီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့ လက်မှတ် ထိုးတာကတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက စပြီးတော့ ကျောက်ဖြူနဲ့ပတ်သက်ပြီးတော့ သူတို့အလုပ်လုပ်မယ်ဆိုပြီးတော့ ဆောင်ရွက်ထားတာတွေရှိပါတယ်။ ဆိုတော့ အခုလက်ရှိ အခြေအနေမှာနေပြီးတော့ ကျောက်ဖြူနဲ့ ပတ်သက်တဲ့ လက်မှတ်ထိုးတာကျလို့ရှိရင် ပြီးခဲ့တဲ့အစိုးရ ဆောင်ရွက်ခဲ့တာတွေကို ဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ သဘောဖြစ်နိုင်ပါတယ်။

ပြောချင်တာက ဒီကျောက်ဖြူလို့မဟုတ်ပါဘူး။ တခြားမှာ ရှိတဲ့ တကယ့်အကြီးစား လုပ်ငန်းတွေ ကျလို့ရှိရင်တော့ ဗဟိုအစိုးရက ဆောင်ရွက်ခဲ့တာ ဒီအစိုးရထိ အဆက်ဆက်ပါပဲ။ ဒီအစိုးရလည်း ဒီအတိုင်းပဲ ဆောင်ရွက်ပါတယ်။ ဒါကြောင့်မို့လို့နေပြီးတော့ တကယ်တမ်းကျလို့ရှိရင် စီးပွားရေး ဆောင်ရွက်တာပဲ ဖြစ်ဖြစ်၊ နိုင်ငံတိုးတက်အောင် ဆောင်ရွက်တာပဲ ဖြစ်ဖြစ် ဒေသခံများရဲ့ကောင်းကျိုးအပေါ် မူတည်ရပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတကာမှာဘဲ ဖြစ်ဖြစ် ကြည့်ပါ။ စီးပွားရေး လုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံတာတွေလုပ်မယ်ဆိုလို့ရှိရင် စီးပွားရေး သမားတွေက မိမိရဲ့အစွမ်းအမြတ်အပေါ်မှာဘဲ ရပ်တည်ပါတယ်။ ဆိုတော့ ကျမတို့အနေနဲ့ကလည်း ဒီအပေါ်မှာကြည့်တာ ပြည်သူတွေရဲ့ အမြတ်အစွန်း ကိုဘဲ ကျမတို့ ကြည့်ရမှာဖြစ်ပါတယ်။ ပြည်သူတွေ အကျိုးမရှိတဲ့လုပ်ငန်းတွေကနေပြီးတော့ နိုင်ငံတော်ကို ကောင်းကျိုး မပြုနိုင်သလို နိုင်ငံတော်ရဲ့ဆောင်ရွက်ချက်များသည် ပြည်သူ့ကောင်းကျိုးကို မရှေ့ရှုတော့ဘူးဆိုလို့ရှိရင် ဒါနိုင်ငံတော်ရဲ့ကောင်းတဲ့ဆောင်ရွက်ချက်မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျမတို့ကတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ရခိုင်ပြည်နယ်မှာဘဲ ဖြစ်ဖြစ်၊ ဘယ်မှာဘဲ ဖြစ်ဖြစ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ကျမတို့ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီရင်းနှီးမြှုပ်နှံမှုသည် အကျိုးစီးပွားသည် ပြည်သူ လူထုလည်း အကျိုးစီးပွားရမှာဖြစ်သလို  နိုင်ငံအတွက်လည်း အကျိုးစီးပွားရမှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ ပြည်သူလူထု အကျိုးမရှိဘဲနဲ့ နေပြီးတော့ ဗဟိုအစိုးရ တစ်ခုတည်းကသာ အကျိုးစီးပွားရမယ် ဆိုလို့ရှိရင် ဒါမှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျမတို့ ရခိုင်ပြည်မှာ ကတော့ မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုကို ကျမတို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဘဲ ဖြစ်ဖြစ် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကိုဘဲ ဖြစ်ဖြစ် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုကို ကျမတို့ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီကြိုဆိုခြင်းသည် စီးပွားရေး သဘောအရ ဒီဒေသမှာ လာရောက်လုပ်ကိုင်တာ မဟုတ်ဘဲနဲ့ ဒီဒေသရဲ့ဖွဲ့ဖြိုးတိုးတက်မှု အထူးသဖြင့် ကျမတို့ ပြည်သူလူထုနေပြီးတော့ ဒီစီမံကိန်းအပေါ်မှာ ဒီလက်မှတ်ထိုးမှုအပေါ်မှာ အကျိုး ကျေးဇူးရမယ့် ကောင်းကျိုး စီးပွားရေးပဲ ဖြစ်ရပါမယ် ။ ဒီလိုမဟုတ်ဘဲ ပြည်သူ့ပါဝင်မှုကို လိုက်လျူရှုမယ် ဆိုလို့ရှိရင်တော့ ဒါအစိုးရဆက်ဆက်လုပ်ခဲ့တဲ့ စီမံကိန်းတွေလိုဘဲ ဒါကန့်ကွက်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီရခိုင်ပြည်နယ်ကျောက်ဖြူမှာ ဆောင်ရွက်မယ့် စီမံကိန်းများသည် ဒီစီမံကိန်း ဆောင်ရွက်ရမယ့် နေရာမှာ နေနေကြတဲ့ ပြည်သူလူထု ကောင်းကျိုး ဖြစ်ရပါမယ်။ ဒီပြည်သူလူထုသည် ဒီစီးပွားရေးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကိုသိရပါမယ်။ ဒီပြည်သူလူထုရဲ့ အများဆုံး ဆန္ဒနဲ့ ဒီပြည်သူလူထုသို့မဟုတ် ပြည်သူလူထု မဲပေးထားတဲ့ ကျမတို့ ကိုယ်စားလှယ်များနဲ့ အတတ်နိုင်ဆုံးတော့ ကျမဒီအပေါ်မှာ ထင်မြင်ရလို့ရှိရင် ဒီစီးပွားရေးလုပ်မယ့် ရင်းနှီးမြှုပ်နှံမယ့် နေရာတွေက ပြည်သူလူထုရဲ့ အကျိုးစီးပွား ဖြစ်ထွန်းတဲ့ ရင်းနှီးမြှုပ်နှံမှုသာလျင် မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်ရှင့်။

ထပ်ပြီး ပြောရရင်  ကျမတို့ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလိုပါမယ်။ ဒါပေမဲ့ ဒီရင်းနှီးမြှုပ်နှံမှုသည် နေပြီးတော့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီဆောင်ရွက်ကြတဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့လိုပါမယ်။ အစိုးရအနေနဲ့ကလည်း ဒီရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်တဲ့အခါမှာ ဒေသနေပြည်သူများရဲ့အသံ ဒေသနေပြည်သူများရဲ့အကျိုးစီးပွားကို ရှေ့ရှုရပါမယ်။ ဒီပြည်သူလူထု အကျိုးစီးပွားကို မရှေ့ရှုတဲ့ ဥပမာ ကျမတို့အရင်တုန်းကဆိုလို့ရှိရင် ပိုက်လိုင်း ဖြတ်သန်းတဲ့ အခါမှာလည်း ကျမတို့ဒီ ကျမတို့ အမ်းမဲဆန္ဒနယ်မှာ ဆိုလို့ရှိရင်လည်း ပြည်သူလူထု ဆုံးရှုံးခဲ့တဲ့ ကဏ္ဍတွေရှိပါတယ်။ ဒီလိုမျိုး အခုလာမယ့် အစိုးရ လက်ထက်မှာလည်း ဒီပြည်သူလူထု တစ်စုံတရာဆုံးရှုံးတဲ့ စီးပွားရေးမျိုးကို ဆောင်ရွက်မယ် ဆိုလို့ ရှိရင်တော့ ဒါပြည်သူလူထုက  ကန့်ကွက်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာနဲ့ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်တဲ့အခါမှာ လက်မှတ်တွေ ရေးထိုးကြတဲ့အခါမှာ ဒေသနေ ပြည်သူလူထု အကျိုးစီးပွား မပါတဲ့ ရင်းနှီးမြှုပ်နှံမှု မျိုးကိုတော့ ဒါဆောင်ရွက်ဖို့မသင့်ပါဘူး။ ဆောင်ရွက်ခဲ့မယ် ဆိုလို့ရှိရင်တော့ ဒါမှန်ကန်တဲ့ အောင်မြင်မယ့် ရင်းနှီးမြှုပ်နှံမှု မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျမတို့ ပြည်နယ်မှာတော့ ရင်းနှီးမြှုပ်နှံမှုတွေ လိုတယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေလိုတယ်။  ဒါပေမဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ ပြည်သူ့ အကျိုးစီးပွားကို ရှေ့ရှုတဲ့ နိုင်ငံအကျိုးစီးပွားကိုရှေ့ှရှုတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကိုဘဲ ကျမတို့လိုလားတယ်ရှင့်။

- - -



ဦးဦးလှစော (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြောက်ဦးမြို့နယ်)

အစိုးရနှစ်ခုပေါ့လေ။ ဒီက မြန်မာအစိုးရနဲ့ တရုတ်အစိုးနဲ့ကြားထဲမှာ သဘောတူညီမှုတွေနဲ့ နှစ်နိုင်ငံ ဆက်ဆံတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တယ်ဆိုတာကတော့ ကျနော်တို့ကတော့ မူသဘောအရ ဘာမှ ကန့်ကွက်စရာမရှိဘူး။ ကန့်ကွက်လို့လည်း အရာထင်မှာလည်း မဟုတ်ဘူး။ ဒါတစ်ချက်ပေါ့နော်။ ဒါပေမယ့် ရခိုင်မှာ ရင်းနှီးမြှုပ်နှံမှုလာလုပ်တဲ့အတွက် ကျနော်တို့ ယေဘုယျကြိုဆိုရမှာပဲ။ ဒါပေမယ့် ရှေးအတိတ်ကို ပြန်ကြည့်လိုက်တဲ့အခါကျတော့ တရုတ်ပြည်က ဂတ်စ်ပိုက်လိုင်းလုပ်တယ်။ နောက် ရေနံပိုက်လိုင်းတွေ လုပ်တယ်။ တခြား Projects တွေလုပ်တဲ့အခါမှာ တရုတ်ဘက်ကလုပ်တဲ့ ကုမ္ပဏီတွေနဲ့ တရုတ်အရာရှိ တွေပေါ့။ လုပ်တဲ့ လုပ်နည်းကိုင်နည်းဟန်တွေကတော့ ကျနော်တို့ လူထုက၊ အဲဒီဒေသခံလူထုနဲ့ ရခိုင်နိုင်ငံရေးပါတီတွေက လက်ခံနိုင်တဲ့အနေအထားမရှိဘူး။ ဘာလို့ဆို သူတို့က ကျနော်တို့ ဒေသခံလူထုကိုလည်း မလေးစားဘူး။ နောက်တစ်ခုက ကုမ္ပဏီကြီးတွေအနေနဲ့လည်း အဲဒီ တရုတ်အစိုးရ တွေအနေနဲ့ အဲဒီဒေသဖွံ့ဖြိုးရေးအတွက် အဲဒီဒေသတွေရဲ့ အလုပ်သမားအခွင့်အရေးတွေ၊ အလုပ်သမား တွေကို မြေတောင်မြှောက်ပေးဖို့၊ သင်တန်းတွေပေးဖို့စတဲ့ တာဝန်ရှိမှုတွေပေ့ါနော်။ ဒေသဆိုင်ရာ အလုပ်သမားတွေရဲ့လိုက်နာစောင့်ထိန်းသင့်တဲ့ စံနှုန်းတွေပေါ့။ လစာကအစ။ သူတို့ အဲဒီအပေါ်မှာလည်း သဘောထားမကောင်းဘူး။ နောက်တစ်ချက်က သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုတွေနဲ့ ပတ်သက်ပြီးလည်း တာဝန်မဲ့တယ်ပေါ့နော်။ ဒီဟာတွေက လူထုတွေက ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ နောက်တစ်ချက်က အဲဒီမှာ Projects အကြီးကြီးတစ်ခုလုပ်မယ်ဆိုရင် အဲဒီ ဒေသတွေအတွက် ဒေသရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အဲဒီ Projects တွေရဲ့ ငွေကြေး ဘယ်လောက်၊ ရာခိုင်နှုန်းဘယ်လောက်ကို အဲဒီဒေသအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေးစသဖြင့် လုပ်ရမယ့် လုပ်ငန်းတာဝန်တွေရှိတယ်။ အဲဒါတွေကိုလည်း တရုတ်ပြည်ဘက်က ဘာမှ မလုပ်ဘူး။ ကျနော်တို့ တရုတ်ပြည်ရောက်တုန်းကလည်း ပြောတယ်။ တရုတ်ပြည်က အဲဒီဟာတွေက နားမလည်ဘူးလား။ တန်ဖိုးမထားဘူးလားပြောလည်း သူတို့က ပေါ်လစီတွေပြောင်းမယ်ပြောတာပဲ။ ဒါပေမယ့် ဘာမှလည်း အပြောင်းအလဲမရှိတော့ အဲဒီတော့ ကျနော်တို့က ဒီလုပ်တဲ့အပေါ်မှာ မူဝါဒအားဖြင့် ကြိုဆိုတယ်။ ဒါပေမယ့် ဘယ်လိုပေါ်လစီအမှားကြီးတွေနဲ့ လူထုကို တန်ဖိုးမထားတာနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ လူထုရဲ့တုံ့ပြန်မှုကိုတော့ အနည်းနဲ့အများ ခံရလိမ့်မယ်။

နောက်တစ်ချက်က အဲဒီလူတွေဟာ တရုတ်ပြည်က ကျနော်တို့ ရခိုင်အမျိုးသားပါတီနဲ့ ညီနောင်ပါတီ ဆက်ဆံရေးလုပ်ထားတယ်သာပြောတယ်။ ကျနော်တို့ ဒီ အခုက တရုတ်ပြည်က ခေါင်းဆောင်ကြီးလာတဲ့ အခါကျလည်း နိုင်ငံရေးပါတီတွေဖိတ်တဲ့အခါလည်း ကျနော်တို့ပါတီကို ဖိတ်တယ်။ ဒါပေမယ့် Party to Party Relation အဲဒီတရုတ်ပြည်က နိုင်ငံရေး Diplomat တွေရော၊ သံတမန်တွေရော၊ အရာရှိတွေရော လာတဲ့အခါမှာ ကျနော်တို့ပါတီနဲ့ တစ်ခါမှ လေးလေးစားစား ဆွေးနွေးတာမရှိတော့ ကျနော့်အနေနဲ့ တော်တော်နားလည်ရခက်တယ်။ ဘယ်လိုမှ ဒီဟာ ကောင်းတဲ့အလားအလာမမြင်ဘူး။ အဲဒီတော့ သူတို့ လုပ်တဲ့လုပ်ရပ်တွေက ဘယ်လောက်ထိ အဆင်ပြေမလဲတော့မသိဘူး။ လူထုတွေကတော့ အမြင် သိပ်ရှင်းမှာ မဟုတ်ဘူး။ အခုလည်း ကျနော်ကြားပါတယ်။ အဲဒီမှာ သယံဇာတအဖွဲ့တွေကတော့ ဆန့်ကျင်တဲ့သဘောထား၊ ကန့်ကွက်တဲ့သဘောထားတွေပေးနေကြတယ်လို့ ကျနော် ဖတ်ရတယ်။ အွန်လိုင်းပေါ်က။ အဲဒီဟာလည်း ကျနော်လက်ခံပါတယ်။ ကြိုဆိုတယ်။ ဒါ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေ၊ အောက်ခြေပြည်သူတွေကတော့ အဲလိုသဘောထားပေးလိမ့်မယ်။ အဲဒီသူတို့ရဲ့သဘောထားနဲ့ ကျနော်တို့ပါတီသဘောထားနဲ့ တူပါတယ်။ ဒေသခံပြည်သူတွေရဲ့ သဘောထားကို ကျနော်တို့လေးစားပါတယ်။ ဒေသခံပြည်သူတွေဟာ တကယ့် အောက်ခြေမှာ တကယ့် တိုက်ရိုက်ထိတွေ့တဲ့ပြည်သူတွေပဲ။ သူတို့ သဘောထား၊ သူတို့ရဲ့အသံဟာ အစစ်အမှန်အသံပဲ။ ဒါ ကျနော်တို့ လက်ခံပါတယ်။ ကျနော်တို့ တသားတည်းပဲ။ ကျနော်တို့ကတော့ မူအားဖြင့် လက်ခံတယ်။ ပေါ်လစီတွေကို ပြောင်းရမယ်။ အဲဒါပါပဲ။ ပေါ်လစီတွေကို မပြောင်းဘူးဆိုရင် ဒီလုပ်ရပ်တွေဟာ ရေရှည်မှာ ဘယ်လိုမှ လူထုရဲ့ထောက်ခံမှုကို ရမှာမဟုတ်ဘူး။ လုပ်ငန်းတွေမှာလည်း ပြဿနာတွေ အများကြီး ရှိလာနိုင်တယ်လို့ ကျနော်ထင်တယ်။

Most read this week

December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...
December 17, 2024
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းရှိ နေရာအများအပြားကို အာရက္ခတပ်တော် (AA...
ဓာတ်ပုံ - ပုံဟောင်းသာ
December 16, 2024
ဧရာ၀တီတိုင်း ပင်လယ်ကမ်းခြေ မြို့နယ်ခွဲတစ်ခုဖြစ်သော ငွေသောင်ယံတွင် စစ်ဘေးရှောင်နေကြသည့်...