၂၀၁၆ ခုနှစ် မတ် ၂၃ ရက်နေ့ စစ်တွေ ဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်ပြီး ANP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ မြေပုံမြိုှု့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းနှင့် အင်တာဗျူး

၂၀၁၆ ခုနှစ် မတ် ၂၃ ရက်နေ့ စစ်တွေ ဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်ပြီး ANP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ မြေပုံမြိုှု့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းနှင့် အင်တာဗျူး
by -
နိရဥ္စရာ
မေး- ကိုဖေသန်းခင်ဗျာ၊ ဒီကနေ့ ရခိုင်ပြည်နယ်အစိုးရကို ANP ကပဲ ဦးဆောင် ဖွဲ့စည်းရေး အတွက် စစ်တွေမှာ တောင်းဆိုဆန္ဒပြပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်၊ အဲဒီလို ဆန္ဒပြ တောင်းဆို တဲ့ အတွက် ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေး၊ ၀န်ကြီးချုပ် ခန့်အပ်ရေးမှာ ဘယ်လို အပြောင်းအလဲတွေနဲ့ ဘယ်လို နိုင်ငံရေး ဖြစ်တည်မှုတွေ ပေါ်ပေါက် လာမယ်လို့ ကိုဖေသန်းတို့က နိုင်ငံရေးအရ တွက်ဆထားပါသလဲ။

ဖြေ- ဒီကိစ္စ အပေါ် ကျွန်တော်တို့ က သုံးသပ် ပြောကြားရရင်တော့ … ဟို ပါတီကလေ ၁/ ၂၀၁၆ ဆိုတာ ကြေငြာချက် ထုတ်ထားရှိပါတယ်။ ၊ အဲဒီ ထုတ်ထားတဲ့ အပေါ်မှာ ဒီလို ၀န်ကြီးချုပ်ကို ပေးသင့်တယ်/ မပေးသင့်ဘူးဆိုတာ လူထုကြားမှာ အငြင်းပွားဆွေးနွေးမှုတွေ ဖြစ်လာတာပေါ့၊ ဆိုတော့ ကျွန်တော်တို့ကလည်း ၁/၂၀၁၆ မှာ NLD နဲ့ ANP က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ဆွေးနွေးလိုပါတယ်၊ အဲလိုမျိုး ဖော်ပြထားပါတယ်၊ ဒုတိယ တစ်ချက်က ကျွန်တော်တို့အနေနဲ့ အဲလို ဆွေးနွေးခွင့် မရဘူး၊ ကျွန်တော်တို့ကို အသိအမှတ် မပြုဘူး၊ ရှေ့ဆက်ပြီး ဒီလိုအတိုင်းပဲ သွားမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့လဲပဲ ဒီလွှတ်တော် အခင်းအကျင်းတော့ မပါဘူးပေါ့နော်၊ ဒီအစိုးရ အခင်းအကျင်းမှာ ပြည်နယ် အတွက်ဖြစ်ဖြစ်၊ ပြည်ထောင်စု အတွက်ပဲဖြစ်ဖြစ်၊ ကျွန်တော်အနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲနဲ့ အတိုက်ခံအဖြစ်နဲ့ ရပ်တည်သွားမယ်ဆိုတဲ့ ကြေညာချက် အပေါ်မှာ အခြေခံပြီးတော့ ရခိုင်တစ်ပြည်နယ်လုံး၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူထုတွေဟာ ဟိုဖက် ဒီဖက် အငြင်း ပွားမှုတွေ ဖြစ်လာတာပေါ့၊ ဒီနေ့ကျွန်တော်တို့ ဆန္ဒဖော်ထုတ်တဲ့ ကိစ္စဟာလည်း အဲဒီကျွန်တော်တို့ ပါတီက တောင်းဆိုချက် အပေါ်မှာ ပြည်သူလူထုက ထောက်ခံတယ်ဆိုတဲ့ သဘောကိုပြတယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့ဖက်ကလည်း ဒီ NLD နဲ့ဆွေးနွေးဖို့ အတွက် ဒီနေ့ထက်ထိ မျှော်လင့်နေ ပါတယ်၊ ဆွေးနွေးဖို့ လူတွေလည်း ရွေးထားပြီးဖြစ်ပါတယ်၊ အဲဒါကြောင့် ပြည်သူလူထုရဲ့ ဒီလို တိုက်တွန်း ချက်ဟာ NLD နဲ့ ကျွန်တော်တို့ဆွေးနွေးတဲ့အခါ အလားအလာကောင်း တစ်ရပ်ပေါ် ထွက်လာမယ်၊ လူထုဆန္ဒကို ဒီ NLD ဘက်က အသိအမှတ်ပြုလာနိုင်တယ် လို့တော့ ကျွန်တော်တို့ ဒီကောင်းသော မျှော်လင့်ချက်တွေနဲ့ ကျွန်တော်တို့ စောင့်မျှော်နေ ပါတယ် ခင်ဗျား။

U Pe Thanမေး – ဟုတ်ကဲ့၊ အခု အဲဒါဆိုရင် အခုဆန္ဒဖော်ထုတ်ပွဲ လုပ်တဲ့ နေရာမှာ နောက်ကွယ်မှာ ANP ပါတီနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး သုံးသပ်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ANP ပါတီက စီစဉ်တာများပါလားခင်ဗျာ။

ဖြေ – ANP ပါတီရဲ့လမ်းညွှန်မှု၊ ကြီးကြပ်မှု အဲဒါမျိုး တစ်ခုမှမရှိပါဘူး၊ ဒါဟာ ANP ပါတီကိုထောက်ခံတဲ့ ပြည်သူလူထုရဲ့ အစိတ်အပိုင်း တစ်ခုက ဆောင်ရွက် လုပ်ကိုင်တာဘဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့လည်း ဒီလိုလုပ်ဖို့ ကျွန်တော်တို့ဖက်က ညွှန်ကြားတာမရှိခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရည်ရွယ်ချက်က NLD ဘက်ကလာပြီးတော့ စေ့စပ်ဆွေးနွေးဖို့အချိန်ကို စောင့်နေပါတယ်၊ အဲဒီလွန်တဲ့နောက်ပိုင်း မှာတော့ ကျွန်တော်တို့ပါတီက တစ်ခုခု ဆုံးဖြတ်ကောင်း ဆုံးဖြတ်ရမှာပေါ့လေ၊ ဒီ ဆန္ဒဖော်ထုတ်ပွဲကတော့ လူထုရဲ့ဆန္ဒဖော်ထုတ်မှု သက်သက်ပဲဖြစ်ပါတယ်။

မေး – အဲဒီလို လူထုဆန္ဒဖော်ထုတ်မှုဖြစ်တဲ့အတွက် ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေး အပေါ် NLD ဖက်ကနေပြီးတော့ ဒီအပေါ်မှာလိုက်လျှော့ လာမယ်လို့ထင် ပါသလား။

ဖြေ – အဲဒီလိုတော့ ပုံသေကားချပ်ပြောလို့မရပါဘူး၊ NLD လည်း သူတို့ရဲ့ ရပ်တည်ချက်နဲ့ သူတို့၊ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့သူတို့ သွားနေတာပေါ့၊ ဒါပေမယ့် တစ်ခုရှိတာက ဒါပြည်သူ လူထုရဲ့ ဆန္ဒဆိုတာတော့ သူတို့ အသိ အမှတ် ပြုရပါလိမ့်မယ်။ ဆန္ဒဖော်ထုတ်တဲ့ အတွက် ရလဒ်ကောင်းတွေ ကျွန်တော်တို့ မျှော်လင့်သလို ဖြစ်လာမလား/ မဖြစ်လာဘူးလား ဆိုတာကတော့ NLD ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်ခင်ဗျာ။

မေး- အခုဖြစ်နေတာက ဒီရခိုင်ပြည်နယ် ၀န်ကြီးချုပ်တို့၊ ဘာတို့ကို အနိုင်ရထားတဲ့ ANP ပါတီက ခန့်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင် ဖို့လိုတယ်လို့ပြောပါတယ်၊ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံကိုမပြင်ဘဲ ဒီလိုတောင်းဆိုတာကတော့ တရားနည်းလမ်းမကျ ဘူးလို့ ဒီဘက်က တုန့်ပြန်တာတွေလည်းရှိပါတယ်၊ အဲဒီအပေါ်မှာကော ကိုဖေသန်းတို့ဘယ်လိုမြင်ပါသလဲ။

ဖြေ – အဲဒီကိစ္စကတော့ အမှန်က ၂၀၀၈ ဖွဲ့စည်းပုံမှာကျတော့လေ၊ ဒီအနိုင်ရပါတီကပဲ ၀န်ကြီးချုပ် လုပ်ရမယ်လို့ ဖော်ပြထားတာ မရှိပါဘူး၊ ပုဒ်မ ၂၆၁ (ခ) မှာ သမ္မတသည် တိုင်းဒေသ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို ခန့်ထားနိုင်တယ် ဆိုပြီးတော့ အဲဒီ ဖော်ပြထားတဲ့အတွက် ဒါတခြားပါတီတွေကလည်း ခန့်လို့ ရပါတယ်၊ ဒီတော့ ပြီးခဲ့တဲ့ လွှတ်တော်မှာလည်း ကျွန်တော်တို့အနေနဲ့ ဒီပုဒ်မကိုပြင်ဆင်နိုင်ဖို့ရာမှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေရော၊ NLD လွတ်တော် ကိုယ်စားလှယ်တွေရော အကုန်လုံးပေါင်းပြီးတော့ သမ္မတသည် ဆိုတဲ့နေရာမှာ သက်ဆိုင်ရာလွတ်တော်သည်ဆိုတဲ့ စကားသုံးပြီးတော့ ပြောင်းလဲဖို့ ကြိုးစား ခဲ့ပါတယ်၊ ဒါပေမယ့် တပ်မတော်က လက်မခံတဲ့ အတွက် ဒီပုဒ်မဟာ ဒီအတိုင်းဘဲ ရှိနေပါတယ်၊ ဆိုလိုတာက NLD အနေနဲ့ ဖက်ဒရယ်ကို သွားမယ်၊ ရှေ့မှာလဲ ပြည်ထောင်စုကို သွားမယ် ဆိုရင် ရခိုင်ပြည်နယ်မှာ ထူးထူးခြားခြားပေါ့နော်၊ တိုင်းနဲ့ပြည်နယ်အားလုံးမှာ အများဆုံးအနိုင်ရတဲ့ ၂၃ နေရာထိ အနိုင်ရထားတယ်၊ NLD က ၉ နေရာပဲ အနိုင်ရတယ်၊ အဲဒီလို အနိုင်ရထားတဲ့ ပါတီမျိုးကို ပေးမယ် ဆိုရင် ပေးသင့်ပါတယ်ဗျာ၊ ပြည်ထောင်စုကိုသွားမယ့် စံပြ နမူနာပြ အနေနဲ့ ပေါ့နော်၊ ပေးမယ်ဆိုရင် ပေးလို့ ရပါတယ်၊ ဖွဲ့စည်းပုံက ကန့်သတ်တာ မဟုတ် ပါဘူး၊ ဒါပေမယ့် NLD က သူတို့ Right နဲ့ သူတို့သွားမယ်ဆိုရင်လဲ ဒါက သူတို့ရဲ့ အခွင့် အရေးပဲဖြစ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဘာပဲပြောပြော ကျွန်တော်တို့ နဂိုကလည်း တောင်းဆိုခဲ့ကြတယ်၊ ပြုပြင်ဖို့လည်း ကြိုးစားခဲ့ကြတယ်၊ ဒီနေ့အချိန်ခါ NLD ရဲ့လက်ထဲ ပါ၀ါရောက်လာတဲ့ အချိန်ခါမှာ ကျွန်တော်တို့ ANP နဲ့ အများစု ရခိုင်ပြည်နယ် ထဲမှာ အနိုင်ရထားတဲ့အတွက် ANP ပါတီ ကိုပေးမယ်ဆိုရင် သူတို့အနေနဲ့ပေးလို့ရပါတယ်၊ ဖွဲ့စည်းပုံကတော့ ဘယ်သူ့ကိုပေးရမယ်၊ နိုင်တဲ့သူပဲ ယူရမယ် ဆိုတာမျိုးကတော့ မရှိပါဘူးခင်ဗျ။

မေး- ဟုတ်ကဲ့၊ ဒီနေ့ Facebook တွေပေါ်မှာရော၊ တစ်ခြား မီဒီယာတွေမှာရော တွေ့နေရတာကတော့ အဓိက ဒေါက်တာ အေးမောင်က သူဝန်ကြီးချုပ်နေရာ မရဘူး၊ ရခိုင်ပြည်နယ် အစိုးရထဲမှာလည်း မပါဘူး၊ ပြည်ထောင်စု ၀န်ကြီးလည်း မရဘူးဆိုတော့ သူက အဲဒီဟာတွေကို မရလိုက်တဲ့ အတွက် နောက်ကွယ်က သူ့လူတွေကို မြှောက်ပေးပြီး ဆူပူ အောင်လုပ်တယ်ဆိုပြီးတော့ စွပ်စွဲမှုတွေ အခုထွက်နေပါတယ်၊ အဲဒီအပေါ်မှာကော ကိုဖေသန်းတို့ အမြင်ကို သိချင်ပါတယ်။

ဖြေ- ANP ပါတီဆိုတာ ဒေါက်တာ အေးမောင်တစ်ယောက်တည်းနဲ့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး၊ ပါတီခေါင်းဆောင်တွေအများ ကြီးရှိပါတယ်၊ အဲဒီ Facebook ဆိုတာကလည်း သူကထချ၊ ကိုယ်က ထချနဲ့ လိုက်ပြီးတော့ ချနေကြတဲ့ အတွက် စွပ်စွဲထားချက်တွေ အများကြီး ရှိပါတယ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေလည်း ဒီအချိန်မှာအများကြီးရှိနေပါတယ်၊ အဲဒါကြောင့်ကျွန်တော်တို့ပြောလို တာက ဒေါက်တာ အေးမောင် တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်နေတယ် ဆိုရင် ကျွန်တော်တို့ ပါတီ ခေါင်းဆောင်တွေ၊ နောက်ပါတီ ရဲ့ ဖွဲ့စည်းပုံတွေ အလကားဖြစ်သွားပါလိမ့်မယ်၊ အဲလိုတော့မဟုတ်ပါဘူး၊ ကျွန်တော်တို့ ပါတီရဲ့ တောင်းဆိုချက်ကလည်းပဲ စေ့စပ်ညှိ့နှိုင်းမှု ဆိုတဲ့ အရာတွေကို ရှေ့က တင်ထား ပါတယ်၊ စေ့စပ်ညှိနှိုင်းမယ် ဆိုတာက ကျွန်တော်တို့ကို အသိအမှတ်ပြုစေချင်တယ်၊ ထဲထဲဝင်ဝင် ဆွေးနွေးစေချင်တယ်၊ အဲလိုဆိုရင်ကျွန်တော်တို့က ပြဿနာတွေ ပြေလည် သွားလောက်တယ်လို့ ကျွန်တော်တို့က ယူဆထားပါတယ်။

မေး- ဟုတ်ကဲ့၊ NLD ကနေပြီးတော့ ဒီနေ့ထိ ANP ကို ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဒီနေ့ထိ ဆွေးနွေးဖို့ မဖိတ်ခေါ်တာက နောက်ကွယ်က ဘယ်လိုအကြောင်း အရာတွေရှိနေလို့များပါလဲ၊ ကိုဖေသန်းတို့က ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ- ကျွန်တော်တို့ဆွေးနွေးဖို့ တောင်းထားတဲ့ အချိန်မှာ သူတို့အတွက် အနီးကပ် ဖြစ်လာပြီပေါ့နော်၊ နောက် တစ်ပတ် လောက်ဆိုရင် ပြည်နယ် ၀န်ကြီး ချုပ်တွေ ကို ရွေးရရတော့မှာဖြစ်ပါတယ်၊ သူတို့ကတော့ တိုင်းနဲ့ ပြည်နယ် ဒေသ အားလုံးမှာ သူတို့ပဲ ၀န်ကြီးချုပ်နေရာကို ယူမယ်ဆိုပြီးတော့ သူတို့ဖက်က ကြေညာ ထားတာတော့ ရှိပါတယ်၊ ဒါပေမယ့် ဒီရှမ်းပြည် နယ်နဲ့ ရခိုင်ပြည်နယ်ကတော့ ၀န်ကြီးချုပ်နေရာကို ရှမ်းပါတီရော၊ ရခိုင်ပါတီကိုရော ပေးသင့်တဲ့ ကာလလည်း ဖြစ် ပါတယ်၊ သူတို့ အနေနဲ့ ဒီလေးငါးရက် တစ်ပတ်လောက်အတွင်းမှာတော့ ဒါတွေကိုထည့်ပြီးစဉ်းစားနိုင်လိမ့်မယ်၊ စဉ်းလည်း စဉ်းစားစေချင်တယ်၊ အနည်ဆုံးတော့ကျွန်တော်တို့နဲ့ ထဲထဲဝင်ဝင်ဆွေးနွေးပြီးတော့ အဖြေတစ်ခုကို ရှာနိုင်လောက်တယ်လို့ ကျွန်တော်တို့ဖက်ကတော့ မျှော်လင့်ပါတယ်။

မေး- နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ပါလီမန်အခင်းအကျင်းမှာပေါ့ဗျာ၊ ဦးလှမောင်တင်လို ပုဂ္ဂိုလ်မျိုးတောင်မှ ဒီ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နေရာ ကနေ နုတ်ထွက် သွားရတာတွေ ရှိခဲ့ပါတယ်၊ အဲဒီတော့ ANP ပါတီကသာ ၀န်ကြီးချုပ် လုပ်မယ်ဆိုရင် ဦးလှမောင်တင်လို အဖြစ်မျိုး ကြံုတွေ့ လာရနိုင်တယ်လို့ တွက်ဆ ထားကြတာတွေ ရှိပါတယ်။ ဒါကြောင့် ANP ပါတီကကော တကယ်တမ်း ၀န်ကြီးချုပ်ဖြစ်လာရင် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်ရေး တို့၊ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို မလုပ်ဆောင်နိုင်တဲ့ အပြင် ဦးလှမောင်တင်လို ဘေးကျပ်နံကျပ် ဖြစ်ပြီး တာဝန်ကနေ နှုတ်ထွက် သွားရတာ မျိုးကော ဖြစ်မလာနိုင်ဘူးလို့ ကိုဖေသန်း တို့ဖက်က မျှော်လင့် ထားနိုင်ပါသလား။

ဖြေ- ကျွန်တော်တို့ကတော့လေ၊ လူပုဂ္ဂိုလ် တစ်ယောက်ရဲ့အရည်အချင်း ပေါ်မှာ မူတည်တာထက်ပေါ့နော်၊ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုနဲ့ အများကြီး သက်ဆိုင်ပါလိမ့်မယ်၊ ဦးလှမောင်တင်ရဲ့အုပ်ချုပ်မှုကာလ အတွင်းမှာ ကျွန်တော်တို့ ဒီအရေးအခင်းကို ကြံုခဲ့ရတယ်ပေါ့၊ အဲဒီအရေးအခင်းဖြစ်ဖြစ်ချင်းကတော့ ဦးလှမောင်တင်လည်း မထိန်း နိုင်ဘူးပေါ့လေ၊ နောက်ပိုင်းမှာ ဦးမောင်မောင်အုန်းလက်ထက်ရောက်တော့ ဒါပြင်ရ၊ ပြုရပြီးတော့ နောက်ပိုင်း မှာ အစိုးရကလည်း ရန်ပုံငွေတွေချပေးတယ်၊ သင့်တင့်လျှောက်ပတ်တဲ့ အင်အားတွေနဲ့ အကူအညီ ပေးတဲ့အခါ တဖြည်းဖြည်း တည်ငြိမ်သွားတဲ့ အခြေအနေလေးတွေ ရှိတယ်ပေါ့၊ အဲဒါကြောင့် ကျွန်တော် ပြောလိုတာက လူတစ်ဦး တစ်ယောက်တည်း ထိန်းလို့မရပါဘူး၊ ဒါဟာ နိုင်ငံတော်ကလည်း ပူးပေါင်း ထိန်းသိမ်း ရမယ်၊ အဲဒါ အချုပ်အခြာဏာကို သွားပြီး ထိခိုက်နိုင်တဲ့အတွက်နဲ့ ဒီတာဝန် ပေးထားတဲ့ပုဂ္ဂိုလ်တစ်ဦး အပေါ်မှာပဲ အာရုံစိုက်ပြီးတော့ လုပ်နိုင်ဖို့ အရည်အချင်း ထက် ဒါနိုင်ငံတော်က အားလုံး ၀ုိင်းဝန်းပံ့ပိုးပြီးတော့ သူ့ကို ကူညီလို့ရှိရင် ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်၊ ဆိုလိုတာကတော့ ကျွန်တော်တို့ ရခိုင်ပါတီဟာ ရခိုင်ပြည်နယ်မှာ အများဆုံး အနိုင်ရထားတဲ့ ပါတီဖြစ်တဲ့ အတွက်ကြောင့် ပြည်သူလူထု အများဆုံး ထောက်ခံတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်ပါတယ်၊ အဲဒါကြောင့်ကျွန်တော်တို့ဟာ ဒီရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးကိုသူများပါတီထက်နေပြီးတော့ အကောင်းဆုံး ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။

မေး- ဟုတ်ကဲ့၊ နောက်တစ်ခု မေးချင်တာကလေ၊ အခုဒီရခိုင်ပြည်နယ်မှာပေါ့ဗျာ၊ ရခိုင်ပါတီကနေပြီးတော့ ခေါင်းဆောင် တစ်ယောက်ယောက်က ၀န်ကြီးချုပ်လုပ်တယ်ဆိုပါတော့။ လက်ရှိမှာ တိုင်းပြည်ကလည်း မငြိမ်သက်သေးဘူး၊ တချို့က နေပြီးတော့ပေါ့ဗျာ၊ အထူးသဖြင့် ရခိုင်အရေးကို နိုင်ငံရေးအရ အသုံးချလိုသူ တစ်စုက အဓိကရုဏ်းတွေ ဖြစ်အောင် ဖန်တီးပြီး မငြိမ်မသက် ဖြစ်အောင် လုပ်နိုင်တာတွေလည်း ရှိတယ်၊ အဲဒီလို ပြဿနာမျိုးတွေ ဖန်တီးပြီးတော့ ဒီရခိုင်ပါတီက ၀န် ကြီးချုပ်ကနေ ပြည်နယ်ကို ထိန်းသိမ်း မရအောင် လှုံ့ဆော် ဖန်တီးမှုတွေ လုပ်နိုင်တာတွေ ရှိတယ်လို့ သုံးသပ်ကြတာတွေရှိပါတယ်၊ ဒါကြောင့် ဒီရခိုင်အမျိုးသားပါ တီက တစ်ယောက်ယောက်က ၀န်ကြီးချုပ် တက်ဖြစ်ရင် အဲဒီလိုမျိုး ဖန်တီး လှုံ့ဆော်မူ မလုပ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ အဲဒီအပေါ်မှာ ကိုဖေသန်းတို့က တွက်ဆထားတာတွေကော ဘယ်လို ရှိပါသလဲ။

ဖြေ- ဒါကတော့ ရခိုင်အမျိုးသားပါတီရယ်လို့မဟုတ်ပါဘူး၊ NLD က တက်လာ ရင်လည်း ပြဿနာကကြံုမှာပါပဲ၊ ဘာလို့လဲ ဆိုတော့ ဒီပြဿနာက ကျွန်တော်တို့ နိုင်ငံရဲ့ တကယ့် စိန်ခေါ်မှုဖြစ်ပါတယ်၊ အဲဒါကို ကျွန်တော်တို့က ပြန်ပြီးတော့ ကောင်းမွန်အောင် ထိန်းဖို့ ဆိုတာကတော့ တော်တော်ကို မလွယ်တဲ့ကိစ္စဖြစ်ပါတယ်၊ ဒါတွေကိုလည်း ကျွန်တော်တို့ အမြဲတမ်းပြောပါတယ်၊ ရခိုင်ပြည်ဖွံ့ဖြိုးဖို့ကြိုးစားတဲ့နေရာမှာ လူမျိုးစုနှစ်ခုရဲ့ ရင်ကြားစေ့ရေး တစ်ယောက်နဲ့ တစ်ယောက်အမြင်ရှင်းဖို့ ကာလတစ်ခုထိ သွားရဦးမယ်။ ရေတိုနဲ့ မရဘူး အဲဒီ အချိန်ခါမျိုးမှာ ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် ပြည်သူက ပါဖို့လိုတယ်၊ ပြည်သူက မပါဘူးဆိုတော့ အုပ်ချုပ်တာ တော်တော်ခက်ခဲသွားလိမ့်မယ်၊ ဒါကြောင့် နံပါတ် (၁)ဘယ်သူပဲ အုပ်ချုပ်ချုပ် ပြည်သူပါဖို့လိုတယ်၊ နိုင်ငံတော်ကလည်း ဖွဲ့စည်းပုံ အတွင်းကဖြစ်ဖြစ်၊ တည်ဆဲဥပဒေအရပဲဖြစ်ဖြစ်၊ အဲဒီအစိုးရကို ကျားကန် ပေးဖို့ လိုပါတယ်၊ အဲဒါမှ ဒါကို ကျွန်တော်တို့က အကောင်းဆုံး ဖြစ်နိုင်အောင် ထိန်းသိမ်း နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆတယ်၊ ဘာပဲပြောပြော အခုနကပြောသလို ရခိုင်ပါတီဆိုတာ ပြည်သူအများစု ထောက်ခံထားတဲ့ ပါတီဖြစ်တဲ့ အတွက် ဒီပါတီကပဲ သူများ ပါတီတွေထက် တည်ငြိမ်အောင် လုပ်နိုင်မယ်လို့ ထင်တယ်၊ နိုင်ငံတော် ကလည်း အများကြီးပံ့ပိုး ပေးဖို့ လိုတာပေါ့နော်၊ ဒါမှမဟုတ် NLD ပါတီက လုပ်မယ်ဆိုရင်လည်း လုပ်ပေါ့။ ရခိုင်အမျိုးသားပါတီနဲ့တော့ နားလည်မှု၊ လက်တွဲဆောင်ရွက်မှု အများကြီး ရှိဖို့ လိုအပ် ပါလိမ့်မယ်လို့ ယူဆပါတယ်ခင်ဗျာ။

Most read this week

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...