ချင်းရေးရာလွှတ်တော်ကိုယ်စားလှယ်လောင်း Pu Lian Nawn နှင့် တွေ့ဆုံခြင်း

ချင်းရေးရာလွှတ်တော်ကိုယ်စားလှယ်လောင်း Pu Lian Nawn နှင့် တွေ့ဆုံခြင်း
by -
ခိုနူမ်းထုန်
Pu Lian Nawn သည် ၁၉၄၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ချင်းပြည်နယ် ထန်တလန်မြို့နယ် ဇန်တလန်ကျေးရွာတွင် အဖ ဦးထန်ပေါင်း နှင့် အမိ ဒေါ်ငွေထန်းတို့မှ ဖွားမြင်သည်။ မွေးချင်းညီအကိုမောင်နှမ ၈ ယောက် အနက် တတိယအကြီးဆုံး သားဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် ချင်းပြည်နယ် ဖလမ်းမြို့အထက ကျောင်းမှ High School Final အောင်မြင်ပြီး၊ ၁၉၆၅ ခုနှစ်တွင် သစ်တောအုပ်အကြီးတန်စာမေးပွဲကို ပြင်ဦးလွင်တွင် ဝင်ရောက်ဖြေဆိုကာ တစ်နိုင်ငံလုံးတွင် ပထမဆု ရရှိခဲ့သည်။

၁၉၇၁ ခုနှစ်ကစတင်ပြီး သစ်တောမြို့နယ်ဦးစီးမှူးတာဝန်ကို စတင်ထမ်းဆောင်ကာ ၁၉၉၃ ခုနှစ်တွင် ဦးခင်ညွှန့်ရဲ့ စီမံချက်နှင့်အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ရ နှစ်ချခံခဲ့ရသည်။  ၁၉၉၉ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် Chin Baptist Association တွင် ၆ နှစ်တိတိ ဘဏ္ဍာရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထို့နောက် ကာဆင် အသင်းတော်တွင် ၄ နှစ် ဥက္ကဌတာဝန် ထမ်းဆောင်ပြီး AZB ခေါ် ဟားခါးနွယ်စုလူမှုရေးဥက္ကဌအဖြစ် ယခုချိန်ထိ တာဝန် ထမ်းဆောင်လျက်ရှိသည်။

ယခုလက်ရှိတွင် ဦးငိုင်ဆာခ့်ဦးဆောင်သော ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) ပါတီ၏ ကလေးမြို့နယ် ပါတီဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပြီး CLD ပါတီကိုယ်စားပြုအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ချင်းရေးရာ လွှတ်တော်ကိုယ်စားလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

*မေး ။      ။ အရင်တုန်းက အစိုးရဝန်ထမ်းဘဝနဲ့ပဲ နေထိုင်လာခဲ့တယ်၊ ပြီးတော့ ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်။ ပါတီနိုင်ငံရေး နဲ့ ကင်းရှင်းခဲ့တဲ့ သူတစ်ဦးအနေနဲ့ ပါတီနိုင်ငံရေးထဲကို ဝင်ရောက်လာပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံရတဲ့ အကြောင်းကို သိချင်ပါတယ်။
ဖြေ။       ။ ပရဟိတလုပ်ငန်းတွေလုပ်လာရင်းနဲ့ ပြည်သူတွေရဲ့ ဘဝကို ထဲထဲဝင်တဲ့အခါကျတော့ ပြည်သူတွေရဲ့ Human Right (လူ့အခွင့်အရေး)တွေ ဘယ်လောက်ဆုံးရှုံးနစ်နာတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသေချာမြင်ရတဲ့အခါကျတော့ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာဖို့ တွန်းအား ဖြစ်လာတာပေါ့။ ဘာမြင်သလဲဆိုတော့ နိုင်ငံတော်က ဘတ်ဂျက် ချပေးလိုက်တယ်။ လမ်းတံတား တည်ဆောက်ရေးအတွက်ပေါ့။ အဲဒီဘတ်ဂျက်တွေ လေလွင့်ဆုံးရှုံးမှု၊ အလွဲသုံးစားမှုတွေ အများကြီးပဲ။ ပြည်သူတွေနဲ့ ဒေသအကျိူးအတွက် မရှိသလောက် ဖြစ်နေတယ်။ အဲဒါတွေကို သိရှိတဲ့အခါကျတော့ နိုင်ငံရေး လောကထဲကို ဝင်လိုက်တာနဲ့ အကောင်းဘက်ကို အတိုင်အတာ တစ်ခုအထိပေါ့။ ပြောင်း လဲပေးနိုင်မလားဆိုတဲ့ ခံယူချက်နဲ့ ခုလို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

မေး။      ။ လာမယ့်ရွေးကောက်ကျရင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံရပြီး စစ်ကိုင်းတိုင်းဒေသကြီး ချင်းရေးရာဝန်ကြီးဖြစ်လာခဲ့မယ်ဆိုရင် ချင်းပြည်သူတွေအတွက် ဘာတွေ လုပ်ဆောင်ပေးမှာလဲ။
ဖြေ။       ။ နံပတ် ၁ အနေနဲ့ ဒေသဖွံ့ဖြိုးရေးကို ဖော်ဆောင်မှာပါ၊ ဒေသဖွံ့ဖြိုးလာတဲ့အခါမှာ ချင်းမျိူးနွယ်စုတွေ အားလုံးကို စုစုစည်းစည်းနဲ့ “ချင်း” ဆိုတဲ့ ထီးမိုးအောက်မှာ ခိုင်မှာတဲ့ သွေးစည်း ညီညွတ်မှုရှိအောင် ကြိုးစားပြီးတော့ ဖော်ဆောင်မယ်လို့ စိတ်ကူးထားပါတယ်။ ချင်းတိုင်းရင်းသားတွေ အချင်းချင်းစည်းလုံးပြီးမှ ချစ်ချစ်ခင်ခင်ရှိပြီးဆိုတဲ့နောက်မှာ ဒီမှာရှိတဲ့ အခြားသော တိုင်းရင်းသား ဗမာတွေနဲ့လည်း ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ဖို့လိုပါတယ်။ အဲလိုတည်ဆောက်နိုင်မှလဲ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ရရှိလာပြီးတဲ့နောက်မှာ ချိူ့တဲ့နေသော လူသားအရင်းအမြစ်တွေ၊ မိမိရဲ့ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေး၊ အရည်သွေး အရည်အချင်းအဲဒါတွေကို ဖွံ့ဖြိုးတိုးတက်လာနိုင်အောင် လမ်းဖွင့်ပေးဖို့ လိုပါတယ်။

မေး။      ။ ဒေသဖွံ့ဖြိုးရေးကို အဓိက လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဘယ်အပိုင်းကို လုပ်ဆောင်မှာပါလဲ။
ဖြေ။       ။ လမ်း တံတားကောင်းဖို့ ကြိုးစားပေးပါမယ်။ ပြီးလို့ရှိရင် မြို့လှပသာယာရေး၊ ခုဆိုရင် ရေတွေလျှံနေတယ်။ မိုးများတဲ့အခါ ရေလျှံတာမဖြစ်သင့်ဘူး။ ရေလွှတ်မြောင်းတွေမကောင်းလို့ ရေမြောင်း စနစ်တွေဖော်ဆောင်ဖို့ လုံလောက်တဲ့ ဘတ်ဂျက်တွေရှိမယ်ဆိုရင် ၅ နှစ်မလိုပါဘူး။ ၃ နှစ်အတွင်းမှာကို သိသိသာသာပြောင်းလဲလာပါလိမ့်မယ်။

မေး။      ။ လမ်း တံတား ကောင်းမွန်အောင်လုပ်မယ်လို့ပြောပါတယ်။ ဘယ်လိုလုပ်ဆောင်မှာလဲ။
ဖြေ။       ။ ဥပမာအားဖြင့် ဘတ်ဂျက်တွေဟာ အရှိကိုအရှိတိုင်းမသုံးဘူးဆိုတာသေချာတယ်။ ထားပါတော့ ဒီကလေးမြို့မှာ ၂၀၁၄-၁၅ မှာ စည်ပင်ကော်မတီကို သိန်း ၈ ထောင်ချပေးလိုက်တယ်။ ပွင့်လင်းမြင်သာမှု တစ်ခုမှမရှိဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အန်ကယ်တို့ လုံးဝအယုံအကြည်မရှိဘူး။ ခြစားမှုများတယ်။ အဲဒါကြောင့်မို့လို့ ဒီလိုဘတ်ဂျက်တွေကို ခြစားမှုမရှိဘဲနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေက အလေအလွင့်မရှိဘဲနဲ့ သုံးမယ်ဆိုလို့ရှိရင် အများကြီးကို စံချိန်မှီ တံတားကောင်းမယ်၊ လမ်းကောင်း မယ်၊ တကယ်လို့ အန်ကယ် ချင်းဝန်ကြီးဖြစ်လာရင် ဒီကော်မတီတွေကို တည့်မတ်ပေးမယ်၊ အပြုသဘောနဲ့ ပြောမယ်။ ၂၀၁၄ တုန်းက ကလေးမြို့မှာ လမ်း ၂၆ လမ်းကို ကတ္တရာခင်းတယ်။ ၂၃ လမ်းကို စည်ပင်ကတာဝန်ယူတယ်။ အကုန်အကျပိုများမယ့် ၃ လမ်းကို ကန်ထရိုက်တာတွေက တာဝန်ယူတယ်။ ဒါပေမယ့် စည်ပင်က တာဝန်ယူတဲ့ လမ်းသည် တစ်ပေ ၆ ထောင် တဲ့ ရှင်းတယ်။

မေး။      ။ ဆိုတော့ အန်ကယ်က တကယ်လို့ ချင်းရေးရာဝန်ကြီးဖြစ်လာလို့ အဲဒီလို အလွှဲသုံးစားမှု တွေဌာနဆိုင်ရာတွေမှာရှိလာရင် ဘယ်လိုအရေးယူဆောင်ရွက်မှုတွေလုပ်မှာလဲ။
ဖြေ။       ။ အပြုသဘောနဲ့ ကောင်းကောင်းမွန်မွန်ညှိနှိုင်းမယ်၊ ခင်ဗျားတို့ လစာလည်း အပြည့်အဝ ရပြီးသား၊ ခေတ်စနစ်လည်း ပြောင်းလာပြီ ပြည်သူတွေရဲ့မျက်နှာကို ထောက်ကြပါ နိုင်ငံတော် ဘတ်ဂျက်သည် တကယ်တော့ ပြည်သူ့ဘဏ္ဍာပါ။ သက်ဆိုင်ရာလုပ်ငန်းတွေမှာ အပြည့်အဝ အသုံးချပါလို့ အန်ကယ်တရားဝင်ပြောမယ်၊ မလိုက်နာရင်တော့ လိုအပ်သလိုအရေးယူမယ်။ အဲလိုလုပ်မှလည်း တိုင်းပြည်ပြောင်းလဲမှာပေါ့။

မေး။      ။ ချင်းပြည်သူ မဲဆန္ဒရှင်တွေအပေါ် ဘာများပြောချင်သေးလဲ။
ဖြေ။       ။ နိုးထချိန်တန်ပြီ မအိပ်သင့်တော့ဘူး၊ အနှစ် ၅၀ လုံးလုံး အိပ်ပျော်လာခဲ့ပြီးပြီ ဒီချိန်မှာ နိုးထချိန်တန်ပြီ။

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...