TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးဝါးပြတ်လပ်မှုရှိလာ

TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးဝါးပြတ်လပ်မှုရှိလာ

သျှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် လူသုံးဆေးဝါးများ စတင်ပြတ်လပ်မှုကြောင့် ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးရုံ၊ ဆေးခန်းနှင့် ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှု စတင်ဖြစ်ပေါ်လာသဖြင့် နာတာရှည်ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံတချို့မှာ စိုးရိမ်မှုတို့ရှိနေသည်ဟု နမ့်ခမ်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်ရှိ ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဆိုင်ဘက်မှာဆို ဆေးဝါးတွေ တော်တော်ပြတ်လပ်လာတာ တွေ့ရတယ်။ နှစ်ရှည်ရောဂါခံစားနေရတဲ့သူတွေ သောက်တဲ့ဆေးတွေဆို မရတော့ဘူး။ အခု လုံးဝပြတ်လပ်သွားတာ ငှက်ဖျားဆေး ဖြစ်နေတယ်။ ငှားဖျားရောဂါ ခံစားရတဲ့သူက သူ့ဆေးနဲ့မှ သက်သာမြန်တာ၊ ခုက အရမ်းစိုးရိမ်နေရတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဆေးဝါးပြတ်လပ်သည့်ထဲတွင် ငှက်ဖျားဆေးသည် နမ့်ခမ်းမြို့နှင့် မူဆယ်မြို့နယ်ဘက်တွင် လုံးဝ ပြတ်လပ်သွားခြင်းကြောင့် ငှက်ဖျားရောဂါ ခံစားနေရသူတစ်ဦးသည် အသက်အန္တရာယ်ထိ စိုးရိမ်လာနေရသည်ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့ကစ၍ စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အကြား ဂိတ်စခန်း (၅) နေရာထက်မနည်းတွင် ခြံထွက်သီးနှံနှင့် တပိုင်တနိုင်ဈေးသည်များကို နှစ်ဘက်တပ်ဖွဲ့များက ဖြတ်သန်းခွင့်မပေးဘဲ အပြန်အလှန် ပိတ်ပင်တားမြစ်ထားသည်ဟု ဆိုသည်။

နမ့်ခမ်းမြို့သည် ရွှေလီမြို့နှင့် မူဆယ်မြို့နယ်ကိုသာ ဝမ်းစာအတွက် အဓိကအားထားရသည့် ဒေသတစ်ခုဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် မူဆယ်မြို့နယ်ရှိ အစိုးရဆေးရုံတွင် ဆရာဝန်လုံလောက်မှု မရှိသည့်အပြင် ဆေးဝါးလုံးလောက်မှု မရှိခြင်းကြောင့် ပုဂ္ဂလိကဆေးရုံကိုသာ အားကိုးနေရနေသည့် အခြေအနေမျိုးရှိနေကြောင်း  မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

မူဆယ်မြို့ထက် နမ့်ခမ်းမြို့တွင် ဆေးကုပေးမည့် ဆရာဝန်များ ရှိသော်လည်း ဆေးဝါးလုံလောက်မှုမရှိသည့်အတွက် အခြေခံလူတန်းစားအတွက် အခက်ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။

“ပြောရမယ်ဆို ၁၀၂၇ စစ်ဆင်ရေးကတည်းက  စပြတ်တာပဲ။ လက်ရှိ ပုဂ္ဂလိကဆေးရုံကိုသာ အားကိုးနေရတယ်ဆိုပေမဲ့ ဆေးဝါးမလုံလောက်မှုတွေ တော်တော်များလာတယ်။ အခု နမ့်ခမ်းမှာက ဆရာဝန်တွေစုံလာတယ်။ မူဆယ်ကနေတောင် သွားကုကြသေးတယ်။ ဒါပေမဲ့ ဆေးဝါးလုံလောက်မှုမရှိတော့ ခက်ခဲဖြစ်စေတာမျိုးရှိတယ်” ဟု အဆိုပါ မူဆယ်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့  နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့တွင် ကုန်ပစ္စည်းသယ်ယူခွင့်ပြုသော်လည်း တရုတ်အာဏာပိုင်များက ကုန်ပစ္စည်းများကို  ကန့်သတ်သယ်ဆောင်ခွင့်ပြုထားကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

ထို့အပြင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်းမြို့ဘက်သို့ ကုန်စည် သယ်ယူခွင့်မရအောင် တရုတ်အာဏာပိုင်ဘက်က တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

Most read this week

January 16, 2025
‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသော ဟိုပန်မြို့နှင့် ကွမ်းလုံမြို့တို့ကို...
January 15, 2025
ကျေးသီးမြို့နယ် ထဲက ကျန်းမာရေးစောင့်ရှောက်မှု သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း...
January 14, 2025
သဲကျောက်မြေအိတ်များဖြင့် အထပ်ထပ်ကာရံထားသော မယ်ဆိုင်မြစ် ကမ်းပါးမှ မြန်မာဘက်ခြမ်းကို...
ပုံစာ - နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် SSPP မှ စစ်သင်တန်းပေးနေစဉ်
January 14, 2025
သျှမ်းပြည်၊ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအုပ်စုတွင် သျှမ်းတပ် SSPP/SSA မှ...