ညီနောင်သုံးဖွဲ့ကို လက်နက်စွန့်ရန် စစ်ခေါင်းဆောင်ပြော

ညီနောင်သုံးဖွဲ့ကို လက်နက်စွန့်ရန် စစ်ခေါင်းဆောင်ပြော
ပုံစာ - တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲအခမ်းအနားတွင် စစ်ခေါင်းဆောင် မိန့်ခွန်းပြောနေစဉ်။ ဓာတ်ပုံ - cincds။
ပုံစာ - တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲအခမ်းအနားတွင် စစ်ခေါင်းဆောင် မိန့်ခွန်းပြောနေစဉ်။ ဓာတ်ပုံ - cincds။

အာရက္ခတပ်တော် (AA) အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ်သို့ လျှောက်လှမ်းကြရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား လိုက်သည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် နှစ် (၅၀) ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“လက်နက်ကိုင် အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခတွေကို ပြေလည်စေမည်ဖြစ်သည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိကြရေး တိုက်တွန်းလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

MNDAA ၊ TNLA ၊ AA အဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား အခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ပြီး အဖျက်အမှောင့်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများစွာ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရသည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများသည် နိုင်ငံရေးကို အကြောင်းပြပြီး လွဲမှားသော အယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြစ်တင်ပြောဆိုသည်။

MNDAA ၊ TNLA ၊ AA အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူအကွ တည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာသည်ကို တွေ့ရကြောင်း ပြောသည်။

“လူငယ်လူရွာတွေကို မူးယစ်ဆေးဝါးနဲ့ သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့ကြပါတယ်” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  စွပ်စွဲထားသည်။

ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင် အေးချမ်းသာယာသော နိုင်ငံ‌တော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်သဖြင့် ဆွေးနွေးမှုများကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ကြိုဆိုလျက်ရှိသည်ဟု သဝဏ်လွှာတွင် ပါရှိသည်။

ထိုသို့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂ ကင်းကင်းဖြင့် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားထားသည်။

“ဒီကနေ့ မြန်မာ့နိုင်ရေးအခင်းအကျင်းမှာ ပြည်သူတစ်ရပ်လုံးလိုလားတဲ့ အသွင်ကူးပြောင်းရေး လျှောက်လှမ်းနေကြတယ်။ ဒီအပြောင်းအလဲကသာလျှင် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီသို့ ပို့ဆောင်ပေးလိမ့်မယ်။ အခု စစ်ကောင်စီ ပြောနေတာက သူအထိနာနေတာတွေကို ဖြေလျော့ဖို့အတွက်ပဲဖြစ်တယ်” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းမြောက်ဒေသက စတင်ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီက နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးခဲ့ပြီး ထိုစစ်ဆင်ရေးသည် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေကြသည့် တော်လှန်ရေးအင်အားစုများအတွက် သက်ရောက်မှုကြီးခဲ့သည်။

လက်ရှိ နိုင်ငံတဝန်းတွင် တော်လှန်ရေးအင်အားစုအဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၈၆ မြို့အထိရှိနေပြီး မြေပြင်အခြေအနေအရ နောက်ထပ်လည်း ဆုံးရှုံးရမည့်အနေအထားတွင် ရှိနေသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်းကတွေ့ရစဉ်။
January 17, 2025
ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် စစ်ရေးနှင့်မသက်ဆိုင်သည့် နေရာများကိုပါ...
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၂၉) ရက် ဂွမြိုအား အပြီးသတ် သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
January 16, 2025
ရခိုင်ပြည်နှင့် ပြည်မဒေသများသို့ အဓိကဆက်သွယ်ထားသည့် အမ်း၊ တောင်ကုတ်၊ ဂွ စသည့် ရခိုင်ရိုးမ...
January 15, 2025
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က ဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့သည့် ကျောက်တော်ဆေးရုံကြီးကို...
ရမ်းဗြဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ရမ္မာမြီစစ်ဘေးကူညီရေးအဖွဲ့။
January 14, 2025
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ရှိ စစ်ဘေးရှောင် ၂,၀၀၀ ကျော်မှာ စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ်...