ပါတီကိုလည်း ကြည့်ပါ လူကိုလည်း ကြည့်ပါ၊ ဒါပေမဲ့ ငွေကို မကြည့်ပါနဲ့ (သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး နှင့် အင်တာဗျူး)

ပါတီကိုလည်း ကြည့်ပါ လူကိုလည်း ကြည့်ပါ၊ ဒါပေမဲ့ ငွေကို မကြည့်ပါနဲ့ (သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး နှင့် အင်တာဗျူး)
by -
သျှမ်းသံတော်ဆင့်
ကျားခေါင်းလို့ ခေါ်ကြတဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မကြာခင်မှာ ကျင်းပတော့မဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား အပစ်ခတ် ရပ်စဲရေးကနေတဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့အတွက်လည်း တဒေါင့်တနေရာကနေ ပါဝင်ဆောင်ရွက်ပေးနေတဲ့ ပါတီ ဖြစ်ပါတယ်။ ပါတီရဲ့ ရွေးကောက်ပွဲ မျှော်မှန်းချက်၊ ငြိမ်းချမ်းရေးဖြစ်စဉ် တိုင်းရင်းသားအရေးတွေနဲ့ပတ်သက်လို့ သဘော ထားအမြင်တွေကို သိနိုင်အောင်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးကို သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် စိုင်းထွန်းအောင်လွင်က ရန်ကုန်မြို့ ကိုးမိုင်သျှမ်းရွာမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ သွားရောက် တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး ။ ။ SNLD ပါတီ အနေနဲ့ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ၂၅ နှစ်အကြာမှာ အခုလာမဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရတယ်။ တချိန်တည်းမှာလည်း ဦးခွန်ထွန်းဦး အပါအဝင် ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် ၅ ယောက်က ရွေးကောက်ပွဲ မဝင်ဘူးလို့ သိရတယ်။ ဘာကြောင့် ဒီလို တပြိုင်နက်တည်း ဆုံးဖြတ်ရတယ်ဆိုတာ ပြောပြပေးပါခင်ဗျာ။
ဖြေ ။ ။ ကျနော်တို့ကတော့ အတွေ့အကြုံအရ ပါပါတယ်။ ၉၀ တုန်းကဆိုရင် ဝင်ပါဆိုပြီး ၄၇ ခုနှစ် အခြေခံ ဥပဒေယူယူ ၊ ၁၉၇၄ အခြေခံဥပဒေ ယူဆိုပြီး ကတိအမျိုးမျိုးပေးခဲ့တယ်။ နိုင်လာတဲ့ တနေ့ကျ တော့ သူတို့ ပြောသလို မဟုတ်ပြန်ဘူး။ ကျနော်တို့က နိုင်လာပြီးတော့ အမျိုးသားညီလာခံထဲ ဝင်သွားရတယ်။ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တယ်။ ရှမ်းပြည်နယ်ကိုလည်း အဓိက ထားပြီး ဦးတည်ပြီးရေးတဲ့ အခြေခံဥပဒေမျိုးလည်း ဖြစ်နေတယ်။ ကျနော်တို့အနေနဲ့ကတော့ ၂ဝဝ၈ ကိုလည်း အသိမှတ် မပြုဘူး။ ၂၀၁ဝ ကိုလည်း မဝင်ခဲ့ဘူး။ ဒါတွေက အတိတ်က ခါးသီးတဲ့ အတွေ့အကြုံတွေ ကြောင့်ပါပဲ။ ဒါပေမဲ့ အခု ဖွဲ့စည်းပုံပြင်မှ ဆိုတော့ နည်းနည်း ပါးပါးပြင်ပေးတော့ ကျနော်တို့က ပြင်ပါတယ်။

မည်ကာ မတ္တမဟုတ်ပဲ အင်တိုက်အားတိုက် ဝင်ပါတယ်။ အခုဆိုရင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၅၈ ဦး ဝင်ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင် ၅ ဦး မဝင်ဘူးဆိုတာလည်း အပြင်ဘက်မှာ လုပ်ရမဲ့ ကိစ္စတွေ ရှိတယ်။ အပြင်ဘက်မှာ လုပ်ရမဲ့ CSO / CBO တွေရှိတယ်။ ၈၈ လိုအဖွဲ့တွေနဲ့ တခြား နိုင်ငံရေးမှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေ ရှိတယ်။ တောင်သူလယ်သမားတွေ အလုပ်သမားအဖွဲ့စည်း တွေလည်း ရှိတယ်။ သူတို့ရဲ့ သဘောထားတွေလည်း ရနိုင်အောင် သူတို့ရဲ့သဘောထားတွေလည်း နားထောင်လို့ ရအောင် ပါတယ်။ ကျနော်တို့ ပါတီကိုလည်း လက်ရှိ အနေထားကနေ ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတဲ့ မူဝါဒလည်း ပါပါတယ်။ ကျနော်ကတော့ အခု လောလောဆယ် အသက်ကြီး နေပြီဖြစ်တဲ့အတွက် လူငယ်တွေကို လမ်းဖွင့်ပေးတဲ့အနေနဲ့ မဝင်တာပါ။

မေး ။ ။ ပါတီရဲ့ အဓိက ဦးတည်ချက်နဲ့ မူဝါဒက ဘာတွေ ဖြစ်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ရဲ့ မူကတော့ စကတည်းက စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ့ဗျာ။ ဒါကိုလည်း လက်လွတ်စရာ အကြောင်းမရှိဘူး။ အခြေခံဥပဒေက ပြင်ရမယ်။ လွှတ်တော်ထဲမှာဆိုရင်တော့ အနည်းနဲ့အများ ကျနော်တို့ရဲ့အသံတွေကို ပြောနိုင်လိမ့်မယ်လို့ထင်တယ်။ ပြင်ဖို့ ခက်နိုင်တဲ့ အချက် တွေလည်း တွေ့ရတယ်။ ရတဲ့ အချက် ၆ ချက်ပေါ့နော်။ ဒို့တာဝန် အရေးသုံးပါးအပြင် အခြေခံ ဥပဒေကို အသက်ပေးပြီး ကာကွယ်မယ်ဆိုတာတွေ ပါပါလာပြီ။ မကောင်းတာကတော့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ အတွက် မကောင်းဘူး ပေါ့ဗျာ ။ အခြေခံဥပဒေပြင်မှပဲ ဖက်ဒရယ် ပြည်ထောင်စုဆိုတာ ပေါ်လာမှာပါ ။

မေး ။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အပစ်ခတ် ရပ်စဲရေးမှာ အားလုံး ပါဝင် နိုင်မလားဆိုတဲ့ ကိစ္စက လတ်တလော အဓိကထား ဆွေးနွေးစရာ ကိစ္စ တစ်ခု ဖြစ်နေပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ရေးဆိုတဲ့ ကိစ္စအပေါ်မှာကော ဦးခွန်ထွန်းဦးတို့ ပါတီရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ကျနော်တို့က အားလုံး ပါဝင်ရေး ပဲလေ ။ လိုင်ဇာမှာလည်း သဘောတူ ပြီးသား။ ဟိုလူမပါ ဒီလူမပါနဲ့ အပစ်ခတ် ရပ်စဲရေးက တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတာပေါ့ ။ ဒါတွေကို ဆိုခဲမြဲ စေဆိုတာနဲ့ သွားဖို့ သင့်ပြီ ဆိုချင်တယ်။ ကတိ အမျိုးမျိုးပေးတယ် ပြန်ပြင်ကြတယ်။ အားလုံးပါလို့ ရသလိုနဲ့ လက်ခံခဲ့ကြတယ်။ လက်နက်ချ ခိုင်းတာကလည်း သဘာဝမကျပါဘူး။ တဘက်နဲ့တဘက် ယုံကြည်မှု တည်ဆောက်ဖို့ လိုသေးတယ်။ စစချင်း ကတည်းက မှားပါတယ်။ စစချင်း ဆွေးနွေးရမှာ ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချရမှာ။ အခုတော့ လက်နက်ချနောက်မှ ဆွေးနွေးမယ် ဆိုတာကတော့ ဆွေးနွေးတဲ့ အချိန်မှာ အင်အားချိန်ခွင်လျှာ မမျှတာမျိုး ဖြစ်ချင်ဖြစ်မယ်။ လက်နက်ကိုင် အဖွဲ့တွေကလည်း လက်နက်ကိုင်ပြီး ဆွေးနွေးမှ စိတ်ချရမယ်ဆိုတဲ့ အနေထားမျိုး ဖြစ်နေတယ်။ ဆိုလိုရင်းက ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေးဖြစ်စဉ်က စလာကတည်းက မှားနေတာ။ ထွန်က အရင်လာလား နွားက ရှေ့ကလာလားက မပြတ်သား မသည်းကွဲ ခဲ့တဲ့အတွက် အခုလို ဖြစ်နေရတာပါ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကပဲ အန်စီအေ ထိုးပြီးရင် လက်နက်အပ်ရမယ်တို့ ၆ ဖွဲ့ကို လက်မခံဘူးတို့ ၃ ဖွဲ့က လက်နက် အပ်ရမယ်တို့ဆိုတာတွေက သံသယတွေ ပွားစေတယ်။ အဲတော့ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေတယ်ပေါ့။ အခု ထိပ်သီးတွေက သမ္မတ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ သွားတွေ့မယ်ဆိုတော့လည်း ပြောကြဆိုကြမယ် တော်တော်လေးကို ဆွေးနွေးရနိုင် တယ်ပေါ့နော်။ အန္တိမ ရည်ရွယ်ချက်ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ရချင်တယ်။ အခုက လည်း အခြေခံဥပဒေအတွက်ကို ကာကွယ်ဖို့ ဥပဒေထွက်ဖို့ ပြင်နေတာတွေရှိ အဲလိုထွက်လာရင် တိုင်းရင်းသားတွေ မျှော်လင့်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တော်တော်ဝေးသွားမယ်ထင်တယ်။

ဒီဟာတွေက ကျနော်တို့ နိုင်ငံရေးပါတီတွေက တာဝန်ရှိတဲ့အတွက် ပြင်အောင်ဆိုပြီးတော့ အာရုံစိုက်ပြီး ကြိုးစားပေးမယ်။ အကယ်၍များ မပြင်နိုင်တော့ ဘူးဆိုရင်တော့ တိုင်းရင်းသားပြည်သူ တွေ အတွက်ကော၊ ငြိမ်းချမ်းရေးအတွက်ကော ထိခိုက်နိုင်တယ်လို့ ကျနော်ထင်တယ်။ တကယ်လို့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်လာအောင် ဆိုရင်တော့ စာချုပ်ကြီး ချုပ်မယ်ဆိုရင်တော့ အားလုံး ပါဝင်တဲ့ လမ်းကို မဖွင့်ထားရင်တော့ ထိုးမဲ့ အဖွဲ့က ၆ ဖွဲ့လောက်ပဲ ရှိတယ်ထိုးဖို့က။ အဓိကကျတဲ့ အဖွဲ့တွေက မထိုးဘူးဆိုရင်တော့ ငြိမ်းချမ်းရေးက ပြီးတော့မှာ မဟုတ်ဘူး။ ကျနော် အကြံပြုချင်တာ ကတော့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့စည်းတွေအားလုံးက အပေးယူ ကောင်းကောင်းနဲ့ မျှမျှတတလေး လုပ်နိုင်မှ ဒီတိုင်းပြည်ရဲ့အခြေနေက ကောင်းလာမယ်။ စည်းရုံးရေးကလည်း ကောင်းလာမယ်။ အဲလိုမှ မလုပ်ဘူးဆိုရင်တော့ ၆၈ နှစ်တာ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသားတန်းတူရေး ခရီးက ပိုရှည်သွားမယ်။ ကျနော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင်တော့ စိုးရိမ်တယ်။

မေး ။ ။ ရွေးကောက်ပွဲအကြောင်း ပြန်ဆက်ပါ့မယ်။ တချို့ဟာလေးတွေ ကျနော် နားလည်သလောက် ပထမ ဦးခွန်ထွန်းဦးတို့ ပါဝင်ခဲ့တဲ့ စီအာပီပီနဲ့ အန်အယ်လ်ဒီတို့အကြား မဟာမိတ်ဖွဲ့မယ်လို့ ဆိုခဲ့တယ်။ တကယ်တမ်း ရွေးကောက်ပွဲ ပြိုင်ဖို့ စာရင်းထွက်လာတော့ အန်အယ်လ်ဒီက တိုင်းရင်းသား နယ်မြေ တော်တော်များများမှာ ပြိုင်ဖို့ ကိစ္စက ဖြစ်လာခဲ့တယ်။ တကယ့်ကို တချို့နေရာတွေက Remote ဝေးလံတဲ့ နေရာတွေက အစပြိုင်ဖို့ ဖြစ်လာတယ်။ အန်အယ်လ်ဒီနဲ့ ထိပ်တိုက်ပြိုင်ရမယ်ဆိုတော့ ဦးတို့ SNLD ပါတီ အပါအဝင် တိုင်းရင်းသား ပါတီတွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ရဲ့ မဟာမိတ်ဇာတ်လမ်းက ပြီးဆုံးသွားပြီလို့ ဆိုနိုင်ပါသလား။
ဖြေ ။ ။ အဲဒါ ကလည်း အမှန်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အရင်တုန်းက အန်အယ်လ်ဒီ အလိမ်ခံရသလို ကျနော်တို့လည်း အလိမ်ခံခဲ့ရတာပါပဲ။ အဲဒါကို မူတည်ပြီး နိုင်ငံရေး ဆုံးဖြတ်ချက် တစ်ခုလုပ်ခဲ့တယ်။ လွှတ်တော် မခေါ်ရပေမဲ့နိုင်တဲ့ သူတွေက လွှတ်တော် မန်းဒိတ်ရှိ ခဲ့တယ်။ အဲဒါနဲ့ စီအာပီပီ ဖွဲ့ခဲ့တယ်။ အဲဒီအချိန်က ဒေါ်စုကလည်း နေအိမ်အကျယ်ချုပ် ကျနေခဲ့တဲ့ အတွက် သူ့ဘက်က ရပ်ပေးခဲ့တာပဲ။ အခုလည်း သူ့ဘက်က ရပ်ပေးခဲ့တဲ့အတွက် သူကျနော်တို့ကို လာပြီး ကမ်းလှမ်းခဲ့တယ်။ စီအာပီပီ အဖွဲ့ဝင်တွေ ပြိုင်တဲ့နေရာတွေမှာ သူမပြိုင်ပါဘူး ဆိုပြီးတော့ပါ။

စီအာပီပီကလည်း လူသိပ်မရှိတော့ အကယ်၍ ကျနော်တို့က လက်ခံလိုက်မယ်ဆိုရင် အထူးသဖြင့် တိုင်းရင်းသားပါတီတွေနဲ့ဖွဲ့စည်းထားတဲ့ ယူအန်အေက ပုဂ္ဂိုလ်တွေက ကျနော်တို့ကို မြင်လာလိမ့်မယ်။ ကျနော်တို့ ယူအန်အေကိုလည်း ထိခိုက်လာနိုင်တဲ့အတွက် ယူအန်အေကို ထည့်စဉ်းစားသင့်တယ်။ အခုလို ကမ်းလှမ်းလာတာကို ကျေးဇူးလည်း တင်တယ်ဆိုပြီး ပြောခဲ့တယ်။ ဒေါ်စုနဲ့က ခုနက မေးသလို မဟာမိတ်ဇာတ် လမ်းပြီးပြီလား မပြီးသေးဘူးလား ဆိုတာကတော့ ဒါတွေကလည်း နိုင်ငံရေး အခင်းကျင်းက ဘယ်လိုဖြစ်လာမလဲ ကြိုမသိနိုင်ဘူးလေ။ အကယ်၍များ သူကနိုင်တယ် လုံလောက်တဲ့ မဲမရဘူးဆိုရင် ဦးရွှေမန်းနဲ့ပေါင်းရင် လည်းပေါင်းမယ်။

ဦးရွှေမန်းက အခြေအနေ မပေးဘူးဆိုရင်လည်း ကျနော်တို့ တိုင်းရင်းသားတွေထဲက အနိုင်ရတဲ့ ပုဂ္ဂိုလ်တွေကို ပေါင်းလိမ့်မယ်ထင်တယ်။ ယူအန်အေ အားကောင်းရင် ယူအန်အေနဲ့ ပေါင်းမှာပဲ ကျားဖြူက ဦးဆောင်နေတဲ့ NBF (ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း)နဲ့တော့ ပေါင်းဖို့ မရှိလောက်ဘူး။ အဲဒီမှာ ပေါင်းစည်းဖို့ကလည်း လမ်းစ ရှိနေတာပဲ။ မဟာမိတ်ကိစ္စက ပြီးသွားပြီလို့ ပြောလို့မရပါဘူး။ သူ့အနေနဲ့ သူထင်သလောက် မဖြစ်လာရင် ကျနော်တို့နဲ့ ညွှန့်ပေါင်းဖွဲ့ရမှာပါပဲ။ သူနိုင်သွားရင်တော့ ပါစရာ မရှိတော့ဘူး။ မြန်မာ့နိုင်ငံရေးမှာ နယ်မြေအားဖြင့် တိုင်းရင်းသား နယ်မြေက ကြီးတယ်။ လူထုအားဖြင့် ပြည်မဒေသမှာက များတယ်။ လူဦးရေက ဗမာက များတယ်။ ဘာပဲပြောပြော ပြည်ထောင်စုရဲ့ နိုင်ငံရေး အခင်းကျင်းကတော့ တိုင်းရင်းသားတွေ မပါလို့ မဖြစ်ပါဘူး။ သူလည်း စဉ်းစားစရာ ဖြစ်လာမှာပါ။

မေး ။ ။ တဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုးစားခဲ့တယ် မအောင်မြင်ခဲ့ဘူး။ တိုင်းရင်းသားတွေကလည်း အပြင်မှာ ပင်လုံလို ညီလာခံမျိုး ပေါ်လာဖို့ အဲဒီနေရာမှာ နိုင်ငံရေးပြဿနာတွေကို ရှင်းနိုင်ဖို့ စဉ်းစားကြတယ်။ အဲဒီနည်းလမ်း နှစ်သွယ်မှာ SNLD အနေနဲ့ ဘယ်နည်းလမ်းကို အခြေပြု ထားပါသလဲ။
ဖြေ ။ ။ ကျနော်ကတော့ ပင်လုံလို ညီလာခံမျိုး ပေါ်လာအောင်ဆိုတဲ့ ကိစ္စမျိုးကို အဓိက ထားပါတယ်။ အဲလို နည်းလမ်းနဲ့ ရှင်းချင်တယ်။ ငြိမ်းချမ်းရေး ယူချင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အားလုံး ကလည်း ပင်လုံ မူနဲ့ပဲ သွားချင်တယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရချင်တာကိုး။ အန္တိမ ရည်ရွယ်ချက်ကတော့ ဒါပါပဲ။ ကျန်တဲ့ နည်းလမ်းတွေက ဦးစားပေးရမဲ့ အချိန်အခါ မဟုတ်တော့ဘူးလို့ ကျနော် ထင်တယ်။ အဲတော့ အပြင်မှာ လွတ်လွတ်လပ်လပ် ပြောလို့ရအောင်ဆိုပြီး ကျနော်တို့က အပြင်မှာ နေခဲ့တာကိုး။

မေး ။ ။ မြန်မာ့နိုင်ငံရေးက ဒီလောက်ကြာပြီး မဖြေရှင်းနိုင်တာ အတိုက်အခံနဲ့ တိုင်းရင်းသား အင်အားစု တွေကြားမှာပဲ တပ်ပေါင်းစု စိတ်ဓါတ်နဲ့ မသွားနိုင်တာကြောင့်လို ဆိုကြတယ်။ တပ်ပေါင်းစု နိုင်ငံရေးက ဘယ်လောက် အထောက်ကူပြုမယ်လို့ ထင်ထားသလဲ။
ဖြေ ။ ။ ကျနော်ထင်တယ် တပ်ပေါင်းစုကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း လုပ်တယ်၊ မအောင်မြင်ဘူး။ လူတွေပဲ မရင့်ကျက်လို့လား လိုအင်မဖြည့်ဆည်း နိုင်လို့လား မသိဘူး။ လက်နက်ကိုင် အချင်းချင်းတောင် မအောင်မြင်ကြဘူး။ ဒီမိုကရက်တစ်အင်အားစု အချင်းချင်းနဲ့ တိုင်းရင်းသား အင်အားစု အချင်းချင်း ပေါင်းစည်းရေး ဆိုတာကိုတော့ ကျနော်တို့က အမြဲရည်ရွယ် တယ် ။ ဒီအင် အား စုတွေကို တစ်စု တစ်တည်းထဲ ဖြစ်အောင် အလံတစ်ခုတည်းမှာ ရပ်ပြီး လုပ်နိုင်အောင် ဒီအလံအောက်ကနေ ပြောကြမယ်ဆိုတဲ့ သဘောထားက ရှိပြီးသားပါ။ အင်အားစု အားလုံး ပါဝင်လာတဲ့ တပ်ပေါင်းစုဖြစ်မှလည်း နိုင်ငံရေးအရ စကားပြောတဲ့ အခါမှာ ပိုပြီး ထိရောက် လာလိမ့်မယ်။

မေး ။ ။ ရွေးကောက်ပွဲ ယှဉ်ပြိုင်ကြမဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ ၉၀ ရွေးကောက်ပွဲနိုင်တဲ့ အန်အယ်လ်ဒီ ရှိမယ်။ SNLD ရှိမယ်။ ကျားဖြူလို ၂၀၁ဝ မှာ နိုင်ထားတဲ့ ပါတီအပြင် ပြည်ခိုင်ဖြိုးနဲ့ အခြားတိုင်းရင်းသားပါတီ လေးတွေလည်း ပြိုင်ကြမယ်။ SNLD အနေနဲ့ ရှမ်းအပြင် အခြား ရှမ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကချင်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ မန္တလေးတိုင်း နေရာအချို့မှာ ပါပြိုင်ဦးမယ် ။ SNLD ရဲ့ အဓိက ပြိုင်ဘက်က ဘယ်သူတွေ ဖြစ်မလဲ။
ဖြေ ။ ။ အဓိက ပြိုင်ဘက်က ပြိုင်မယ့် နယ်မြေအားလုံးမှာ ကျားဖြူပါတီ ဖြစ်လာပါလိမ့်မယ်။

မေး ။ ။ ဘယ်လို ရလာဒ်တွေလည်း မျှော်မှန်းထားပါသလဲ။
ဖြေ ။ ။ ကျနော်ကတော့ သိပ်အကောင်းကြီးတော့ ကိုယ့်ကိုကိုယ် အထင်မကြီးပါဘူး။ ဒါပေမဲ့ ကျနော် ထင်တယ်။ ကျနော်တို့ ထောင်က ထွက်လာပြီး ကြိုးစားခဲ့သမျှပေါ့ သုံးနှစ်လောက်ရှိမယ်။ မနားတမ်း ကြိုးစားခဲ့တယ်။ တရွာဝင် တရွာထွက် နိုင်ငံရေး မူဝါဒတွေ ဟောတယ်၊ ပြောတယ်။ ကျနော်တို့ရဲ့ ဝါဒတွေကို ရှမ်းလိုလည်း ပြောကြတယ်ဆိုတော့ လူထုထဲကို ထိထိမိမိ ဝင်သွားပြီ ထင်တယ်။ ကျနော့် အထင်တော့ အအောင်မြင်ကြီး မဟုတ်ရင်တောင် ကျနော်မရှုံးလောက်ဘူး ထင်တယ်။ ကျနော်ရင်းနှီး ခဲ့တဲ့ အချိန်တွေ ဘဝတွေကလည်း ရှိခဲ့ပြီကိုး။ မားမားမတ်မတ် ရပ်ခဲ့လို့လည်း ထောင်ထဲ နေခဲ့ဖူးပြီ လိမ်ညာခြင်းလည်း ခံခဲ့ရပြီးပြီ။ ဒီပေးဆပ်မှုတွေအပေါ် မူတည်ပြီးတော့ အနိုင်ရလိမ့်မယ်လို့ ကျနော် ထင်တယ်။ အနိုင်ကြီးလည်း မဟုတ်ဘူး။ နှာတဖျားလည်း ဖြစ်ရင်ဖြစ်မယ်။ ကံဆိုးရင်လည်း ရှုံးရင်လည်း ရှုံးမယ်။ ကျနော့်အနေနဲ့ကတော့ ရုန်းကန်ရင်းနှီးခဲ့တာတွေ မူတည်ပြီးတော့ နှာတဖျားသာ လိမ့်မယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ SNLD ပါတီအနေနဲ့ ကျန်ခဲ့တဲ့ ၂၅ နှစ်ကာလကို ပြန်ကြည့်မယ်ဆိုရင် အတိုက်အခံအဖြစ်နဲ့ပဲ ရပ်တည်တယ်။ အတိုက်အခံပါတီတွေ၊ အတိုက်ခံ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပဲ တွဲခဲ့တာ တွေရှိတယ်။ အခု ရွေးကောက်ပွဲပြီးရင်ကော အတိုက်အခံအဖြစ်နဲ့ ဆက်ရှိနေမှာလား။ အစိုးရအဖြစ် ရည်မှန်းထားပါသလား။
ဖြေ ။ ။ ကျနော့ အနေနဲ့ကတော့ အစိုးရဖွဲ့ရေးက နောက်မှပါ။ အခု လူထုကို ဒုက္ခပေးနေတာက ၂ဝဝ၈ အခြေခံ ဥပဒေပဲ၊ အထဲမှာ ကျနော်တို့ ရောက်သွားလည်း ၂ဝဝ၈ အခြေခံ ဥပဒေ မူဘောင်ထဲက ပြင်ဖို့ ကြိုးစားမယ်။ အာဏာရရေးထက် လူထုတွေ ခံစားနေရတဲ့ အခြေခံဥပဒေကြီးက သွားလို့ မဖြစ်တော့ဘူး။ အလုပ်လည်း မဖြစ်တော့ဘူးဆိုတာ အများလည်း သိနေပြီပဲ။ ဒီအခြေခံ ဥပဒေ ပြင်ရေးဆိုတဲ့ အန္တိမ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲ ဝင်တာပါ။ အာဏာရရေးက နောက်မှပါ။

မေး ။ ။ သျှမ်းပါတီတွေ ပေါင်းစည်းရေးနဲ့ ပတ်သက်လို့ကော ဘယ်လိုဆန္ဒရှိပါသလဲ။
ဖြေ ။ ။ ပါတီ ပေါင်းစည်းရေးနဲ့ပတ်သက်လို့တော့ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခင်း အကျင်းက ဘယ်လိုဖြစ်လာမလဲ မသိဘူး။ ကျနော်တို့ကတော့ ပေါင်းစည်းလို စိတ်အမြဲ ရှိပါတယ်။

မေး ။ ။ သျှမ်းလူထုကို ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ ကျနော်ကတော့ အထူးသဖြင့် သျှမ်းပြည်က လူထုကို ပြောချင်တာက ရွေးကောက်ပွဲ ရွေးတဲ့ နေရာမှာ ပါတီကို ကြည့်ပါ၊ လူကို ကြည့်ပါ။ ငွေကိုတော့ မကြည့်ပါနဲ့လို့။ ငွေကို ကြည့်မယ်ဆိုရင်တော့ ဘဝတွေက ဒီထက် ပိုဆိုးလာပါလိမ့်မယ်။ ငွေကို အကြောင်းပြပြီးတော့ ကျန်တော်တို့က ဘယ်တော့မှ စည်းရုံးမှာ မဟုတ်ဘူး။ ကျန်တော်တို့ ပါတီက ရည်ရွယ်ချက်ကတော့ အများဆန္ဒအတိုင်းပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေကို မထွက်ရဘူး မပြောင်းရဘူးဆိုတာ မပြောပါဘူး။ မူကို မကြိုက်ရင် အချိန်မရွေး ထွက်ပြောင်းချင်ပြောင်းပါ။ ကိုယ်စားလှယ်လောင်းတွေအဖြစ် လက်ခံထားရာမှာ တယောက်နဲ့တယောက်လေးစားတယ်။ ဂုဏ်သိက္ခာရှိတဲ့ လူတွေနဲ့ လုပ်နေတာ ကျန်တော်တို့ကိုလည်း အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ အခုလို ဖြေကြားပေးတဲ့အတွက် သျှမ်းသံတော်ဆင့်က အထူးပဲ ကျေးဇူးတင်ပါတယ်။

Most read this week

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...