စစ်ကောင်စီကြောင့် ကရင်နီနှင့် ကယန်းတွင် နေအိမ် ၇၂ လုံး ထိခိုက်ပျက်စီး

စစ်ကောင်စီကြောင့် ကရင်နီနှင့် ကယန်းတွင် နေအိမ် ၇၂ လုံး ထိခိုက်ပျက်စီး

ကရင်နီ (ကယား) ပြည်နယ်နှင့် ကယန်းဒေသများတွင် စစ်ကောင်စီကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဒေသခံပြည်သူပိုင်နေအိမ် ၇၂ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က မတ် ၁ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်များ အဆိုပါဒေသများသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်း၊ လေကြောင်းမှ မီးလောင်ဗုံးများ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ယခုလို ပြည်သူပိုင်နေအိမ်များ ထိခိုက်ပျက်စီးသွားသလို ပြည်သူ ၉ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယခုလို လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး၊ ဗညားခွန်အောင်က “စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ထွန်းလာတဲ့ လူမှုအခက်ခဲတွေ၊ အခွင့်ရေးပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေက ပြောမတတ်လောက်အောင် ဆိုးရွားတဲ့အခြေနေဖြစ်တယ်။ ဒီအပေါ်မှာ ကျနော်တို့အနေနဲ့ ဝမ်းနည်းမိတယ်။ နောက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာတွေ ရိုက်ချိုးခြင်းခံရတယ်။ အဲ့တော့ ကျနော်တို့က ဒီပုံစံအတိုင်း ဆက်သွားလို့ မရတာတော့ သေချာတယ်။ ချိုးဖောက်မှုလုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့သူတွေကို ခွင့်လွှတ်နိုင်မယ့်အခြေနေထက် ကျော်လွန်သွားတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ၂၀၂၅ ခုနှစ် အစပိုင်းမှစတင်ပြီး စစ်ဘေးရှောင်းစခန်းများနှင့် ပြည်သူများကို အဓိက ပစ်မှတ်ထားကာ မီးလောင်ဗုံးများကို အသုံးပြု၍ ပြည်သူ့နေအိမ်များကို ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်နေသောကြောင့် ပြည်သူများ ထိခိုက်သေဆုံးခြင်းနှင့် နေအိမ်ပျက်စီးမှုများသည် တစ်နှစ်ထက်တစ်နှစ် တိုးလာနေသည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှစ၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းအထိ ကရင်နီပြည်နယ်နှင့် ကယန်းဒေသထဲများတွင် စစ်ကောင်စီတပ်များကြောင့် ဒေသခံပြည်သူ ၅၀၀ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇၀၃ ဦး ကျဆုံးခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ၏ စာရင်းချုပ်၌ ဖော်ပြထားသည်။

လက်ရှိတွင်လည်း ရှမ်း- ကရင်နီ (ကယား) နယ်စပ် မိုးဗြဲဒေသတွင်လည်း နှစ်ဖက်ထိတွေ့မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ မိုးဗြဲအနီးတစ်ဝိုက်ရှိဒေသများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေသည်ဟု KNDF တာဝန်ရှိသူများက ပြောဆိုသည်။

April 11, 2025
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်း ရစ်ခ်တာစကေး ၆ နှင့်အထက် လှုပ်ခတ်ခဲ့ဖူးတဲ့ မြေငလျင်ကြီး ၁၈...
April 11, 2025
တနင်္သာရီတိုင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာ၊ ဒေသတဝိုက်တွင် စစ်ကောင်စီက...
April 9, 2025
စစ်ကောင်စီက ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့ထိ ယာယီ အပစ်ရပ်ထားမည်ဟု ပြောဆိုထားသော်လည်း ကော့ကရိတ်မြို့နယ်၊...
April 8, 2025
သံလွင်နဲ့ သောင်ရင်းမြစ်ဆုံရာ ကမ်းနံဘေး သဲသောင်ပြင်ပေါ် သဘာဝလရောင်အောက်မှာ ကလေးငယ် ၈ ဦးနဲ့...