ကုန်ဈေးနှုန်းများ မြှင့်တက်လာတာနှင့်အမျှ အခြေခံစားသောက်ကုန်များဖြစ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ စစ်ရှောင်နဲ့ ကျေးရွာဒေသခံများအတွက် ဝယ်စားရန် အခက်အခဲများရှိလာပြီး မဝယ်စားကြတော့တဲ့သူတွေလည်း ပိုများလာတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဆီကနေ သိရှိရပါတယ်။
မိသားစုအများစုမှာ ဝင်ငွေရှားပါးလာတာကြောင့် ဟင်းချက်ရာမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ မသုံးတော့ဘဲ အဓိကအမယ်ဖြစ်တဲ့ ဆား၊ ဟင်းချိုမှုန့်ကိုသာ ဝယ်ယူကြတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
“ကြက်သွန်ဖြူက ဈေးတက်သွားတာလည်းပါတယ်၊ ဒီအာဏာသိမ်းပြီးတဲ့နောက်မှာ ကျမတို့အတွက် အလုပ်ကိုင် ရှားပါးတာလည်း ပါတယ်၊ ကျမတို့မိသားစုဆိုရင် ကျောင်းတက်တဲ့သူများတဲ့အတွက် ပိုက်ဆံရှာရ အခက်အခဲ အများကြီးရှိတယ်၊ ဒီရွာက ဒေသခံတစ်ချို့ဆိုရင် ကြက်သွန်နီ ကြက်သွန်ဖြူ မဝယ်စားနိုင်ဘူးပေါ့နော်၊ ကြက်သွန်ဖြူထက် ဆား၊ ဟင်းချိုမှုန့်တို့ပါရင် အဆင်ပြေပြီပေါ့နော်” လို့ ရီခီးဘူး ကျေးရွာခံတစ်ဦးက ပြောပါတယ်။
စစ်ရှောင်များနည်းတူ ဒေသခံများလည်း ငွေကြေးခက်ခဲတာတွေကြောင့် ကုန်စိမ်း၊ ကုန်ခြောက်များကို မဝယ်စားနိုင်ကြတော့ပဲ တောင်ယာစိုက်ပျိုးချိန်က စိုက်ပျိူးခဲ့တဲ့ ဖရုံသီး၊ သခွားသီး၊ ငရုတ်သီး စတာတွေကို သိမ်းဆည်းထားကာ ဆား၊ ဟင်းချိုမှုန့်သုံးပြီး အိမ်အတွက် ဟင်းလျာတွေအဖြစ်သာ စားသုံးကြပါတယ်။
“အရင်က တလဆို ၂ ကြိမ် ၃ ကြိမ် ဝယ်စားနိုင်တယ်။ အခုချိန်မှာတော့ ကုန်ဈေးနှုန်းကြီးလာတော့ တလမှာ အနည်းဆုံး ၁ ကြိမ်ကိုတောင်မှ မနည်းကို ဝယ်စားနေရတယ်၊ ပိုက်ဆံဝင်ငွေလည်းမရှိတော့ ပိုတောင်ဆိုးလာတယ် အခုတောင်မှ တလတစ်ကြိမ်မပြောနဲ့ နှစ်လမှာတစ်ကြိမ်မှ စားချင်မှ စားရတယ်” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းဒေသမှာ စိုက်ပျိုးမြေမရှိတာ၊ မြေဆီလွှာမကောင်းတာ၊ မြေသြဇာမဝယ်နိုင်တာ၊ ရေရှားပါးတာတွေကြောင့် အခြားဒေသများနည်းတူ ကုန်ကျစရိတ် သက်သာစေမဲ့ ဆောင်းတွင်း စိုက်ပျိုးကြသော မုန်ညင်း၊ ဆလပ်ရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စတာတွေကို စိုက်ပျိုးနိုင်သူ အလွန်နည်းပါးပါတယ်။
“စိုက်ပြန်တော့လည်း ဒီချိန်ဆိုတော့လည်း ထွက်တယ်၊ ဒါပေမဲ့ တအားအေးတော့ အပင်သိပ်မဖြစ်ဘူး သိပ်မအောင်မြင်ဘူး။ နောက်ပြီး ရေကလည်း နွေရာသီရောက်တော့မယ်ဆို ရေကလည်း ရှားလာတယ်လေ။ စိုက်ပြန်တော့လည်း ရေကလည်းမရှိတော့ ဘာနဲ့လောင်းရမှာလဲ ခက်ခဲတယ်” လို့ စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။
ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ကုန်စိမ်း၊ ကုန်ခြောက်များကို ဒီမော့ဆိုမြို့နယ် (နောက်) ဖက်မှာသာ အဓိက သွားဝယ်ယူရပြီး လမ်းခရီးဝေးတာ၊ စက်သုံးဆီဈေးတက်တာ စတာတွေကြောင့် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ကုန်ဈေးနှုန်းမှာ အနည်းငယ်ကွာခြားမှုရှိပြီး ကြက်သွန်ဖြူ ၁ပိဿာကို ၂၀,၀၀၀ ကျပ်၊ ကြက်သွန်နီ ၁ ပိဿာ ၇,၀၀၀ ကျပ်၊ စားဆီ ၁ ပိဿာ ၂၁,၀၀၀ ကျပ်အထိ ရှိပါတယ်။
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို လိုအပ်တဲ့ ပမာဏလောက်သာ စားသုံးပါက ခန္ဓာကိုယ်ရှိ အဆိပ်အတောက်တွေကို သန့်စင်ပေးပြီး အရိုးဆစ်များ သန်မာစေကာ အအေးမိဝေဒနာကို ကာကွယ်ပေးတယ်လို့လည်း ကျန်းမာရေးဆရာမတစ်ဦးက ဆိုပါတယ်။
“ကြက်သွန်နီနဲ့ ကြက်သွန်ဖြူက အာဟာရဓာတ်တွေ တူညီတယ်ပေါ့နော်၊ အစာခြေစနစ်ကို ကောင်းမွန်တာတွေရယ် ကိုလက်စထရောကို ကျဆင်းစေတာတွေရယ်ပေါ့နော်၊ ကြက်သွန်ဖြူကျတော့ အဆိပ်တောက်တွေ သန့်စင်ပေးတာတွေ အရိုးအဆစ်ကို ခိုင်မာစေတာ မျက်စိအားကောင်းစေတာတွေ အအေးမိဝေဒနာတွေကို ကာကွယ်ပေးတယ်။ အဲ့လိုမျိုးတွေ ပါဝင်တာကြောင့် အာဟာရချို့တဲ့တာမဟုတ်ပဲ သူ့မှာရှိသင့်တဲ့ဓာတ်နဲ့ အာဟာရဓာတ်က ရောဂါကာကွယ်တဲ့နေရာမှာ အသုံးပြုတယ်” လို့ ကျန်းမာရေးဆရာမက ပြောပါတယ်။
ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ရှောင်နဲ့ ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ရွေ့ပြောင်းတောင်ယာကိုသာ လုပ်ကိုင်ကြပြီး ပြီးခဲ့တဲ့နှစ်တွေမှာ မိုးများတာကြောင့် စပါးများ ပိုးကျပျက်စီးပြီး အထွက်နှုန်းနည်းတဲ့အတွက် ယခုနှစ် စားနပ်ရိက္ခာအတွက် စိုးရိမ်နေကြပါတယ်။