ရခိုင်တွင် မွေးကင်းစမှ တစ်နှစ်ကျော်အရွယ်ကလေးများ ကာကွယ်ဆေးမထိုးရ၍ ကျန်းမာရေးချို့တဲ့လာနေသည်ဟု ကလေးမိခင်များက ပြောသည်။
ကလေးများကို ကာကွယ်ဆေးထိုးပေးသင့်သည်မှာ ကလေးမွေးဖွားစဉ်က ကိုယ်ခံအားနည်းပြီး လုံလောက်မှုမရှိသောကြောင့်ဖြစ်ကြောင်း၊ ကလေးများအား ကာကွယ်ဆေးမထိုးရ၍ ၎င်းတို့သည် ဖျားနာသည့်အချိန်တွင်လည်း အကြောဆွဲတတ်သူများရှိသလို ဝမ်းရောဂါဖြစ်ပွားသူများလည်းရှိနေကြောင်း မြောက်ဦးမြို့မှ ကလေးမိခင်တစ်ဦးက ပြောသည်။
"ကာကွယ်ဆေးတစ်လုံးမှ မထိုးရသေးဘူး။ ကလေးကျန်းမာရေးမကောင်းလို့ ၈ လသားအရွယ်က ဆေးရုံ နှစ်ခါဝင်ထားရပြီ။ ဟိုပြေးဒီပြေးဆိုတော့ အပူအောင်းတာတွေလည်း ပါမယ်။ ဖျားရင်အကြောဆွဲပြီး တက်လာတယ်။ ကာကွယ်ဆေးမထိုးရတာနဲ့ ဆိုင်မှာပေါ့။ တချို့တွေဆို ဝမ်းရောဂါဖြစ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူဘူး" ဟု ပြောသည်။
အဆိုပါကလေးမှာ လက်ရှိ အသက် တစ်နှစ်နှင့်နှစ်လအရွယ်အထိ မည်သည့်ကာကွယ်ဆေးမှ မထိုးရသေးသည့်အတွက် မိခင်တစ်ဦးအနေဖြင့် စိုးရိမ်နေရကြောင်းလည်း ပြောသည်။
ကလေးသည်မိခင်ထံမှ တစ်စိတ်တစ်ပိုင်း ကိုယ်ခံအားရရှိသော်လည်း အဆိုပါ ကိုယ်ခံအားသည် အချိန်တိုအတွင်းသာတည်တံ့ပြီး အထူးသဖြင့် ကလေးမွေးဖွားစဉ် သာမန်ကလေးထက် ကိုယ်ခံအားနည်းပါးပါက ကာကွယ်ဆေးထိုးရန် အလွန်အရေးကြီးသည်ဟု သိရသည်။
အလားတူ ရမ်းဗြဲမြို့နယ်တွင်လည်း ကာကွယ်ဆေး အပြည့်အစုံမထိုးရသည့် ကလေးများရှိနေပြီး ၎င်းမြို့တွင် စစ်ဖြစ်ပွားပြီးနောက်ပိုင်း ကာကွယ်ဆေးများ ထိုးပေးခြင်းမရှိသေးကြောင်း ကလေးမိခင်တစ်ဦးက ပြောသည်။
"ကိုယ့်သားသမီးတော့ ကာကွယ်ဆေး အပြည့်အစုံထိုးချင်တာပေါ့။ ဒါပေမဲ့ ထိုးလို့ရမဲ့နေရာမရှိဘူး။ ကလေးကို ကာကွယ်ဆေးမထိုးလိုက်ရတော့ ခန္ဓာကိုယ်မှာ အဖုအထစ်လေးတွေပေါ်ရင်ပဲဖြစ်ဖြစ်၊ နေမကောင်းရင်ပဲဖြစ်ဖြစ် ကာကွယ်ဆေးမထိုးလိုက်ရလို့လား မသိပါဘူးလို့ သံသယဖြစ်မိတာပေါ့" ဟု ပြောသည်။
ကလေးများကို မွေးကင်းစဆိုလျှင် တီဘီရောဂါနှင့် အသည်းရောင် B1၊ နှစ်လအရွယ်ဆိုလျှင် အသည်းရောင် B2၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး - မေးခိုင်၊ တင်ပါး၊ ပိုလီယိုနှင့် ရိုတာ၊ လေးလမှ ခြောက်လအထိဆိုလျှင် ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ တင်ပါး၊ ပိုလီယိုနှင့် ရိုတာ၊ ကိုးလမှ ၁၂ လအထိဆိုလျှင် ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျာမန် ဝက်သက်၊ JE ဦးနှောက်ရောင်ရောဂါ (၁)၊ တုတ်ကွေးနှစ်ကြိမ် (ပထမတစ်ကြိမ်နှင့် တစ်လခြားတစ်ကြိမ်) ထိုးပေးရမည်ဟု သိရသည်။
၁၈ လဆိုလျှင် ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျာမန်ဝက်သက်၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး - မေးခိုင် (၁)၊ ပိုလီယိုကို လှုံ့ဆော်ပေးခြင်း (၁)၊ နှစ်နှစ်နှင့် ခြောက်လဆိုလျှင် JE ဦးနှောက်ရောင်ရောဂါ (၂)၊ လေးနှစ်မှ ခြောက်နှစ်အထိဆိုလျှင် ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး - မေးခိုင် (၂)၊ ပိုလီယိုကို လှုံ့ဆော်ပေးခြင်း (၂)၊ ကိုးနှစ်မှ ၁၂နှစ်အရွယ် မိန်းကလေးများဆိုလျှင် HPV (သားအိမ်ခေါင်းကင်ဆာ) နှစ်ကြိမ် (ခြောက်လမှ ၁၂ လခြားတို့တွင်) ထိုးပေးရမည်ဟု သိရသည်။
ရခိုင်တွင် ထိုသို့ ကာကွယ်ဆေးမထိုးရသည့်ကလေးများ အများအပြားရှိနေကြပြီး ကျန်းမာရေးချူချာသည့် ကလေးများရှိလာနေသလို ဆေးဝါးမလုံလောက်ခြင်းနှင့် လိုအပ်သည့် ဆေးကုသမှုများ မရရှိကြသည့်အတွက် အသက်ဆုံးရှုံးသည့်ကလေးများလည်း ရှိနေကြသည်။
ကလေးများကို ကာကွယ်ဆေးထိုးရန် အခြားသော အကြောင်းရင်းများမှာ ကလေးများအတွက် ရေရှည်တွင် ကိုယ်ခံအား အားကောင်းစေခြင်း၊ ရောဂါများ ဖြစ်ပွားနိုင်ခြေကို ကာကွယ်ပေးခြင်း သို့မဟုတ် ရောဂါပိုးကူးစက်ခံရပါက ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုများကို လျော့နည်းစေခြင်းနှင့် ကလေးဘဝ အချို့သော မသန်စွမ်းမှုများ (ဥပမာ- ကာလဝမ်းရောဂါ) ကို ကာကွယ်ပေးခြင်းတို့ဖြစ်သည်ဟု သိရသည်။
ထို့အတွက်ကြောင့် ရခိုင်တွင် ကလေးများ ကာကွယ်ဆေး အပြည့်အဝထိုးနှံခွင့်ရရှိအောင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်က UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ချိတ်ဆက်ကာ အတတ်နိုင်ဆုံး စီမံဆောင်ရွက်ပေးစေလိုသည်ဟုလည်း ကလေးမိခင်များက ပြောဆိုသည်။