မိုးမောက်နဲ့ မံစီကို လေကြောင်းအပြင် မြေပြင် စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲပြန်လည်ပြင်းထန်နေ

မိုးမောက်နဲ့ မံစီကို လေကြောင်းအပြင် မြေပြင် စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲပြန်လည်ပြင်းထန်နေ

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပြင် မြေပြင်ကနေ စစ်အင်အား ၄၀၀ ဝန်းကျင်ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဗန်းမော်ဘက်ကနေ စစ်အင်အား ၄၀၀ လောက်ထိုးစစ်ဆင်တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ မိုးမောက်မရောက်မှီ ၆ မိုင်နဲ့ ၇ မိုင်လောက်မှာ ဒီကနေ့ ဩဂုတ်လ ၂၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။

“မိုးမောက်အခြေအနေက တပ်ရင်း ၇ ခုလောက်ပေါင်းပြီး စစ်အင်အား ၄၀၀ နဲ့ ၅၀၀ လောက်ရှိတဲ့ စစ်ကြောင်းက မိုးမောက်ဘက်ကို ထိုးစစ်ဆင်နေတယ်။ မိုးမောက်မရောက်ခင် ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ တိုက်ပွဲဖြစ်နေတယ်။ KIA ဘက်ကလည်း ကျော်တက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတယ်”လို့ပြောပါတယ်။

စစ်အင်အား ၄၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့နောက်ပိုင်း ဗန်းမောက်ဘက်ကနေ ၂ မိုင်၊ ၃ မိုင် တဆင့်ပြီး တဆင့် ထိုးစစ်တက်လာတဲ့ စစ်ကြောင်းတွေဖြစ်ပြီးတော့ အဲဒီစစ်ကြောင်းတွေက ဩဂုတ်လ ၂၇ ရက်နေ့အထိ မိုးမောက် ၆ မိုင်နေရာမှာ ထိုးတက်နိုင်ခဲ့တယ်လို့သိရပါတယ်။

အဲဒီစစ်ကြောင်းတွေ ဒီကနေ့ ၂၈ ရက်နေ့မှာ ၆ မိုင်ကနေ ၇ မိုင်ဘက်ကို တန်ပြန်ထိုးတက်လာတာကြောင့် ၇ မိုင်ကြားမှာ ဒီကနေ့ ၁၂ နာရီဝန်းကျင်အထိ နှစ်ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ KIA ဘက်က ကြားဖြတ်တိုက်ခိုက်လို့မရအောင် လေကြောင်းအကူနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

ဒါကြောင့် ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်ပွဲဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီဘက်ကို စစ်လေယာဉ် ၃ ကြိမ်အထက် လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဆက်သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မိုးမောက်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို လက်လွတ်လိုက်ရတဲ့နောက် ဩဂုတ်လ ၂၄ ရက်နေ့ကစတင်ပြီး မိုးမောက်နဲ့ မံစီ လမ်းကြောင်းဘက်ကို စစ်ကြောင်း ၃ ခုလောက်ခွဲပြီး စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်လာတာကြောင့် ၂ နေရာမှာ တိုက်ပွဲပြင်းထန်နေတာ ၅ ရက်လောက်ကြာမြင့်လာပြီဲဖြစ်ပါတယ်။

အလားတူ မံစီဘက်မှာလည်း ဗန်းမော်ဘက်က တပြိုင်နက် စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ ကောင့်ဂျာယန်ကျေးရွာမရောက်မှီ လမ်းခုလပ်တစ်ကြောမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ လက်လွတ်လိုက်ရတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနဲ့ မံစီမြို့နယ်ထဲမှာကျန်ရှိနေသေးတဲ့ ခမရ ၆၀၁ တပ်၊ ခမရ ၃၁၉ တပ်စခန်းတွေကို လက်မလွတ်ရေးအတွက် အခုလို တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။

September 13, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ...
September 12, 2024
ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်...
September 11, 2024
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း  အရပ်သားပြည်သူတစ်ချို့...