ထိုင်းတွင် ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် အထောက်အထားမဲ့များဖမ်းဆီးမှု မြန်မာ ၁၆၀,၀၀၀ နီးပါးဖမ်းဆီးခံရ

ထိုင်းတွင် ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် အထောက်အထားမဲ့များဖမ်းဆီးမှု မြန်မာ ၁၆၀,၀၀၀ နီးပါးဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း အလုပ်သမားဝန်ကြီးဌာန၏ ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် အထောက်အထားမဲ့ နေထိုင်နေသူများအားလိုက်လံဖမ်းဆီးနေရာ ဇွန်လ ၅ ရက်နေ့မှ ဩဂုတ်လ ၂၂ ရက်နေ့အထိ ၇၈ ရက်အတွင်း အထောက်အထားမဲ့ မြန်မာလူမျိုး ၁၅၅,၆၆၉ ဦးဖမ်းဆီးခံရသည်ဟု ဒေသတွင်းသတင်းဌာနဖြစ်သည့် The Nation Thailand မှ ဖော်ပြသည်။

အဆိုပါ စီမံချက်အတွင်း ဖမ်းဆီးခံရသူ စုစုပေါင်းမှာ ၂၀၈,၀၃၅ ဦးရှိပြီး ထို့အနက် မြန်မာ ၁၅၅,၆၆၉ ဦး၊ ကမ္ဘောဒီးယားလူမျိုး ၃၂,၈၁၀ ဦး၊ လာအိုလူမျိုး ၁၂,၉၂၀ ဦး၊ ဗီယက်နမ်လူမျိုး ၁၄၁ ဦးနှင့် အခြားလူမျိုးများ ၆,၄၉၅ ဦးတို့ဖမ်းဆီးခံရခြင်းဟုဖော်ပြသည်။ ထို့အနက် မြန်မာ ၉၁၄ ဦးအပါအဝင် ဖမ်းဆီးခံရသူ ၁,၄၃၈ ဦးမှာ တရားဥပဒေအရ အရေးယူထားပြီးဖြစ်သည်ဟု ဆိုသည်။

“ဖမ်းပြီးတဲ့အခါကျ ဖမ်းဆီးထားသူတွေကို မြန်မာနိုင်ငံကို နယ်နှင်မယ်။ အဲ့ဒီအခါကျရင် စစ်သားစုဆောင်းရေးဇာတ်လမ်းတွေ ၊ စစ်မှုထမ်းဇာတ်လမ်းတွေ ထပ်ခါထပ်ခါပေါ်လာမှာပဲ” ဟု မြန်မာပြည်လုပ်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက မှတ်ချက်ပြုပြောသည်။

ထိုင်းအစိုးရအနေဖြင့် ဖမ်းဆီးရရှိထားသည့်အထောက်အထားမဲ့မြန်မာများအား နိုင်ငံချင်းပြန်လည်လွှဲပြောင်းသည့်အခါ စစ်ကောင်စီထံ လွှဲပြောင်းလျှင် စစ်မှုထမ်းအဖြစ်အင်အားစုဆောင်းခံရမည့် အန္တရာယ်ရှိနိုင်ကြောင်း ဦးမိုးကြိုးကပြောသည်။

“တသိန်းခွဲလောက်ဆိုတာမှာ ထိုင်းတနိုင်ငံမှာဖမ်းပြီးရင် အချုပ်တွေအားလုံးကနေ IDC မှာပဲလာပြီးစုရမှာလေ။ IDC ကိုလွန်ခဲ့တဲ့ တရက်၊ နှစ်ရက်က သွားတာမှာတော့ လူက အဲ့ဒီလောက်အထိအများကြီးမတွေ့ရဘူး။ ပေါ်လစီအရပြောပြီးတော့မှ နောက်ထပ်လူတွေ တက်မလာအောင်လုပ်တဲ့သဘောပါပဲ” ဟု ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများအရေးကူညီဆောင်ရွက်ပေးနေသည့် AAC အဖွဲ့မှ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့နေထိုင်သူများကို စီမံချက်နှင့်ဖမ်းဆီးနေခြင်းနှင့်အတူ ဖမ်းဆီးခံရသူများအနက် မြန်မာအများအပြားပါဝင်နေသော်လည်း အရေအတွက်မှာမူ သိန်းဂဏန်းကျော်မရှိနိုင်ကြောင်း ၎င်း၏ ယူဆချက်ကို ပြောသည်။

ဖမ်းဆီးခံရသူများသည် အထောက်အထားမဲ့ဖြစ်စေ၊ အလုပ်လုပ်ခွင့်ခွင့်ပြုချက် (work permit) မရှိဘဲ တရားမဝင်အလုပ်လုပ်ကိုင်နေလျှင်ဖြစ်စေ၊ ထိုင်းလူမျိုးများသာလုပ်ကိုင်ခွင့်ရသည့် လုပ်ငန်းအမျိုးအစားများကို လုပ်ကိုင်နေလျှင်ဖြစ်စေ ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ကြားပေးဆောင်ရမည်ဖြစ်ပြီး၊ နေရပ်ပြန်ပို့ကာ ပြည်ဝင်ခွင့် နှစ်နှစ်ပိတ်ပင်ခံရမည်ဖြစ်သည်။ ထိုကာလကျော်လွန်ပြီးနောက် ထပ်မံ အလားတူပြစ်မှုကျူးလွန်ပါက အမြင့်ဆုံး ထောင်ဒဏ် တနှစ်၊ ဒဏ်ငွေ ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ နှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့်ကို သုံးနှစ် ဆိုင်းငံ့ခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့်ထိစပ်လျက်ရှိသည့် အနီးဆုံးဖွံ့ဖြိုးနိုင်ငံဖြစ်သည့်အတွက် စစ်မှုထမ်းရှောင်လိုကြသူများသည် ထိုင်းနိုင်ငံကိုသာ ရွေးခြယ်ထွက်ခွာမှုများကြကြောင်း ဘန်ကောက်ရောက် စစ်မှုထမ်းရှောင်လူငယ်တဦးကပြောသည်။

” PJ နဲ့ဆိုလည်း စစ်ကောင်စီက နိုင်ငံထဲကပေးမထွက်တော့ PV နဲ့ထွက်ကြရတယ်။ PV နဲ့နေဖို့ ဗီဇာကြေးတွေက ဘတ်သောင်းဂဏန်းတွေဆိုတော့ အလုပ်သမားကတ် ပန်းရောင်ကတ်လုပ်ပေးမယ့် အချိန်ကိုစောင့်ရင်း သက်တမ်းကျော် နေ နေရသူတွေလည်းရှိတယ်။ ကိုယ့်နိုင်ငံကိုယ်ပြန်ရရင် အသက်သေမှာစိုးလို့ သူများနိုင်ငံမှာ ဒုက္ခမျိုးစုံကို ခါးစည်းခံပြီးနေနေကြရတာပါ။ ဘယ်သူမှအထောက်အထားမဲ့ မဖြစ်ချင်ပါဘူး” ဟု ဘန်ကောက်ရောက် စစ်မှုထမ်းရှောင်လူငယ်တဦးကပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်ကာ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့သည်။

ထို့နောက် စစ်သင်တန်းအပတ်စဉ်များကို လစဉ်ခေါ်ယူနေသည့်အတွက် မြန်မာနိုင်ငံသားများမှာ ပြည်ပနိုင်ငံများထံ ထွက်ပြေးကြသူများလည်းရှိသကဲ့သို့ ကာကွယ်ရေးတပ်ဖွဲ့များထံ ခိုလှုံကြရသူများလည်းရှိသည်။

Most read this week

September 9, 2024
ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် (Peace-talk Crea tion Group – PCG) အဖွဲ့ ၏...
September 6, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မြို့အဝင် ကျန်ဂပ်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာလ ၆ ရက်)...
September 2, 2024
သံဖြူဇရပ်- ဘုရားသုံးဆူ ကားလမ်းဘေးရှိ စစ်ကောင်စီ၏ အနန်းကွင်း ဗျူဟာစခန်းအနီး...
August 30, 2024
နောင်ချိုမြို့နယ်၏ အရှေ့တောင်ဘက်ရှိ တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်စခန်းများဖြစ်သော အမတ (...