ရှမ်းမြောက်၌ ဆေးဝါးပြတ်လပ်

ရှမ်းမြောက်၌ ဆေးဝါးပြတ်လပ်

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အများစု၌ ဆေးဝါးပြတ်လပ်မှု ကြုံတွေ့နေရပြီး ကျန်းမာရေးပြဿနာ‌ဖြေရှင်းရေး အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

“ဆေးဝါးတွေက သယ်မရတာ။ အစက ရှမ်းတောင်ဘက်ကဝင်ပေမယ့် အဲ့ဒီလမ်းပိုင်းကိုလည်း စစ်တပ်က နိုဝင်ဘာလအစပိုင်းကတည်းက ပိတ်လိုက်တယ်။ အဲ့ဒီနောက်ပိုင်း ဆေးအဝင်မရှိတော့တာ” ဟု ကွတ်ခိုင်မြို့မှ ဒေသခံတဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့နယ်အများစုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေး လည်ပတ်လျက်ရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ကုန်စည်စီးဆင်းမှုကို တရုတ်အစိုးရနှင့် စစ်ကောင်စီက အောက်တိုဘာလဆန်းပိုင်းမှစတင်၍ တင်းကျပ်စွာ ပိတ်ပင်ခဲ့သည်။

ဆေးဝါးပြတ်လပ်နေမှုအပြင် ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်လျက်ရှိသောကြောင့် ကုန်စျေးနှုန်းကြီးမြင့်ခြင်းနှင့် စားဝတ်နေရေးခက်ခဲမှုကို ဒေသခံများ ရင်ဆိုင်နေကြရသည်။

နမ့်ခမ်းမြို့ကတဦးက ”ဆေးဝါးကို တရုတ်ဘက်ကို သွားဝယ်လို့ရပေမယ့် မှောင်ခိုလိုသယ်မှရတော့ မသယ်ရဲဘူး။ မိရင် မလွယ်ဘူး” ဟု ပြောသည်။

TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဆေးဝါးပြတ်လပ်မှုပြဿနာသည် ဒေသခံများအတွက် အလွန်ကြီးမားနေသည်ဟု ပြောသည်။

ဒေသခံများ ရင်ဆိုင်နေရသည့် အကြပ်အတည်းကို ဖြေရှင်းနိုင်ရန် တရုတ်အစိုးရ၏ လိုလားချက်အရ စစ်ကောင်စီနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်းဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်က စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့သော်လည်း ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ဆွေးနွေးမှုမရှိသေးဟု ဆိုသည်။

ထို့အပြင် တရုတ်အစိုးရသည် ရှမ်းပြည်နယ်မြောက်ပိုင်းကို ကုန်စည်ဖြတ်တောက်ရေး ဆက်လက်ပြုလုပ်နေဆဲဟု ၎င်းကပြောသည်။

“တရုတ်အစိုးရက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဖိအားပေးနေတာရှိပါတယ်။ နဂိုကတည်းက လုပ်နေတဲ့ ဖြတ်လေးဖြတ်ကလည်း ဆက်ရှိနေပါတယ်။ ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်နေတဲ့အနေအထားဖြစ်လို့ ကုန်စျေးနှုန်းလည်း အဆမတန်မြင့်မားလာတယ်” ဟု ဆိုသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၁) နှင့် အပိုင်း (၂) အတွင်း၌ ရှမ်းပြည်နယ်မြောက်ပိုင်းမှ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါမြို့တို့ကို သိမ်းပိုက်ထားပြီး မြို့နယ်အများအပြားတွင် ဆေးဝါးပြတ်လပ်မှုပြဿနာ ရင်ဆိုင်နေရခြင်းဟု ဒေသခံများကပြောသည်။

ထို့အပြင် MNDAA ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင်လည်း ဆေးဝါးရရှိနိုင်ရေး အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

သိန္နီမြို့မြို့မှဒေသခံတဦးက ”အကိုက်အခဲပျောက်ဆေးလောက်တောင် ရှားရှားပါးပါးဖြစ်နေတယ်။ မဖြစ်မနေ စွဲသောက်ရမယ့် ဆေးတွေဆိုရင် ဝယ်လို့မရတာကြာပြီ။ ဒီအခြေအနေတွေကို ခက်ခက်ခဲခဲရင်ဆိုင်နေရတယ်” ဟု ပြောသည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း စသည့်မြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့တွင်လည်း ဆေးဝါးပြတ်လပ်မှု ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံများ၏ ကျန်းမာရေးပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် နယ်စပ်ဂိတ်များမှတဆင့် ဆေးဝါးတင်သွင်းမှုကို တရုတ်အစိုးရအနေဖြင့် ခွင့်ပြုပေးရန် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံများက တောင်းဆိုသည်။

Most read this week

December 18, 2025
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌ စစ်ကော်မရှင်တပ်က ငါးရက်အတွင်း ဗုံးနှစ်ကြိမ်ကြဲ ချခဲ့ရာ...
December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...