စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ ငပလီကမ်းခြေရှိ ဟိုတယ်အချို့ မီးလောင်

စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ ငပလီကမ်းခြေရှိ ဟိုတယ်အချို့ မီးလောင်

ရခိုင်ပြည် သံတွဲမြို့ ငပလီကမ်းခြေရှိ လင်းသာနှင့် မြပြင်ကျေးရွာများမှ ဟိုတယ်အချို့ ကို စစ်ကောင်စီက ရေပြင်နှင့် မြေပြင်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ မီးလောင်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

ငပလီကမ်းခြေ၊ လင်းသာဟိုတယ်ဇုန်နှင့် မြပြင်ရှိ ဟိုတယ်အချို့ လက်နက်ကြီး ထိမှန်ကာ ဇူလိုင် ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ မီးလောင်နေသသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အခုဖြစ်နေတာက လင်းသာနဲ့ မြပြင်ကို စစ်ကောင်စီ ဖြတ်လို့မရတော့ သူတို့ တပ်တွေဆုတ်လို့ မရဘူး။ အဲဒီအနီး ဝန်းကျင်က တောင်တန်းတွေဘက်မှာ စစ်သားတွေ  ရိက္ခာပြတ်နေပြီ။ ဂျိတ္တောကို စစ်တပ်က နောက်ဆုံးခံစစ်ပြင်ထားတော့ အေအေက တဖြည်းဖြည်းထိုးစစ်ဆင်လာတာ။ အဲ့မှာ လင်းသာနဲ့ မြပြင်က ဟိုတယ်တွေ စစ်ကောင်စီက ပစ်တာ။ အဲ့အနားက Bayview၊ လင်းသာဦး၊ မီမံတို၊ လဂွန်း၊ ဘီတီဘေး၊ အဲဒီ ဟိုတယ်တွေဘက်ပစ်နေတာ၊ အပျက်အစီးမသိရသေး။  မီးလောင်နေတာတော့ သိတယ်” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

မြပြင်နှင့် လင်းသာ အစပ်ရှိ အများပြည်သူ အပန်းဖြေ ဧရိယာအနီးကိုလည်း စစ်ကောင်စီက ပစ်ခတ်မှုများရှိခဲ့သည်ဟုလည်း ပြောဆိုသည်။

လင်းသာဟိုတယ်ဇုန်နှင့် မြပြင်ကျေးရွာလမ်းတစ်လျှောက်ရှိ Bayview Hotel, Lin Thar Oo Lodge, Memento Resort ၊ Lagoon Lodge, BT Bay, The Lodge Blus Ocean ဟိုတယ် များရှိရာ ကမ်းခြေ တစ်ဝိုက်တွင်ဇူလိုင်လ ၁၄ရက် မွန်းလွဲပိုင်းမှ ဇူလိုင်လ ၁၅ ရက်နံနက် ပိုင်းအထိ မီးခိုးများထွက် နေကြောင်း နောက်ထပ် ဒေသခံ တစ်ဦးက ပြောသည်။

“ အခုဖုန်းလိုင်းတွေလည်း ဖြတ်ထားတယ်။ သံတွဲမြို့ကိုလည်း ဆက်သွယ်မရတော့ဘူး။ ကွင်းဝိုင်းဖက်က တက်လာတဲ့ ဘုတ်ပြားဆိုတဲ့ နေဗီက ပစ်နေတာ။ နောက်ဂျိတ္တောဖောင်ဆိပ် ကနေ လင်းသာ ကမ်းခြေအထိ လာပြီးတောပစ်နေတာ။ လက်နက်ကြီး ဟိုတယ်တွေမှာ အေအေရှိတယ်လို့  သတင်းရလို့ပစ်တာ။ လင်းသာဘုန်းကြီးကျောင်းလည်း ဟိုနေ့က ဗုံးထိသွားပြီ” ဟုဒေသခံတစ်ဦး မှပြောသည်။

ငပလီကမ်းခြေ လင်းသာရွာရှိ  မင်္ဂလသုခကျောင်းတိုက်အားစစ်ကောင်စီမှဗုံးကြဲခဲ့ရာ ဇူလိုင် ၁၂ ရက်နေ့က ပေါင်၅၀၀ရာဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲ၍ကျောင်းဆောင် များဆိုးရွား စွာပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ငပလီကမ်းခြေ၏ တောင်ဘက်အစွန်းရှိ မြပြင်ရပ်ကွက်၊ မြို့ရှောင်လမ်းအပိုင်းတွင် အာရက္ခတပ်တော် (အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ  လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း ဗုံးကြဲခြင်း တို့ကို အဆက်မပြတ် ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

သံတွဲမြို့တွင်းသို့ စစ်ကောင်စီ ရေတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သော ကြောင့် ဇူလိုင်လ ၁၃ရက်နေ့တွင် ဒေသခံအမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည် သံတွဲမြို့နယ်နှင့် ငပလီမြို့က ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် စစ်ရှောင် ၂,၀၀၀ ကျော် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တွင် စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...