WFP ဂိုဒေါင် ဖောက်ထွင်းပြီး ဆန်အိတ် ၂၀၀၀ ကိုယူဆောင်ခဲ့ကြောင်း စစ်ကောင်စီဝန်ခံ

WFP ဂိုဒေါင် ဖောက်ထွင်းပြီး ဆန်အိတ် ၂၀၀၀ ကိုယူဆောင်ခဲ့ကြောင်း စစ်ကောင်စီဝန်ခံ

မောင်တောမြို့တွင် ရှိသည့်  WFP ( ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) ဂိုဒေါင်ကို ခွင့်ပြုချက်မရှိဘဲ ဖောက်ထွင်းပြီး ဆန်အိတ် (၂၀၀၀) ကို ယူဆောင်ခဲ့ကြောင်း  စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံလိုက်သည်။

“ လုံခြုံရေးတပ်ဖွဲ့ တွေအနေနဲ့ ဇွန်လ ၂၂ ရက်နေ့မှာ မောင်တောမှာရှိတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ ဆန်အိတ်တွေဖြစ်တဲ့အတွက်ကြောင့် ရပ်ကွက် ၁၊ ၂ ၊ ၃ ၊ ၄ ၊ ကညင်တန်းရပ်ကွက်၊ မောင်နီရပ်ကွက် အဲဒီရပ်ကွက်တွေမှာရှိတဲ့ အိမ်ထောင်စု ၂၀၀၀ ကျော်ကို အိမ်ထောင်စုတစ်စုကို တစ်အိတ်စီနဲ့ ဆန်အိတ်များကို ဖြန့်ဝေပေးခဲ့ကြောင်း တွေ့ရှိရပါတယ်”ဟု ၎င်းက ပြောကြားသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ထုတ်ဝေသည့် စစ်ကောင်စီပိုင် သတင်းစာများမှ တဆင့် ဗိုလ်ချုပ် ဇော်မင်းထွန်းက ကမ္ဘာကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း တစ်ခုဖြစ်သော WFP ( ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်) ဂိုဒေါင်ကို ဖောက်ထွင်းခဲ့ကြောင်းကို တရားဝင် ဝန်ခံခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်က ဆန်အိန် ၂၀၀၀ ကို ဖောက်ထွင်းယူဆောင်ခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရှိ WFP သို့ အကြောင်းကြားခွင့်ပြုချက် တောင်းခံခဲ့သလားဆိုသည်ကိုမူ  ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခြင်း တစ်စုံတစ်ရာမရှိပေ။

စစ်ကောင်စီသည် ၎င်းဆန်အိတ်များကို မောင်တောမြို့ရှိ မွတ်ဆလင် ဒေသခံများအား ဇွန်လ ၂၂ ရက်နေ့ ဖြန့်ဝေပေးခဲ့ပြီး စစ်ကောင်စီကို ထောက်ခံကြရန် စည်းရုံးမှု လုပ်ဆောင်ခဲ့သည်ဟု မွတ်ဆလင် ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းဆန်အိတ်များကို မောင်တောမြို့ ရပ်ကွက် (၁) မှ အိမ်ထောင်စု ၁၉၀ ရပ်ကွက် (၂) မှ အိမ်ထောင်စု ၆၁၃ စု၊  ရပ်ကွက် (၃) မှ အိမ်ထောင်စု ၁၀၄ စု၊ ရပ်ကွက်(၄) မှ အိမ်ထောင်စု ၁၈၇ စု၊ ကညင်တန်းရပ်ကွက်မှ အိမ်ထောင်စု ၆၀၆ စု၊ မောင်နီရပ်ကွက်မှ အိမ်ထောင်စု ၃၁၉ စု၊ စုစုပေါင်း ၂၀၁၉ စုအား ဖြန့်ဝေပေခဲ့သည်ဟု စစ်ကောင်စီပိုင် မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်းပြင် ဂိုဒေါင်ထဲမှ  ပစ္စည်းများကို  AA လက်ထဲ မရောက်ရှိစေရေးအတွက် အနီးအနားမှာရှိ လုံခြုံသို့ နေရာများကို ဇွန်လ ၂၁ ရက်နေ့ကတည်းက စတင်ရွှေ့ပြောင်းခဲ့ကြောင်း၊  ဇွန်လ ၂၂ ရက်နေ့မှာတော့ AA အနေဖြင့်  Drone များဖြင့် ကင်းထောက်ထောက်လှမ်းပြီး အဲဒီ WFP ဂိုဒေါင်တွေကို Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စသဖြင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

“ လက်ရှိ စစ်ကောင်စီဟာ နိုင်ငံတော်ရဲ့ တာဝန်အရှိဆုံး အဖွဲ့အစည်း ဖြစ်တဲ့ အတွက် ဒီလို ဆန်အိတ်တွေကို ဖောက်ထွင်း ယူဆောင်တာကို ဥပဒေနည်းလမ်းအရ  ရန်ကုန်မှာရှိနေတဲ့ WFPကို ကြိုတင် အကြောင်းကြားတာရှိခဲ့သလား၊ ဒါမှ မဟုတ် ဖောက်ထွင်းယူဆောင်ပြီးနောက်မှာကော အကြောင်းကြားတာ ရှိခဲ့သလား။

 ဒါမျိုးမတွေ့ရဘူး။  WFP ရဲ့ထုတ်ပြန်ချက်ကို ကြည့်ရင်လည်း ဒီလို အကြောင်းကြားခဲ့ တာမျိုးမတွေ့ရဘူး။ ခွင့်ပြုချက်မရှိဘဲ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုပိုင် ပစ္စည်းတွေကို ယူဆောင်ပြီး ကိုယ့်သဘောနဲ့ ကိုယ်ဖြန့်ဝေတယ်ဆိုတာက လုံး၀ မဖြစ်သင့်တဲ့ ကိစ္စပဲ။  ဒါက အကြမ်းဖက်တဲ့ လုပ်ရပ်သာဖြစ်ပါတယ်” ဟု မောင်တော ဒေသခံ ရခိုင်နိုင်ငံရေး သမား တစ်ဦးက သုံးသပ်ပြောဆိုသည်။

အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်ထဲတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့၊ ညနေ (၅) နာရီအချိန်ခန့်တွင် ဖက်ဆစ်စစ်ကောင်စီနှင့် ၎င်းတို့မှ အကြမ်းဖက်သင်တန်းပေးထားသော လက်နက်ကိုင်မူဆလင်များပူးပေါင်းပြီး မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်များနှင့် လူနေအိမ်တချို့အား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဗွီဒီယိုမှတ်တမ်းနှင့် တကွ ထုတ်ပြန်ခဲ့သည်။

၎င်းဂိုဒေါင်များမှ ဘိလပ်မြေဟုယူဆရသော အထုပ်များကိုယူကာ ခရိုင်ကျေးလက်ရုံး၌ ခံစစ်ပြင်ဆင်နေသည်ဟုလည်း AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာရက္ခတပ်တော်က ဗွီဒီယိုမှတ်တမ်းနှင့် တကွ ထုတ်ပြန်ခဲ့ပြီးနောက် ဗိုလ်ချုပ်ဇော်မင်းထွန်း တုံ့ပြန် ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ  ဂိုဒေါင်များတွင် အရေးပေါ်ကယ်ဆယ်ရေးရိက္ခာ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားပြီ ၎င်း WFP ၏ သိုလှောင်ရုံကို ဖောက်ထွင်းလုယက်ကာ မီးရှို့သည့် လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း WFP က ဇွန် ၂၅ ရက်နေ့က ကျေညာချက် ထုတ်ပြန်ထားသည်။

Most read this week

June 28, 2024
တောဟိန်းတောင်ဗျူဟာကျသွားပြီးနောက် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အနီးထိ...
June 27, 2024
မြန်မာစစ်အစိုးရက လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ၀ယ်ယူမှုတွင် နိုင်ငံခြားဘဏ်များက...
June 26, 2024
ရခိုင်ပြည်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံ တပ်ဖွဲ့များ နေရာယူထားသည့်...
June 25, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ခမရ(၅၆၆)တပ်ရင်းမှ မိသားစုနှင့်အတူ တပ်သားတချို့...