စစ်တပ်ရဲ့ လေကြာင်းတိုက်ခိုက်မှုကြောင့် ဝူယန်၊ လမြန်၊ မုတ်ကျိတ် စတဲ့ ကျေးရွာတွေ အားလုံးနီးပါး ထိခိုက်ပျက်စီးမှုများ

စစ်တပ်ရဲ့ လေကြာင်းတိုက်ခိုက်မှုကြောင့် ဝူယန်၊ လမြန်၊ မုတ်ကျိတ် စတဲ့ ကျေးရွာတွေ အားလုံးနီးပါး ထိခိုက်ပျက်စီးမှုများ

ဝိုင်းမော်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဝူယန်၊ လမြန် နဲ့ မုတ်ကျိတ် ကျေးရွာတစ်ကြောကို စစ်တပ်လေယာဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရွာလုံးကျွတ်နီးပါး နေအိမ်တွေထိခိုက်ပျက်စီးနေတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။

ဇွန်လ ၁၈၊ ၁၉ ရက်နေ့တွေမှာ ဝူယန်နဲ့လမြန်ကြား စစ်တပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က အရာရှိတစ်ဦးအပါ သေဆုံးမှုများတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဘက်ကို စစ်လေယာဉ်မျိုးစုံနဲ့ ပြင်းပြင်းထန်ထန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။

“၁၈ ရက်နေ့မှာက လမြန်ရွာထဲမှာ ဘုရားကျောင်းရှိတဲ့နေရာနဲ့ နေအိမ်အနီးမှာတွေမှာ အပြန်အလှန်တိုက်ပွဲဖြစ်ကြတာဟုတ်တယ်။ နောက်တစ်ရက်ကတော့ ဝူယန်ကနေ နန်ဇော်ယန်ဘက်ကိုကွေ့သွားတဲ့ လမ်းကြားဘက်မှာတိုက်ပွဲပြန်ဖြစ်တယ်။ အဲဒီ နှစ်ရက်ဖြစ်တဲ့တိုက်ပွဲမှာ သူတို့ဘက်က ထိခိုက်သေဆုံးသွားတာများတယ်။ အဲထဲမှာ အရာရှိတစ်ယောက်တောင်ပါတယ်။ အဲကြောင့် နောက်ရက်တွေမှာက တိုက်ပွဲမဖြစ်တော့ပေမယ့် လမြန်၊ မုတ်ကျိတ်တစ်ကြော လေယာဉ်နဲ့ လာပစ်တယ်။ လက်နက်ကြီးတွေပစ်တယ်”လို့ပြောပါတယ်။

တိုက်ပွဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေ ထိခိုက်သေဆုံးတာတွေများတဲ့အတွက် KIA ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ လမြန်၊ မုတ်ကျိတ် ဘက်ကို ဦးတည်ပြီး တစ်ရက်ကို မနက်၊ နေ့လည်၊ ညအချိန် ၃ ကြိမ်အထက် လက်နက်ကြီးပစ်ခတ်တာတွေ၊ ဂျက်၊ Y -12 လေယာဉ်အမျိုးအစားတွေနဲ့ အဆက်မပြတ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

အခုလို စစ်တပ်ရဲ့ တန်ပြန်ပစ်ခတ်ခံရတာကြောင့် ကားလမ်းမကြီးတစ်ကြောမှာရှိတဲ့ ဝူယန်၊ လမြန်၊ မုတ်ကျိတ်၊ နမ့်ဝါ၊ ဝါးရှောင် စတဲ့ ကျေးရွာတွေမှာ နေအိမ်ထိခိုက်ပျက်စီးတာတွေ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီကျေးရွာတွေထဲကနေ လမြန်နဲ့ မုတ်ကျိတ်က ထိခိုက်မှုအများဆုံးဖြစ်ပြီးတော့ ထိခိုက်ပျက်စီးမှုအဆုံးရွာဆုံးက လမြန်ကျေးရွာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေကပြောပါတယ်။

လမြန်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်လောက်ရှိတဲ့ ထဲကနေ ဘုရားကျောင်းအပါ နေအိမ်အားလုံးနီးပါ ထိခိုက်ပျက်စီးတာတွေရှိ‌နေတယ်လို့ လမြန်ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောပြလာပါတယ်။

“ကျနော်တို့က ဂွေထူဘက်ကို စစ်ရှောင်နေကြတယ်။ လေယာဉ်ဗုံးကြဲလို့ လမြန်က အိမ်တွေ အကုန်လုံးပျက်စီးသွားပြီလို့ သတင်းကြားလို့ လာကြည့်တာ ကျနော့ရဲ့ နှစ်ထပ်အိမ်တစ်ခုလုံး တစ်စစီအကုန်လုံးပျက်စီးသွားတယ်။ အိမ်ဝင်းမှာလည်း လေယာဉ်ဗုံးကျတဲ့ အရာတွေပဲ။ ဘေးအိမ်ကအိမ်တွေလည်း ပါသွားတယ်။ ပြီးရင် AG ဘုရားကျောင်းလည်းအကုန်ပျက်စီးသွားတယ်။ တစ်ချို့အိမ်က မပျက်စီးရင်တောင် ခေါင်မိုးသွပ်ပြားတွေ အကုန်လုံးလှန်သွားတယ်။ မထိတဲ့ အိမ်ဆိုတာ သိပ်မရှိဘူး။ အကုန်လုံး လက်နက်ကြီးအရာတွေကြီးပဲ။ သူတို့က ကားတစ်ကြောပစ်တာဆိုတော့ အကုန်ထိတာပေါ့”လို့ပြောပါတယ်။

စစ်တပ်ဘက်ကနေ ပြည်သူပိုင်နေအိမ်တွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တဲ့အပေါ်မှာ နေအိမ်တွေအများအပြား ပျက်စီးဆုံးရှုံးသွားတာကြောင့် အလွန်စိတ်မကောင်းဖြစ်မိတယ်လို့ သူကဆက်ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက KIA ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ နေရာဘက်ကို လက်နက်ကြီးတွေပစ်ခတ်တာတွေ၊ စစ်အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်ဘက်က ထိခိုက်သေဆုံးတာတွေများပြီး သေဆုံးနေတဲ့ ရုပ်အလောင်းတွေက လမြန်ကျေးရွာ ကားလမ်းမကြီးပေါ်တွေမှာ ဒေသခံတွေက မြင်တွေ့ရတဲ့အပြင် လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာလည်း ပျံ့နှံ့နေတာဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့တစ်ရက်ထဲမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ဆဒုံး– ကန်ပိုင်တည်လမ်း တစ်ကြော စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းနေထိုင်ထားတဲ့ တပ်စခန်းတွေကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်ဘက်ကနေလည်း တပ်စခန်းတွေကို လက်လွတ်လိုက်ရသလို ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာလည်း ထိခိုက်သေဆုံးတာတွေရှိနေတာကြောင့် အခုလို ပြည်သူပိုင်နေအိမ်တွေကို ပစ်မှတ်ထားပစ်ခတ်နေတာဖြစ်ပါတယ်။

Most read this week

June 28, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာရှိတဲ့ အလယ်တန်းကျောင်းဖွင့်ဖို့...
June 27, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှု(ဆိုင်းတောင်) ကျေးရွာထဲက...
June 24, 2024
ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာဖွင့်ထားတဲ့ စာသင်ကျောင်းကို TNLA လက်နက်ကိုင်တပ်ဖွဲ့က...
June 21, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဝါရွာမှာ မနေ့ကည ၁၀ နာရီခွဲဝန်းကျင် ဒရုန်းဗုံးသီး...