စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၏ ဆွေမျိုးများကို စစ်မှုထမ်းကင်းလွတ်ခွင့် ကတ်ပြားများထုတ်ပေးထား

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၏ ဆွေမျိုးများကို စစ်မှုထမ်းကင်းလွတ်ခွင့် ကတ်ပြားများထုတ်ပေးထား
ဓာတ်ပုံ- အင်တာနက်
ဓာတ်ပုံ- အင်တာနက်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၏ မွေးရပ်ဇာတိရွာမှ အမျိုးများအားလုံးကို ပြည်သူ့စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့် ကတ်ပြားများ ထုတ်ပေးထားကြောင်း စစ်ကောင်စီ၏ ရပ်ကျေးအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ဒေါ်ကြူကြူလှ၏ မွေးရပ်ဇာတိရပ်ရွာမှာ သံတွဲမြို့နယ်၊ အောက်နတ်မော်ကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာဖြစ်သည်။

အဆိုပါဇီးကျွန်းကျေးရွာမှ ဒေါ်ကြူကြူလှနှင့် ဆွေမျိုးတော်စပ်သူများကို စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့် ကတ်ပြားများကို မတ်လ ၁၄ ရက်တွင် သံတွဲခရိုင်ထွေအုပ်ရုံးက ထုတ်ပေးခဲ့ကြောင်း စစ်ကောင်စီ၏ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

" ဒေါ်ကြူကြူလှရဲ့ ဇီးကျွန်းရွာက အမျိုးတွေအားလုံးစစ်မှုထမ်းကင်းလွတ်ခွင့်ရတယ်။ စစ်မှုထမ်း ကင်းလွတ်ခွင့် ဆိုပြီး ကတ်ပြားတွေထုတ်ပေးထားတယ်။ သံတွဲခရိုင်ထွေအုပ်ရုံးကထုတ်ပေးထားတာ" ဟု ပြောသည်။

ဒေါ်ကြူကြူလှ၏ အမျိုးများစာရင်းကို ဇီးကျွန်းကျေးရွာတာဝန်ခံက ကောက်ယူပြီး သံတွဲခရိုင် ထွေအုပ်ရုံးသို့ သွားရောက်ပို့ဆောင်ပြီးနောက် စစ်မှုထမ်းကင်းလွတ်ခွင့် ကတ်ပြားများ ထုတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

" ရွာတာဝန်ခံက အမျိုးစာရင်းကောက်ပြီး သံတွဲထွေအုပ်ရုံးကို သွားပေးရတာ။ ထွေအုပ်ရုံးက စစ်မှုထမ်းကင်းလွတ်ခွင့်လက်မှတ်ပြန်ပေးလိုက်တာ" ဟု သူကပြောသည်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် စစ်မှုမထမ်းမနေရဥပဒေကို အာဏာရှင်ပီပီ ကျင့်သုံးပြီး တစ်နိုင်ငံလုံးမှလူငယ်လူရွယ်များ၏ အနာဂတ်နှင့်ဘဝကို သင်းသတ် ဖျက်ဆီးနေသော်လည်း ၄င်းဇနီး၏အမျိုးများကိုမူ စစ်မှုထမ်းကင်းလွတ်ခွင့်ပေးခြင်းမှာ ကိုယ့်ဥပဒေကို ကိုယ်မလေးစားခြင်းဖြစ်ကြောင်း ၊ လူငယ်များအနေဖြင့် တရားမျှတမှုမရှိသည့် စစ်မှုထမ်းဥပဒေကို မိမိလွတ်လပ်ခွင့်အတွက်ဆန့်ကျင်ကြရန် သံတွဲမြို့နယ်မှ လူမှုတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

"ထမ်းရမယ်ဆိုလည်း တပြေးညီထမ်းရမယ်လေ။ သူ့မိန်းမ(ဒေါ်ကြူကြူလှ) ဆွေမျိုးတွေကို ခွဲထုတ်ပြီး ကျန်တဲ့ လူငယ်တွေကို ဖိအားပေးတာမျိုးတော့ ဘယ်တရားမလဲ။ ပြောရရင် စစ်မှုထမ်း ဥပဒေ  အသက်သွင်း ထုတ်ပြန်တာကိုက နိုင်ငံ အနာဂတ်လူငယ်အားကို သင်းသတ်ပစ်လိုက်တာပဲ။ စစ်မှုထမ်း ဥပဒေကို လူငယ်တွေအနေနဲ့ ကိုယ့်လွတ်လပ်ခွင့်နဲ့ ဆန့်ကျင်ကြဖို့တိုက်တွန်းပါတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

သံတွဲမြို့နယ်တွင် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို မတ်လ ၆ ရက်တွင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ယခုမတ်လ ၁၈ ရက်ကစတင်၍ ကျေးရွာအုပ်စုတစ်ခုမှ လူငယ်နှစ်ဦးစီစုဆောင်းရမည်ဖြစ်ပြီး လေးလတကြိမ်စီ လူသစ်စုဆောင်းပေးရမည်ဟု စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ရပ်ကျေး အုပ်ချုပ်ရေးမှူးများကိုအတင်းအကျပ်စေခိုင်းထားထားကြောင်းလည်း ဒေသခံများကပြောသည်။

Most read this week

October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...