စစ်တပ်က ကယ်ထုတ်ဖို့ ခွင်မပြုတဲ့အတွက် အောင်မြေ (၂) ဒေသခံပြည်သူရာချီပိတ်မိခံထားရဆဲဖြစ်ပြီး အစားအသောက်ပြတ်လပ်

စစ်တပ်က ကယ်ထုတ်ဖို့ ခွင်မပြုတဲ့အတွက် အောင်မြေ (၂) ဒေသခံပြည်သူရာချီပိတ်မိခံထားရဆဲဖြစ်ပြီး အစားအသောက်ပြတ်လပ်
ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ဒေသခံပြည်သူများ Photo – Sama MuNa
ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ဒေသခံပြည်သူများ Photo – Sama MuNa

တိုက်ပွဲကြေင့် ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေကို စစ်တပ်က ကယ်ထုတ်ဖို့ ခွင့်မပြုတာကြောင့် ဒေသခံရာချီပိတ်မိနေဆဲဖြစ်ပြီး ထွက်လာတဲ့ သူတွေပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရပါတယ်။

မတ်လ ၈ ရက်နေ့ကစပြီး ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေကို ရွာထဲကနေ ထွက်လာလို့မရအောင် ရွာအဝင်ထွက်အားလုံးကိုဝါးလုံးတန်း ပိတ်ဆို့ထားတာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ ဒေသခံပြည်သူတွေကို ကယ်ထုတ်ဖို့ ညှိနှိုင်းလို့မရတဲ့ အခြေအနေမှာရှိနေတယ်လို့ ညှိနှိုင်းကူညီပေးနေတဲ့ တာဝန်ရှိသူတစ်ယောက်က KNG ကိုပြောပါတယ်။

“နည်းလမ်းတွေရှာပေမယ့် ထွက်ရင်ပစ်မယ်ဆိုတဲ့  အနေအထားမှာရှိနေတယ်။ စစ်တပ်က ရွာသားတွေအားလုံးကို ရွာဘုန်းကြီးကျောင်းတွေမှာ ပိတ်ထားပြီးတော့ သူတို့က ရွာထဲမှာ စစ်ရေးလှုပ်ရှားနေကြတယ်။ အောင်မြေ(၁)တို့ ထွက်မယ်ဆိုရင်လည်း ဝါးလုံးတန်းပိတ်ထားတယ်။ ရွာသားတွေနဲ့ ဘာသာရေးဆိုဒ်တွေနဲ့ ညှိနှိုင်းကြည့်တယ်။ ဘယ်လို ညှိညှိအဆင်မပြေဘူး။ နောက်ဆုံး PCG နဲ့ ညှိနှိုင်းပေမယ့် တိုင်းမှူးက အဖြေမပေးသေးဘူး”လို့ပြောပါတယ်။

ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေ ရွာထဲက ကယ်ထုတ်ဖို့ရန်အတွက် ဒေသဘုန်းကြီးဆရာတော်တွေနဲ့ ဘာသာရေးအဖွဲ့အစည်းကတာဝန်ရှိသူတွေညှိနှိုင်းဆောင်ရွက်ခဲ့သလို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ထပ်မံညှိနှိုင်းပြောဆိုပေမယ့် ကချင်ပြည်နယ် မပခတိုင်းမှူးက တစ်စုံတစ်ရာပြန်လည်ပြောကြားပေးခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။။

မတ်လ ၁၁ ရက်နေ့ ဒီကနေ့အထိ အောင်မြေ(၁)၊ အောင်မြေ(၂) ကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ခုလို ကျေးရွာအတွင်းမှာ ပိတ်ဆို့ခံထားရတာကြောင့် အစားအသောက်ပြတ်လပ်တဲ့အပြင် ရွာသားတစ်ချို့က လက်နက်ကြီးထိပြီး သေဆုံးသွားတဲ့သူတွေရှိနေတယ်လို့ သူကဆက်ဆိုပါတယ်။

“ဒေသခံတွေထွက်ချင်တာက ရွာထဲမှာ အစားအသောက်ခက်တယ်။ ကလေးတွေ ဒုက္ခရောက်နေတယ်။ ရွာထဲမှာသေဆုံးတဲ့သူတွေလည်းရှိနေတယ်။ သေဆုံးတဲ့သူတွေကိုတောင် ရွာရဲ့ခြံဝင်းနေရာတွေမှာ မြေမြှုပ်သဂြိုလ်ခိုင်းတယ်။ ဘယ်လိုမှထွက်လို့မရဘူး။ မြောက်ပိုင်းဘက်ကလည်း လက်နက်ကြီးပစ်တယ်။ လေကြောင်းနဲ့လည်း ဗုံးလာကျဲတယ်။ ဒရုန်းနဲ့လည်းပစ်ခံရတယ်။ မြေပြင်မှာလည်း ပစ်ခတ်နေကြတော့ ရွာသားတွေကကြောက်ပြီးအကုန်ထွက်ချင်ကြတယ် ဒါကြောင့် အကုန်ထွက်နိုင်ဖို့ ကြိုးစားနေကြတာဟုတ်တယ်”လို့ပြောပါတယ်။

အောင်မြေ(၂) ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိလောက်နေထိုင်ကြပြီး လက်ရှိမှာ ဒေသခံပြည်သူအားလုံးနီးပါးလောက်က ထွက်လာလို့မရအောင် ပိတ်ဆို့ခံထားရတာဖြစ်ပါတယ်။

ပိတ်ဆို့ခံထားရတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေ အမြန်ဆုံးကယ်ုထုတ်နိုင်ဖို့ရန်အတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်အပါ တိုင်းမှူးကို တင်ပြထားဆဲဖြစ်ပြီး တာဝန်ရှိတဲ့ သူတွေဘက်ကနေ ပြန်လည်ပြောကြားလာဖို့ကို စောင့်ဆိုင်းနေတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံပြည်သူတွေ ကယ်ထုတ်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ ဝါးရှောင်ဆရာတော်က အခုလိုပြောကြားပါတယ်။

“ပြောထားတာက ဝန်းကြီးချုပ်ကိုလည်းပြောထားတယ်။ ဝန်ကြီးချုပ်က တရားဝင်ဖြစ်အောင် စာတင်ပေးမယ်ပေါ့။ တိုင်းမှူးဆီကိုလည်းပြောထားခိုင်းတယ်။ နောက် PCG ကိုလည်းပြောခိုင်းထားတယ်။ KIA ကိုလည်း တိုက်ပွဲမဖော်ဆောင်ပေးဖို့ပြောထားတယ်။ ဘုန်းဘုန်းတို့ သွားကယ်ဖို့ စောင့်နေကြတယ်။ အဓိကတော့ တိုင်းမှူးရဲ့ ပြောဆိုလာတာကိုစောင့်နေတာပေါ့”လို့ပြောကြားပါတယ်။

တိုက်ပွဲကြောင့် အောင်မြေ(၂) ရွာထဲမှာရှိတဲ့ ရေတိုင်ကီတွေ ပျက်စီးသွားတာကြောင့် တစ်ရွာလုံးက ရေတင်လို့ မရသလို အစားအသောက်တွေပြတ်လပ်သွားပြီး ဒေသခံတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ ဝါးရှောင်ဆရာတော်က ဆက်ပြောကြားပါတယ်။

အောင်မြေ(၁) ဒေသခံပြည်သူတွေကိုတော့ မတ်လ ၁၀ ရက်နေ့ည နေပိုင်းအထိ ဆမားဇုံနယ် KBC နှစ်ခြင်းအသင်းတော်က ဦးဆောင်ပြီး စစ်ဘေးရှောင် ၁၀၀၀ ကျော်ခန့်ကို ဝိုင်းမော်မြို့နယ် စန်ကားနဲ့ နောင်ဟီး စတဲ့ ကျေးရွာ ၂ ခုမှာ ကယ်ထုတ်နိုင်ပြီဖြစ်ပါတယ်။

လက်ရှိမှာ ကယ်ထုတ်နိုင်ဖို့ရန်အတွက် အောင်မြေ(၂) ကျေးရွာ ဒေသခံပြည်သူတွေကိုသာ ကျန်ရှိနေတာဖြစ်ပြီး တာဝန်ရှိတဲ့ သူတွေက ညှိနှိုင်းဆောင်ရွက်နေတဲ့ အခြေအနေမှာရှိနေပါတယ်။

လက်ရှိ အောင်မြေ(၁)၊ အောင်မြေ(၂) မှာဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေဟာ စစ်ကောင်စီတပ်တွေက အောင်မြေ(၂) ကျေးရွာမှာ စစ်အင်အား ၂၀၀ ဝန်းကျင်လောက်ရှိနေပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက အောင်မြေ(၁) ကျေးရွာမှာရှိနေကြတာဖြစ်ပါတယ်။

စစ်တပ်က KIA ထိန်းချုပ်ထားတဲ့ အောင်မြေ(၁) ကျေးရွာကို ပြန်လည်ရရှိဖို့ရန်အတွက် အောင်မြေ(၂) ဒေသခံပြည်သူတွေကို အကာကွယ်ယူပြီး KIA ရှိတဲ့ ဘက်ကို တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အောင်မြေ(၁)၊ အောင်မြေ(၂) နဲ့ တစ်ဆက်တည်းရှိတဲ့ ရွှေညောင်ပင်ကျေးရွာကိုလည်း KIA ပူးပေါင်းတပ်တွေက ဝိုင်းရံပိတ်ဆို့ထားပြီး အဲဒီနယ်မြေ တစ်ကြောအားလုံးကို KIA က စစ်အင်အားအလုံးအရင်းနဲ့ ထိန်းချုပ်ထားတာကြောင့် စစ်တပ်ဘက်နေ အားလုံးပြန်ရယူဖို့ ကြိုးစားနေတာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်စကနေ စပြီး ရွှေညောင်ပင်စစ်ကောင်စီတပ်စခန်းနဲ့ အောင်မြေ(၂) လီဆူပြည်သူ့စစ်တပ်စခန်းကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ မတ်လ ၁၁ နေ့အထိ နှစ်တပ် စစ်ရေးတင်းမာနေတဲ့အပြင် တိုက်ပွဲပြင်းထန်နေဆဲလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...